သံကိုသံဖြင့်ထက်စေဆိုသည်မှာ အဘယ်နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, November 25, 2021

သံကိုသံဖြင့်ထက်စေဆိုသည်မှာ အဘယ်နည်း


၁။ ဖြစ်တည်မှု။
“သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏” ဟူသောကျမ်းစကား ကို သုတ္တံ၊ ၂၇:၁၇ တွင်ဖတ်ရှုရ ပါသည်။ သံကိုသံချင်းပွတ်တိုက်ခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရရှိရာတွင် ထက်မြတ်စေခြင်း၊ လိုအပ်သောအရာများကို ဖြတ်တောက်၊ ခုတ်ထွင်၊ ဖယ်ရှားခြင်းပြုနိုင်သကဲ့သို့ အသုံးပြုလို သောအရာများကိုလည်း ဖြစ်ပွားဖန်တီးပေးပါသည်။ 
 
ထို့အတူ နှုတ်ကပတ်တော်သည်လည်း ထက်သောသံလျက်ကဲ့သို့ နှစ်ဖက်သောအကျိုးကျေးဇူးများကို ဖြစ်ပွားစေ ပါသည် (ဟေဗြဲ၊ ၄:၁၂)။ ထိုနည်းတူ လူလူချင်းပေါင်းသင်းရာတွင်လည်း မိတ်သဟာယဖွဲ့ခြင်း၊ အချင်းချင်းမျှဝေ ခြင်း၊ တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသောအကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။
 
၂။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ။
သုတ္တံကျမ်း၏ ပြညွန်ချက်မှာ တစ်ဦးနှင့်တစ်ဦး လိုအပ်သောဖြစ်တည်မှုကိုပြဆိုထားခြင်းဖြစ်သည်။ လူသား တို့အားတစ်ဦးတည်း (သို့) တစ်ကိုယ် တည်းနေထိုင်ရန် ဘုရားသခင်ဖန်ဆင်းခဲ့ခြင်းမဟုတ်ခဲ့ကြောင့် ကျဆင်းခြင်း မတိုင်မီကပင် ဆိုခဲ့သည်မဟုတ်ပါလား (က၊ ၂:၁၈)။ 
 
ထိုသို့ဆိုလျင် ကျဆင်းခြင်းနောက်၌ သာ၍ပင် တစ်ဦးနှင့်တစ်ဦး မိတ်သဟာယဖွဲ့ခြင်း၊ ဖေးမခြင်း၊ ထောက်စာ ကြည့်ရှုခြင်း၊ အားပေးတိုက်တွန်းခြင်း တို့ လိုအပ်ကြမည်မဟုတ်ပါလား။ ထိုသို့လိုအပ်နေသောကြောင့်လည်း ကနဦးအသင်းတော်များတွင် ကျင့်သုံးခဲ့ကြသည်မဟုတ်ပါလား (တမန်၊ ၂:၄၂-၄၇)။ ကနဦးတပည့်တော်များကို ကြည့်လျင် “ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏”ဟူ၍တွေ့ရပါသည်။
 
အင်္ဂလိပ်စကား၌ “Devoted themselves” ဟူ၍ဆိုရာ၌ မြန်မာလိုအားဖြင့် သခင်ဘုရားနှင့်စပ်ဆိုင်လာသော အမှု များတွင် မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံထားခြင်းဟူ၍ပြန်ဆိုနိုင်ပါသည်။ 
 
၃။ နှစ်သွယ်သောကောင်းကြီး။
သုတ္တံစကားတွင် အပိုင်းအားဖြင့် နှစ်ပိုင်းကိုပြဆိုထားပါသည်။
 
(၁) သခင်ဘုရား၌ရှိသော မင်္ဂလာ။
သခင်ဘုရားနာမဖြင့် အတူတကွ ရှိခြင်း၌တိကျသေချာသော ကောင်းကြီးမင်္ဂလာအကြောင်းကို ဦးစွာတွေ့ နိုင်ပါသည်။ ၎င်းမှာ ခရစ်တော်ဘုရား ကိုယ်တော်တိုင် “အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏” (မ၊ ၁၈:၂၀) ဟုကတိတော်ရှိထားပါသည်။ 
 
ထိုနည်းတူ မာလခိတွင်လည်းကြည့်ပါက သခင်ဘုရားကို ကြောက်ရွံ့ရိုသောသူတို့ စုဝေးရာ၌ ဘုရားသခင်သည် နားညောင်းလျက် အဖြေပေးတော် မူမည့်အကြောင်းလည်းရှိထားပါသည် (မာလ၊ ၃:၁၆)။ ခရစ်ယာန်မိတ်သဟာယ စုဝေးရာ၌ တစ်ဦးနှင့်တစ်ဦးတည်ဆောက်မှုပြုခြင်းသည် ဘုရား သခင်ကိုယ်တော်တိုင် နှစ်သက်တော်မူသောအမှု လည်းဖြစ်သည်။ ထိုသို့ဘုရားအလိုတော်ဆောင်ခြင်းသာမက သခင်ဘုရား၏ ကောင်းကြီး မင်္ဂလာနှင့် အတူ လောကီ၊ လောကုတ္တရာအတွက် အကျိုးကျေးဇူးများစွာကိုလည်း ဖန်တီးပေးပါသည်။ 
 
စည်းလုံးခြင်း၏ ရနံ့သည်လွန်စွာသင်းပျံ့လျက်ရှိသည့်အကြောင်း ယောနသန်နှင့် ဒါဝိဒ်တို့အကြောင်းကိုကြည့်ခြင်း ဖြင့်ယနေ့တိုင် ကျွန်ုပ်တို့ သင်ခန်းစာ များယူလျက်ရှိကြသည်။ “ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်..” (၁ ရာ၊ ၂၃:၁၆)။ ထိုသို့ဖြင့် ဒါဝိဒ်သည် အခက်အခဲများကြားတွင် မိမိလုပ်ဆောင်ရမည့်အမှုများကို လုပ်ဆောင်လျက်ပြည့်စုံလာစေခဲ့သည်။
 
(၂) အလိုတော်ပြည့်စုံစေခြင်း။
သံကိုသံချင်းထက်စေသကဲ့သို့ မိတ်သဟာယအားဖြင့် အလိုတော်ကိုပြည့်စုံလာစေပါသည်။ တမန်တော်ကြီး ရှင်ပေါလုက နေ့စဉ်ကျွန်ုပ်တို့ ကြုံတွေ့ရသောလောဓံတရားများကို အတူတူမျှဝေလျက် ထမ်းရွက်ကြရမည်ဟူ၍ ဆိုထားပါသည်။ အတူတကွဝမ်းနည်းခြင်း၊ အတူတကွ ဝမ်းမြောက်ခြင်းအစရှိသဖြင့် ထပ်တူထပ်မျှ ဖြစ်တည်မှုမှာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့် ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏” (ယာ၊ ၂:၈) ဆိုသည့်အတိုင်း ပြည့်စုံစေခြင်းလည်း ဖြစ်ပါသည်။ 
 
၄။ ထူးချွန်ထက်မြက်စေခြင်း။
အထက်တွင် “ဓါးတစ်လက်” အဖို့ပွတ်တိုက်ခြင်းမရှိလျင် ဓါးအဖြစ်သာလျင်ရှိနေပြီး ပြောင်းလဲ သွားခြင်းမရှိပါ။ သို့သော်လည်း အသုံးဝင်မှုကား နည်းပါးသွားပါလိမ့်မည်။ ထိုနည်းတူ ကျွန်ုပ်တို့ ယုံကြည်သူများအနေဖြင့်လည်း မိတ်သဟာယပြုခြင်း၊ နှုတ်ကပတ်တော်သင်ကြားခံယူခြင်း၊ လက်တွေ့ကျင့်သုံးခြင်း၊ ဆုတောင်းခြင်း၊ အပြစ်များ ကိုဝန်ချလျက်အသက်တာတည်ဆောက်ခြင်းများပြုကြရန်လိုအပ်ပါသည်။
 
ထိုသို့ပြုခြင်းဖြင့် အသက်တာအိမ်ထောင်မိသားစုသာမက အသင်းတော်အတွက်ဘုန်းတော်ထင်ရှားစေပြီး၊ သာသနာပများအကြားတွင် အလင်း ဆောင်ပြီးလည်းဖြစ်ပေလိမ့်မည်။ ထို့အတူ တစ်ဦးချင်း၌ ပေးအပ်ထားသော အငန်းအတာများကိုလည်း တစ်ဦးနှင့်တစ်ဦး ပံ့ပိုးပေးရာရောက်စေ သကဲ့သို့ သခင်ဘုရား၏အလိုတော်လည်း ပြီးမြောက်စေပါလိမ့်မည်။ 
 
ယနေ့ခေတ်တွင် အများစုက မိတ်သဟာယဆိုသည်နှင့် နှုတ်ကပတ်တော်ြဖင့် တည်ဆောက်မှုပြုရမည့်အစား အစားအသောက်နှင့် ပွဲလမ်းသဘင် ကိုသာလျင် ထင်မှတ်မှားနေကြသည်။ အသုံးပြုသောဓါးသည် ထက်မြတ်နေ သကဲ့သို့ “သွေးခြင်း” ပြုသောဓါးသည်လည်း သာ၍အသုံးဝင်ပါ လိမ့်မည်။
 
၅။ ထွန်းလင်းစေခြင်း။
ဓါးကို “သွေးခြင်း” အားဖြင့် တောက်ပါသောအလင်းရောင်ကိုလည်း ဖြစ်ထွန်းစေပါသည်။ တနည်းအားဖြင့် အညစ်အကြေးတည်းဟူသောရှိနေသည့် ကိုယ်ရည်ကိုယ်သွေးဖျက်စီးနေသောအရာများကို ဖယ်ရှားပေးခြင်းဟု လည်းဆိုနိုင်ပါသည်။ 
 
ထို့အတူ မိတ်သဟာယပြုရာတွင် အသက်တာ၏ လေကီအညစ်အကြေးနှင့် အသက်တာရှိ အဆီးအတားများကို လည်းဖယ်ရှားခြင်း၊ ထုတ်ပယ် ခြင်း၊ သန့်စင်စေခြင်းနှင့်အတူ သခင်ဘုရားအလိုတော်ရှိသော ထွန်းတောက်သည့် အလင်းကိုပေးစွမ်းနိုင်ပါလိမ့်မည်။ “ညီအစ်ကိုတို့သည် သဘောတူ လျက်ပေါင်းဘော် ကြသည်အရာမှာ အလွန် ကောင်းပေ၏။ အလွန်တင့် တယ်လျောက်ပတ်ပေ၏” (ဆာ၊ ၁၃၃:၁)။ 
 
ထို့ကြောင့် ဟေဗြဲကျမ်းရေးသူပြောသကဲ့သို့ “ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်း ချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့” (ဟေဗြဲ၊ ၁၀:၂၄-၂၅) ကိုအတူတကွကျင့်သုံးကြပါစို့။ 
 
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ What does it mean that iron sharpens iron? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages