ခရစ်ယာန်ထိမ်းမြားမင်္ဂလာ အစီအစဉ်လမ်းညွန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 10, 2022

ခရစ်ယာန်ထိမ်းမြားမင်္ဂလာ အစီအစဉ်လမ်းညွန်

 


သတို့သမီး/သား အသင့်ရှိခြင်း

            မင်္ဂလာအခမ်းအနားများတွင် အခမ်းအနားမစတင်မှီ ၁၅ မိနစ်အလို၌ သတို့သား၊ သတို့သမီးနှင့်အတူ အရံမှအစ အသင့်ရှိ၍ နေရာအသင့်ယူထားရပါမည်။

 

မင်္ဂလာတီးလုံး

            မင်္ဂလာတီးလုံး (သို့) ချီးမွမ်းခြင်းများလည်း မစတင်မှီ ၅ မိနစ်ခန့်တွင် အသင့်အနေအထားဖြင့် နေရာ ယူ ထားရမည်။

 

မင်္ဂလာဖယောင်းတိုင်ထွန်းညှိခြင်း

            အချို့သောသူများက မီးလုံး (သို့) ဖယောင်းတိုင်အစရှိသဖြင့် ဧည့်သည်များမဝင်ရောက်လာမှီ ထွန်းညှိ၍ ထားကြ သည်။ အချို့အခမ်းအနားများတွင် ဧည့်ကြိုများမှ ကြိုတင်၍ တာဝန်ယူဆောင်ရွက်လေ့ ရှိကြသည်။

 

  ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းသည် 

ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် 

စင်ကြယ်ခြင်းအသက်တာဖြင့် 

ထိမ်းမြား ခြင်းဖြစ်သောကြောင့်.....

 

ခရစ်ယာန်မင်္ဂလာအခမ်းအနားကျင်းပခြင်း

            ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းသည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် စင်ကြယ်ခြင်းအသက်တာဖြင့် ထိမ်းမြား ခြင်းဖြစ်သောကြောင့် ကျက်သရေမင်္ဂလာရှိလှပါသည်။ အထူးသဖြင့် နှုတ်ကပတ်တော်နှင့် အညီ ထိမ်း မြားခြင်းဖြစ်သော ကြောင့် "သန့်ရှင်းသောထိမ်းမြား”မှုမင်္ဂလာတစ်ရပ်လည်းဖြစ်ပါသည်။

 

အခမ်းအနားစတင်ခြင်း

            မင်္ဂလာအခမ်းအနားတွင် မင်္ဂလာကျူးဧသံသည် လွန်စွာအရေးပါလှသည်။ ထို့ကြောင့်လည်း အချို့သော ပွဲလမ်း သဘင်များတွင် “တူရိယာ” စုံစွာဖြင့် လိုက်လျောညီထွေစွာတီးခတ်လျက် မင်္ဂလာပွဲကို ဂုဏ်ပြု ကြသည်။

 

နှစ်ဖက်မိဘများနေရာယူခြင်း

            နှစ်ဖက်ဘိုးဘွားများတို့၏ အထောက်အမနှင့်အားပေးချီးမြင့်ခြင်းသည် ထိမ်းမြားမင်္ဂလာမောင်နှံနှစ်ဦးအဖို့ ချီးမြောက် ခြင်း၊ ကောင်းကြီးပေးခြင်းဖြစ်သောကြောင့်မင်္ဂလာတီးလုံးနှင့်အတူ အောက်ပါအတိုင်း နေရာယူ ပေးလျက်ရှိကြသည်။

  • သတို့သမီး အဖိုးအဖွားများနေရာယူထိုင်စေခြင်း
  • သတို့သား အဖိုးအဖွားများနေရာယူထိုင်စေခြင်း
  • သတို့သမီး မိဘများနေရာယူထိုင်စေခြင်း
  • သတို့သား မိဘများနေရာယူထိုင်စေခြင်းတို့ဖြစ်သည်။

 

သတို့သားဝင်ရောက်လာခြင်း

သတို့သားနှင့် ဆရာတို့အများအားဖြင့် စင်မြင့်ညာဖက်တွင်နေရာယူလေ့ရှိကြသည်။ အကယ်၍ သတို့သားအရံရှိလျင် ဆရာနှင့်အတူ အရံ၊ သတို့သားတို့ မင်္ဂလာလမ်းအတိုင်းလျောက်လာလေ့ရှိကြသည်။ ထို့နောက်သတို့သမီးဝင်လာလေ့ရှိပြီး အရံများရှိလျင် အရံများနှင့်အတူ မင်္ဂလာလမ်းအတိုင်းဝင်လာ လေ့ရှိ သည်။ ထို့နောက် ပန်းကြဲ၊ လက်စွပ်ကိုင်တို့သည်လည်း အတူချီတက်လာကြသည်။

 

မင်္ဂလာအခမ်းအနားစတင်ခြင်း

သတို့သမီးနှင့် ဖခင်ဝင်ရောက်လာခြင်း။ အများအားဖြင့် သတို့သမီးမိခင်သည် ဧည့်သည်တော်များအား မတ်တပ် ရပ်ဂုဏ်ပြုရန် ဦးဆောင်လေ့ရှိပြီး၊ တစ်ခါတစ်ရံ ဓမ္မဆရာမှ “သတို့သမီးဝင်ရောက်လာခြင်းကို မတ်တပ်ရပ်လျက် ဂုဏ်ပြုပေး ကြပါစို့” ဟု ကြော်ငြာလေ့ရှိသည်။

 

ဝတ်ပြုခြင်းစတင်ခြင်း

            ခရစ်ယာန်ထိမ်းမြားမင်္ဂလာတွင် “ချစ်သောညီအစ်ကိုများ”ဟုအစချီကာ လာရောက်ကြသော ဧည့်သည်တော်များ အားလုံးကိုလည်း “သန့်ရှင်းသောမင်္ဂလာပွဲ” ၌အတူတကွပါဝင်ဝတ်ပြုနိုင် ရန်စတင်လိုက် ခြင်းလည်းဖြစ်ပါသည်။

 

အစပြုဆုတောင်းခြင်း

            ဆုတောင်းအစပြုခြင်းသည် ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်းများနှင့်အတူ ဘုရားသခင့်လမ်းပြမှုနှင့် ပြင်ဆင်ပေးတော်မူ သောနေ့ရက်အတွက် ကောင်းကြီးတောင်းခံခြင်းနှင့်အတူ အစပြုတော့မည့်အကြောင်း ဘုရားသခင့် အတူပါရှိမှုကိုတောင်းခံ ခြင်းလည်းဖြစ်သည်။ ထိုအစီအစဉ်များတွင် တစ်ဦးခြင်း (သို့) ပရိတ်သတ်အားလုံး အတူဆုတောင်းခြင်းလည်းပြုနိုင်ပါသည်။

 

ပရိတ်သတ်များနေရာယူ

            ထိုအချိန်တွင် ပရိတ်သတ်များအား ထိုင်၍နေရာယူနိုင်ကြောင်း တောင်းခံလေ့ရှိကြသည်။

 

သတို့သမီးအပ်နှင်းရန်တောင်းခံခြင်း

            သတို့သမီးအပ်နှင်းခြင်းတွင် သတို့သမီးမိဘနှင့် သတို့သားမိဘနှစ်ပါးလုံးပါရှိခြင်းသည် လွန်စွာ အရေးပါလှပါသည်။ မိဘများမရှိတော့လျင် အုပ်ထိန်းသူ (သို့) ဆရာသမားများမှ သတို့သမီးကို အပ်နှင်းလေ့ ရှိကြသည်။

 

ဂုဏ်တော်ချီးမွမ်းခြင်း (သို့) တပင်တိုင်ကျူးဧခြင်း

            ထိုအချိန်၌ အခမ်းအနားစင်သို့ အဓိကရောက်လာပြီး ပန်းကြဲနှင့် လက်စွပ်ကိုင်သူများသည်လည်း သူတို့ မိဘများနှင့် အတူထိုင်ရန် နေရာယူကြသည်။

            မင်္ဂလာအခမ်းအနားတွင် “ဂီတ” သည်လွန်စွာအရေးပါကြောင်း အမြဲမှတ်သားသတိရပါ။ ပရိတ် သတ်များနှင့်အတူ ကျူးဧနိုင်ရန် “သံပုံ”၊ “ဓမ္မတေး” “တပင်တိုင်” အစရှိသဖြင့်သတ်မှတ်ထား ရှိနိုင်ပါ သည်။ ထို့ကြောင့် မင်္ဂလာအခမ်းအနားနှင့် စပ်ဆိုင်သော ဓမ္မတေးကိုကျူးဧရာ၌ မိမိအမြင်၊ ခံစားချက်ထက် မင်္ဂလာ မောင်နှံကို ချီးမြင့် ဧကျူးခြင်းမျိုးဖြစ်ရန် အရေးကြီး ပါသည်။

 

သတို့သမီး/သတို့သားအား ဩဝါဒပေးခြင်း

            မင်္ဂလာအခမ်းအနားများတွင် ဓမ္မဆရာမှဆောင်ရွက်လေ့ရှိပြီး နှစ်ဦးလုံး၏ ထိမ်းမြားခြင်းတွင်နှစ်ဦးလုံး မိမိတို့တာဝန် များနှင့် ထားရှိသော ကတိများကိုဖေါ်ဆောင်ရန်အသင့်ရှိစေခြင်းငှါ သတိပေးလျက် ဆုံးမစကားဆို ခြင်းဖြစ်သည်။

 

အတည်ပြုမေးမြန်းခြင်း

            ဓမ္မဆရာမှ သတို့သမီးနှင့် သတို့သားနှစ်ဦးလုံးသည် ဘုရားသခင်နှင့် ဧည့်သည်တော်များ ရှေ့မှောက်တွင် သက်သေ ထားလျက် မိမိတို့၏ သဘောဆန္ဒအတိုင်းထိမ်းမြားခြင်းဖြစ်ကြောင်း မေးမြန်းမှုပြု ခြင်းဖြစ်သည်။

 

မင်္ဂလာ ကတိသစ္စာပြုခြင်း

            ကတိသစ္စာပြုချိန်၌ သတို့သားနှင့် သတို့သမီးတို့နှစ်ဦးလုံး မျက်နှာချင်းဆိုင်လျက် နေရာယူလျက် ရှိကြ သည်။

            ထိမ်းမြားခြင်းသည် မင်္ဂလာအစီအစဉ်တွင် အဓိကဖြစ်၍ ထို့အတွက်ကျင်းပရခြင်းဖြစ်သည်။ သတို့ သမီးနှင့် သတို့သားတို့သည် ဘုရားသခင်ရှေ့လူတို့ရှေ့တွင် သက်သေတည်လျက် ကတိကဝတ်များ ပြုကြသည်။ အထူးသဖြင့် ပါရမီ ဖြည့်ဖက်ကောင်းအနေဖြင့်တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလျက် ဘုရားအလိုတော်အတိုင်း မည်သို့သော အခြေအနေပင် ဖြစ်နေ ပါစေသက်ဆုံးတိုင်အတူရှိမည့်အကြောင်း ကတိသစ္စာပြကြသည်။ ထိုကတိသစ္စာ သည် မင်္ဂလာထိမ်းမြားခြင်း၌ “ပဋိညာဉ်” ဖြစ်၍အရေးကြီးသော အခမ်း အနားလည်းဖြစ်သည်။

 

လက်ထပ်လက်စွပ်လဲလှယ်ခြင်း

            လက်ထပ်လက်စွပ်လဲလှယ်ခြင်းသည် သစ္စာရှိလျက်အတူပါရမီဖြည့်လျက်ရှိနေမည့်အကြောင်းကတိ ကဝတ်ကို ဖေါ်ကျူးခြင်း ဖြစ်သည်။ လက်စွပ်သည် “ထာဝရကာလ” ကိုညွန်းဆိုခြင်းဖြစ်သည်။ မင်္ဂလာ လက်စွပ်ကို ဆင်မြန်းခြင်းက တစ်ဦးနှင့်တစ်ဦး သက်ဆုံးတိုင်ပါရမီဖြည့်လျက် ဘုရားအလိုတော်အတိုင်း ချစ်ခင်ပေါင်းသင်းမှု ပြုမည့်အကြောင်း ကတိ ကဝတ်ပြုခြင်းဖြစ်သည်။

 

မင်္ဂလာမီးထွန်းညှိခြင်း (သို့) မင်္ဂလာကိတ်ခွဲခြင်း

            နှစ်ဦးအတူပေါင်းစည်းခြင်းကို ကိုယ်စားပြုပြီးအတူတကွ “ဒိုးတူပေါင်ဖက်” မှုကိုပြဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ဖယောင်းတိုင်အတူထွန်းညှိခြင်း (သို့) မင်္ဂလာကိတ်လှီးခြင်း (သို့) အခြားသောဓလေ့ထုံးစံများအတိုင်း တော်လျော်စွာပြု၍ မင်္ဂလာအခမ်းအနားများတွင်ပြုလေ့ရှိကြသည်။

 

ပွဲတော်မင်္ဂလာဝင်ခြင်း

            ခရစ်ယာန်ထိမ်းမြားမှုတွင် အချို့အစီအစဉ်များ၌ ပွဲတော်တစ်ပါတည်းပေးသည်များလည်းရှိကြသလို၊ အချို့အသင်း တော်များ၌ အတူကွ ပရိတ်သတ်များလည်း အတူပါဝင်မှုများဆောင်ရွက်လေ့ရှိကြသည်။

 

ကြော်ငြာခြင်း

            ဓမ္မဆရာမှ ကြော်ငြာမှုပြုစဉ် သတို့သားနှင့် သတို့သမီးတို့သည် တရားဝင်ဇနီးမောင်နှံဖြစ်သွားမှုကို လူသိရှင်ကြား ကြော်ငြာပေးခြင်းဖြစ်သည်။ ထိုအချိန်တွင် ပရိတ်သတ်များသည် မိမိတို့ရှေ့မှောက်ရှိ ထိုနှစ်ဦးမှာ “ဘုရားသခင်ထမ်းဖက် ပေးသူနှစ်ဦး” ဖြစ်ကြောင်းအသိအမှတ်ပြု၊  ကွဲကွာရန် မပြုသင့်ကြောင်း ဘုရားကတိကို အမှတ်ရဂုဏ်ပြုခြင်းဖြစ်သည်။

 

အဆုံးသတ်ဆုတောင်းခြင်း

            အဆုံးသတ်ဆုတောင်းခြင်း (သို့) ကောင်းကြီးပေးခြင်းသည် မင်္ဂလာအခမ်းအနားပြီးဆုံးခြင်းဖြစ်သည်။ ထိုသို့ပြုရာ တွင် အိမ်ထောင်သစ်နှင့်အတူ လာရောက်ကြသောပရိတ်သတ်များအပေါ်တွင် ဘုရားသခင့်အထံတော် မှငြိမ်သက်ခြင်း၊ လမ်းပြခြင်း၊ ကွယ်ကာခြင်း၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းကိုခံစားနိုင်စေရန် ကောင်းကြီးတောင်းခံ မှုပြုခြင်းဖြစ်သည်။

 

မင်္ဂလာအနမ်းပေးခြင်း

            ထိုအချိန်တွင် ဓမ္မဆရာမှ “ယခုအချိန်၌ သင့်ပါရမီဖြည့်ဖက်အား ကြင်နာမှုပေးနိုင်ပါပြီ” ဟုပြောလေ့ ရှိကြသည်။

 

အိမ်ထောင်သစ်ကို မိတ်ဆက်ပေးခြင်း

            အများအားဖြင့် ဓမ္မဆရာများမှ “ကို......နှင့် မ....” အစရှိသဖြင့် ဇနီးမောင်နှံသစ်ကို ပရိတ်သတ်အား မိတ် ဆက်ပေးခြင်း ဖြစ်သည်။

 

အစီအစဉ်တိုင်း အဆုံးသတ်ခြင်း

            ထိမ်းမြားမင်္ဂလာပြန်လည်ထွက်ခွါသောအခါ၌ အောက်ပါအတိုင်း အစီအစဉ်ပြုလျက် ထွက်ခွါလေ့ရှိကြသည်။

  • ဇနီးမောင်နှံသစ်
  • အရံများ
  • ပန်းကိုင်/လက်စွပ်ကိုင်
  • ဧည့်ကြို
  • ပရိတ်သတ်များ

အစရှိသဖြင့်ထွက်ပြီး ဧည့်သည်များအား ဇနီးမောင်နှံသစ်မှ ဘုရားကျောင်းပေါက်၌ပြည်၍ နှုတ်ဆက်လေ့ ရှိကြသည်။

 

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ ။ Christian Wedding Ceremony By Mary Fairchild အားမြန်မာမူပြုပါသည်။

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages