ယုဒရှကာရုတ်သည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, December 30, 2021

ယုဒရှကာရုတ်သည် မည်သူနည်း


၁။ မည်သို့ထင်ရှားသနည်း။

            ယုဒရှကာရုတ်ကို လူအများသတိပြု၊ အမှတ်ရစရာတစ်ခုသာရှိသည်။ ၎င်းမှာခရစ်တော်အား သစ္စာဖေါက်ခြင်းသာ ဖြစ်သည်။ သူသည် တပည့်တော် တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး၊ ခရစ်တော်နှင့်အတူ သုံးနှစ်တိုင်တိုင်အတူပါ ရှိလျက် နောက်တော်လိုက်ခဲ့သူဖြစ်သည်။

 

၂။ မည်သို့သောအမှုများပြုခဲ့သနည်း။

            ယုဒရှကာရုတ်သည် ခရစ်တော်ဘုရား၏ သာသနာတော်၌....

(၁) သက်သေခံမျှဝေခြင်းပြုခဲ့သည်။

(၂) ခရစ်တော်၏တရားတော်များကို သွန်သင်မှုပြုခဲ့သည်။

(၃) နမိတ်လက္ခဏာများကိုလည်း အတူတကွပြုခဲ့သည်။

(၄) ဘဏ္ဍာထိန်းလည်းဖြစ်ခဲ့သည်။

            ထိုအထဲတွင် အခြားသူများမမြင်သော်လည်း ဘုရားသခင်မြင်တော်မူ၍ နှုတ်ကပတ်တော်၌ မှတ်တမ်းတင်ခဲ့သည်က “ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များ သုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း” (ယော၊ ၁၂:၆)။

 

၃။ နံမည်တူ လူတူမရှား။

            နှုတ်ကပတ်တော်တွင် ယုဒဟူသောအမည်သည် ထိုခေတ်ကခေတ်စားသည်ဆိုရမည်။ ထို့ကြောင့် နှုတ်ကပတ်တော် တွင်ယုဒဟူသောအမည်ကို နေရာများစွာ၌မြင်တွေ့နိုင်သည်။ အခြားတစ်ပည့်တော်တစ်ဦးအမည်မှာလည်း ယုဒဖြစ်သည် (ယော၊ ၁၄:၂၂)၊ ထို့အတူ ခရစ်တော်ဘုရား၏ ဝမ်းကွဲညီတော်တစ်ဦးမှာလည်း ယုဒသာဖြစ်ပြန်ပါသည် (မာ၊ ၆:၃)။ ထို့ကြောင့် ကွဲပြားခြားနားစေသောငှါ ယုဒအား “ထိုသို့မိန့်တော်မူသော်၊ ထကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏ သား ယုဒရှကာရုတ်ကို ဆိုလိုသတည်း” (ယော၊ ၆:၇၁) ဟူ၍ သူ၏ ဂုဏ်ပုဒ်ကိုဖေါ်ပြထားပါသည်။


၄။ ဘာကြောင့် သစ္စာဖေါက်ခဲ့သနည်း။

            ယုဒရှကာရုတ်သစ္စာဖေါက်ရခြင်းအကြောင်းများကိုကြည့်လျင်...

            (၁) ငွေကိုမတောလောဘဖြင့် တပ်မက်သူ။

            (၂) သူခိုးဖြစ်ခြင်း။

            (၃) ငွေရလျင် ဘနဖူးသိုက်တူးမည့်သူဖြစ်ခြင်း။

            စသောအကြောင်းတရားများက သူ့စိတ်ထားကိုဖေါ်ပြထားပါသည်။ “ထိုအခါ တပည့်တော်တကျိပ်နှစ်ပါး အဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား၍၊ အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့ လက်သို့ အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ် သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏” (မ၊ ၂၆:၁၄-၁၅)။

 

၅။ ခရစ်တော်ဘုရား၏ မေတ္တာဖြင့်ကမ်းလင့်ခြင်းများ။

            လူအများရှေ့တွင် ယုဒရှကာရုတ်မည်သို့ပင် ဟန်ဆောင်နေစေဦးတော့ ခရစ်တော်ဘုရားက သူ့အဖြစ်ကို ကောင်းစွာ သိမြင်တော်မူပြီးဖြစ်သည်။ ထို့ကြောင့်လည်း "ယေရှုကလည်း၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ် လော။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ၏" (ယော၊ ၆:၇၀) ဟူ၍ဖေါ်ပြထားပါသည်။

            ခရစ်တော်ဘုရား၏ သူ၏နောက်ဆုံးညစာစားပွဲတွင်လည်း ယုဒရှကာရုတ်၏ သစ္စာဖေါက်မည့်အရေးကို ကြိုတင်၍ အောက်ပါအတိုင်းမိန့်တော်မူခဲ့သည်။ “ယေရှုကလည်း၊ ဤမုန့်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန်၏ သားယုဒရှကာရုတ်အား ပေးတော်မူ၏။” (ယော၊ ၁၃:၂၆)။

 

၆။ သာသနာ၌ရှိသော သာသနာပလူ။

            ယုဒရှကာရုတ်သည် ခရစ်တော်ဘုရား၏ တရားစကားနှင့် မေတ္တာတရားကို နားလည်ခံစားနိုင်ခြင်းမရှိခဲ့။ ထို့ကြောင့် ခရစ်တော်ဘုရားက “ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံး စင်ကြယ် ၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည့် သူကို သိတော်မူသော ကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း” (ယော၊ ၁၃:၁၀-၁၁)။ ထိုသို့ဆိုခြင်းဖြင့် ယုဒရှကာရုတ်သည် ဆေးကြောခြင်းမခံရသူ၊ ဘုရားအိမ်တော်သားမဖြစ်သေးသူ၊ ဘုရားအနွယ်ဝင်အဖြစ်ရှိမနေသူဟူ၍ ကျွန်ုပ်တို့သိနားလည်ရပါသည်။

            ထို့နည်းတူ ယုဒရှကာရုတ်သည် ဘုရားမေတ္တာဘုရားတန်ခိုးတော်ထက် စာတန်မာရ်နတ်၏အတွင်းလူစင်စစ်ဖြစ်ခဲ့မှု ကိုအောက်ပါအတိုင်းမြင်တွေ့ရပါသည်။“ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုက လည်း၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။” (ယော၊ ၁၃:၂၇)။

 

၇။ လူလူချင်း၌ ကြည်ညိုဖွယ်ရှိစွာနေထိုင်ပြုမူတတ်သူ။

            ယုဒရှကာရုတ်သည် အထက်ဖေါ်ပြပါအရည်အချင်းဆိုးများစွာရှိသော်လည်း  အခြားတပည့်တော်များတို့သည် သူ့သရုပ်မှန်ကိုလုံးဝမသိရှိခဲ့ကြ။ ခရစ်တော်ဘုရားက သူ့အားသစ္စာဖေါက်၍ အပ်နှံမည်ဟူ၍ဆိုနေသည့်တိုင်အောင် သူတို့မှာ မည်သူနည်းဟူ၍သာလျင် အတွေးနယ်ချဲ့နေခဲ့ကြသည်။ “ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင်တစုံတယောက် သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက် မိန့်တော် မူ၏။ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏” (ယော၊ ၁၃:၂၁-၂၂)။

            ယုဒရှကာရုတ်အား မည်သူမှသံသယမဝင်ခဲ့ကြ။ ထို့ကြောင့်လည်း တပည့်တော် ဆယ်နှစ်ပါးတွင် သူသည် သစ္စာ အရှိဆုံးအဖြစ်နှင့် ဘဏ္ဍာထိန်းပင်ဖြစ်လျက်ရှိပါသည်။ ထိုအခါ ခရစ်တော်ဘုရားက “ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ ၏” (ယော၊ ၁၃:၂၇)။

အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။ အချို့တို့က၊ ယုဒရှ ကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသော သူတို့အား တစုံတခုကိုပေးလော့ဟူ၍၎င်း။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ၏။ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကို ခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏” (ယော၊ ၁၃:၂၈-၃၀)။

 

၈။ ဟန်ဆောင်လျက် အနမ်းပေးခဲ့သူ။

            ယုဒရှကာရုတ်သည် လူမြင်ကောင်းသောအမှုများကိုပြုသော်လည်း နောက်ကွယ်တွင် လျို့ဝှက်ချက်များဖြင့် ပြည့် နှက်နေသူတစ်ဦးလည်းဖြစ်သည်။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ် သည် လူအပေါင်းတို့ကို လမ်းပြ လျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။ယေရှုကလည်း၊ ယုဒသင်သည် နမ်းခြင်းကို ပြုလျက် လူသားကို အပ်သလောဟု မေးတော်မူ၏” (လု၊ ၂၂:၄၇-၄၈)။

 

၉။ အမှားသိသော်လည်း အထံတော်သို့မတိုးဝင်လိုသူ။

            ယုဒရှကာရုတ်သည် ငွေသုံးဆယ်အတွက် သခင့်ကိုရောင်းစားပြီးနောက် စိတ်မကောင်းဖြစ်ခဲ့ရသည်မှန်သော်လည်း နှုတ်ကပတ်တော်က “ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကိုသိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍” (မ၊ ၂၇:၃) ဟူ၍တွေ့ရပါ သည်။

            သို့သော်လည်း ယုဒရှကာရုတ်သည် စစ်မှန်သော နောင်တ (Repentance = Turning Back) အစား ဝမ်းနည်းခြင်း (Remorse = Sorrow) ကိုသာခံစားခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်းဘုရားအထံတော်သို့ တိုးဝင်၍ အပြစ်လွတ်ခြင်းကို ခံယူရမည့်အစား မိမိဘဝကိုမိမိသာလျင်စီမံမှုပြုခဲ့သူလည်းဖြစ်သည်။ “သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့ သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏” (မ၊ ၂၇:၅)။

 

၁၀။ ဘုရားအသုံးပြုတိုင်း ဘုရားအတွင်းလူမဟုတ်ပါ။

            ယနေ့လူများစွာတို့က သမ္မာတရားအထက်တွင် ဆရာသမားနှင့် မိမိမြတ်နိုးသူများကိုထား၍ ကာကွယ်တတ်ကြ သည်။ အထူးသဖြင့် ဘုရားအသုံးပြုတဲ့သူမို့ ဘုရားလူဟူ၍ ဆိုသောစကားမှာ လွန်စွာလွဲမှားနေပါသည်။ ထိုဘုရားအသုံးပြုသူ များထဲမှ အချို့ကိုဖေါ်ပြရလျင်။

            (၁) ယုဒရှကာရုတ်။

            (၂) ဗာလမ်အားလမ်းမှန်ပြပေးခဲ့သောမြည်း။

            (၃) ဧလိယအားကျွေးမွေးမှုပြုသောကျီးအ။

            စသည်တို့သည် မည်သို့ပင်အဆိုးပြုစေတော့ သာသနာအတွက်အကောင်းဖြစ်စေခြင်းငှါ ဘုရားသခင်သည်အချည်း နှီးမဖြစ်စေပဲ သာသနာအတွက် “ဆူးညောင့်အစား သရဖူအဖြစ်ပြောင်းခဲခြင်း” ကိုအောက်ပါအတိုင်းတွေ့ရပါသည်။ “ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ် ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက် လျှင်၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ၏” (မ၊ ၂၆:၂၄-၂၅)။

 

၁၁။ ဘာသာရေးအရေခြုံများ။

            ယုဒရှကာရုတ်သည် သူရရှိခဲ့သောငွေကြေးအား ပြန်လည်၍သွားပေးသောအခါတွင် အောက်ပါအတိုင်းတွေ့ရသည်။ ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ၍ အသွေး၏အဘိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊ တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တပါးအမျိုးသားတို့၏သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ၏။ ထိုအကြောင်းကို အစွဲပြု ၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏” (မ၊ ၂၇:၆-၈)။

            ညစ်ညူးသည်ဟူ၍ ငွေကိုငြင်းခဲ့သော်လည်း ထိုငွေသည် ထိုဗိမာန်တော်မှပင်ထွက်လာခဲ့ခြင်းဖြစ်သည်။ လူသတ်ရန် ကြံစည်စဉ်ကပင် ညစ်ညူးလျက်ရှိနေသော ထိုငွေနှင့် ထိုသူများသည်တစ်သားတည်းဖြစ်သည်ကိုမသိ၊ ဘာသာရေးကိုပင် ယခုအခါခုတုံးပြုလျက် “အသွေးငွေဖြစ်၍ ဘဏ္ဍာတိုက်သို့မသွင်းရ” ဟူ၍ဆိုခဲ့ကြပြန်ပါသည်။

 

၁၂။ ဓမ္မ၏ စီရင်ခြင်းကိုခံရသူ။

            မြန်မာစကားတွင် “ဓမ္မံဟနတိ ဓမ္မောဟနတိ” တရားကိုလွန်ကျူးသောသူသည် တရား၏စီရင်ခြင်းကို ခံရမည်ဟု ဆိုထားသလို၊ နှုတ်ကပတ်တော်ကလည်း “နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရား တော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်” (သု၊ ၁၃:၁၃) ဟူ၍တွေ့ရသည့်အတိုင်း ဘဝနိဂုံးအဆုံးသတ်မလှခဲ့ပါ။

ညီအစ်ကိုတို့၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည်ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။ ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကိုခံရပြီ။ ထိုသူသည် မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ” (တမန်၊ ၁:၁၆-၁၈) ဟူ၍တွေ့ရသည်။

အထက်တွင် ယုဒသည်ကြိုးဆွဲချသေသည်ဟူ၍သာ ကျွန်ုပ်တို့သိရပြီး၊ တမန်တော်၌ ယုဒသည်မိမိကိုယ်ကိုမိမိ ကြိုးဆွဲချသေသည့်နောက် ထိုသေခြင်းကပင်လျင် ထိုအသွေးနှင့်စွန်းထင်း၍နေသော ငွေဖြင့်ဝယ်ယူထားသောနေရာဖြစ်ပြီး၊ ထို့နောက်မြေသို့ပြုတ်ကျ၍ အူထွက်လျက်ပေါက်ကွဲခဲ့ရသည်ကို အသေးစိတ်ဖေါ်ပြထားပါသည်။

 

၁၃။ ခြုံငုံ၍ သင်ခန်းစာယူစရာများ။

ယုဒရှကာရုတ်သည် သုံးနှစ်တိုင်တိုင် ခရစ်တော်ဘုရား၏ သာသနာတွင်အတူရှိနေပြီး၊ နောက်တော်သို့လိုက်ပါလျက် သစ္စာဖေါက်မှုပြုရန်မှာ လွယ်ကူသောအရာမဟုတ်ပါ။ ယုဒရှကာရုတ်အသက်တာမှ သင်ခန်းစာယူစရာမှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် သေးငယ်သောအရာပင်ဖြစ်နေပါစေ သတိပြုကြရန်လိုကြောင်းမြင်တွေ့ရပါသည်။

အထူးသဖြင့်ပြင်ပသဏ္ဌာန်သည် လှည့်စားတတ်ကြောင်းကိုလည်း ကျွန်ုပ်တို့သတိပြုဆင်ခြင်စရာပင်ဖြစ်သည်။ ထို့ ကြောင့်လည်း ခရစ်တော်ဘုရားက ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်း မသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်” (မ၊ ၇:၂၂-၂၃) ဟူ၍ အတိ အလင်းပင်မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။


နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

 

မှတ်ချက်။ ။ Who was Judas Iscariot? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages