ဒံယေလနှင့် ခြင်္သေ့တွင်းဖြစ်စဉ် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, December 30, 2021

ဒံယေလနှင့် ခြင်္သေ့တွင်းဖြစ်စဉ်


၁။ သမိုင်းဖြစ်စဉ်။

            ဒံယေလခြင်္သေ့တွင်းကျရောက်သည့်ဖြစ်စဉ်ကို ဒံ၊ ၆ တွင်မြင်တွေ့ရပြီး နှုတ်ကပတ်တော်ရှိ လူအများအားကျ၍ စံပြုစရာတစ်ခုလည်းဖြစ်ပေသည်။ အကျဉ်းချုပ်အနေဖြင့်ဆိုရလျင် ဒါရိမင်းကြီးအနေဖြင့် ရက်သုံးဆယ်အတွင်း ဒါရိဘုရင် မင်းကြီးမှတစ်ပါးအခြားဘုရားများအား ကိုးကွယ်ခွင့်မရှိကြောင်း အမိန့်ထုတ် ပြန်သောအခါ အသက်ရှင်သောဘုရားကို ကိုးကွယ်သည့် ဒံယေလပရောဖက်လည်း အသက်ထင်ရှား ရှိနေခဲ့သည်။

 

၂။ ဒံယေလ၏ ကိုယ်ကျင့်တရား။

            ဒံယေလသည် ဥပဒေနှင့်အညီနေထိုင်သူဖြစ်ပြီး၊ စာရိတ္တကောင်းရှိသူတစ်ဦးဖြစ်သလို၊ အပြစ်တင်ခွင့်နှင့်ကင်းလွတ် သူဖြစ်သည်သာမက ဘုရားတရားတွင် လွန်စွာကိုင်းရှိုင်းသူလည်းဖြစ်သည်။

            ဆိုးညစ်သောလူတစ်စုက ဒံယေလအပေါ်တွင် မနာလိုစိတ်ဖြင့် မကောင်းကြံခဲ့သည်။ ထို့ကြောင့်လည်း ဘုရင်နား ပေါက်ကြားစေရန်ကလိမ်ဉာဏ်ဆင်၍ ချောက်ချခဲ့သည်။ ဒါရိမင်းကြီးမှာလည်း သူ့အားမြောက်ထိုး ပင့်ကော်ပြောသောစကား ကိုယုံကြည်ပြီး သူမှလွဲ၍အခြားမည်သည့်ဘုရားကိုမှ ဆုတောင်းခြင်းမပြုရ၊ ပြုလျင်ခြင်္သေ့တွင်းထဲသို့ချပစ်မည်ဟူ၍ ကြော် ငြာခဲ့သော်လည်း ထိုအမိန့်သည် ဒံယေလအတွက်သီးသန့် ဖြစ်စေကြောင်း သိသောအခါ လွန်စွာစိတ်မကောင်းဖြစ်ခဲ့သည်။ “တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏” (ဒံ၊ ၆:၁၆)။

           အထက်တွင်ဆိုခဲ့သည့်အတိုင်း အမှန်တကယ်လည်း ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့နှုတ် ကိုပိတ်၍ နာကျင်ထိခိုက်မှုမရှိစေပဲ ဒံယေလကိုကယ်တင်ပေးခဲ့သည်။ ထိုသို့ပြုခြင်းကြောင့် ဒါရိမင်းကြီးအဖို့ အသက်ရှု ချောင်သွားခဲ့ရသည်ဟူ၍ဆိုရပေမည်။

 

၃။ ကြီးမြတ်သောသင်ခန်းစာများ။

      ဒံယေလဖြစ်စဉ်မှ သင်ခန်းစာများစွာရှိသည့်အထဲမှ အကြီးမားဆုံးသော သင်ခန်းစာတစ်ခုမှာ ဒါရိမင်းကြီးကိုယ်တိုင် ဝန်ခံခဲ့သောအဖြစ်မှန်ပင်ဖြစ်သည်။ “ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့ သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်” (ဒံ၊ ၆:၂၆)ဟူ၍တွေ့ရသည်။

            ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်းပြုကြ၏” (ဟေဗြဲ၊ ၁၁:၃၃-၃၄)။ ဒံယေလဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် အနန္တတန်ခိုးတော်ရှင်ဖြစ်ပြီး၊ သဗ္ဗညုတအရှင်ဖြစ်သောကြောင့် ဘဝအသက်တာတွင် မည်သို့သောပြဿနာများပင်ဖြစ်နေပါ စေဘုရားသခင်သည် သိမြင်၍ ကာကွယ်၊ စောင့်မ နိုင်ကြောင်း သင်ယူနိုင်ပါသည်။

     ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံ သောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏” (ဆာ၊ ၁၈:၃၀)။  အထက်ဆိုခဲ့သည့်အတိုင်း ဘုရားသခင်သည် အရာခပ် သိမ်းကိုသိမြင်တော်မူလျင် ယုံကြည်သူများအဖို့ မည်သို့သောဖြစ်စဉ်များ ကျရောက်လာပါစေ စိုးရိမ်ပူပန်စရာမလို၊ ယုံကြည် ကိုးစားသမှုပြုနိုင်ပါသည် (ဟေရှာ၊ ၅၅:၈-၉)။

            မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့၏ အငန်းအတာမှာ ဘုရားသခင့်စကားတော်အား နာခံမှုပြုရန်သာဖြစ်သည်။ ထိုသို့ပြု လျင်ဘုရားသခင့်တန်ခိုးတော်များကို မြင်တွေ့ခံစားစေနိုင်ပါသည် (ရောမ၊ ၈:၂၈)။ ဒံယေလဖြစ်စဉ်ကိုကြည့်လျင် “ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ၌ထိခိုက် သောအနာတခုမျှ မရှိ” (ဒံ၊ ၆:၂၃) ဟူ၍တွေ့ရပါ သည်။

      ယောသပ်သည်လည်း ထိုဖြစ်စဉ်မျိုးကိုသိရှိနားလည်ခဲ့သည်။ ထို့ကြောင့်လည်း မကောင်းသောသူများက မည်သို့ပင် မကောင်းကြံစေတော့ ယောသပ်သည် ဘုရားသခင့်စကားတော်ကိုသာလျင် နာခံလျက်ဘဝကို ပုံအပ်ခဲ့သည်။


၄။ ယနေ့ခေတ်ဖြင့် ချိန်ထိုးခြင်း။

ဒံယေလဖြစ်စဉ်အတိုင်းဆောင်ရန် ရှောင်ရန်များကို ယနေ့ကျွန်ုပ်တို့ခေတ်တွင်လည်း ကျင့်သုံးစရာ သင်ခန်းစာများ ရှိနေပါသည်။ ရှင်ပေတရုက ၁ ပေ၊ ၂:၁၃-၂၀ တွင်ကြည့်လျင်  သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ် အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း၊ ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထား သမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” (၁ ပေ၊ ၂:၁၃-၁၄)။

ဒံယေလသည် အထက်ပါနည်းဥပဒေသများကို ကောင်းစွာလိုက်နာခဲ့သည်။  ထို့ကြောင့်လည်း “ရုပ်တုနှင့်စပ်ဆိုင် သောအစာ” များကိုပင်လျင် ငြင်းပယ်ခဲ့သည် (ဒံ၊ ၆:၂-၃)။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးနှင့်စပ်ဆိုင်လာလျင်လည်း ဘုရားသခင့်အလိုတော်ကိုထိုအတိုင်းဦးစားပေးလျက် ရှာကြံသင့်ပါသည်။ “အကြောင်းမူကား၊ သင်တို့သည် ကောင်းသော အကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော် ရှိ၏” (၁ ပေ၊ ၂:၁၅)။

ဒံယေလသည် ကိုယ်ကျင့်သိက္ခာနှင့်စပ်ဆိုင်လာလျင် "ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင် ခွင့်ကိုရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ် တစုံတခုမျှ မရှိသော ကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြ" (ဒံ၊ ၆:၄) ဟူ၍ဆိုထားပါသည်။

ကျွန်ုပ်တို့ဘုရားနှင့်စပ်ဆိုင်ကြောင်း လောကီသားတို့ဖြင့် စကားဖြင့်မသိနိုင်၊ ယုံကြည်ခြင်းအားဖြင့် လက်တွေ့ ရှင်သန်နေထိုင်မှုအားဖြင့်သိရှိကြသည် (ယာ၊ ၂:၁၈)။ ယနေ့ဒံယေလနည်းတူ ကျွန်ုပ်တို့လည်း ယုံကြည်ခြင်းဖြင့်ရပ်တည်ပြကြ ရန်လွန်စွာအရေးကြီးလှပါသည်။


၅။ စိုက်သည့်အတိုင်းရိပ်သိမ်းရခြင်း။ 

စိုက်သည့်အတိုင်းရိပ်သိမ်းခြင်း (သို့) တူသောအကျိုးကို မနာလိုမှုရှိ၍ မကောင်းကြံသောသူများ လက်တွေ့ခံစား ရင်ဆိုင်ကြရသည်။ ဒါရိမင်းကြီးသည် အခြားတစ်ဖက်၌ ဒံယေလ၏ သစ္စာတရားနှင့်အတူ ဒံယေလ၏ဘုရားအသက်ရှင်တော် မူခြင်းနှင့်အတူ တန်ခိုးတော်ကြီးမြတ်ခြင်းကို သိမြင်နားလည်ခဲ့သည်။ ထို့ကြောင့်လည်း ပြည်သူပြည်သားများအနေဖြင့် ထိုဘုရားအကြောင်းသိရှိစေရန် တိုင်းသိပြည်သိကြော်ငြာမှု ပြုခဲ့သည် (ဒံ၊ ၆:၂၅-၂၇)။

ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက်၌၎င်း ကောင်းစားလျက် နေ၏” (ဒံ၊ ၆:၂၈)။

ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့် တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင်၍သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏” (ဒံ၊ ၆:၂၄)။

ဒံယေလ၏ သက်သေခံခြင်း၊ သစ္စာရှိခြင်း၊ ဘုရားသခင့်တန်ခိုးတော်ထင်ရှားခြင်းတို့ကြောင့် လူတိုင်း ထိုဘုရားကို နာခံရမည်ဟူ၍ဆိုခဲ့သည်။ “ထိုအခါမြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချုပ်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော။ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရ တည် တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာ စက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။ မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ်တော် မူ၏ဟု အမိန့်တော်ရှိ၏” (ဒံ၊ ၆:၂၅-၂၇)။

   


နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages