အလိုတော်နှင့်ညီသော ကျေးဇူးဆပ်နည်းများ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, August 30, 2016

အလိုတော်နှင့်ညီသော ကျေးဇူးဆပ်နည်းများ

 
 
 
 
 
 
 
လူတိုင်းဘဝတွင် ကျေးဇူးပြုခြင်းကို ခံစားဘူးကြပေမည်။ 
ထိုသို့ခံစားရသော ကျေးဇူးတရားများကို အချို့ မေ့သွားတတ်။ 
အချို့က ဘဝတစ်ခုလုံးနှင့်ယှဉ်ပြီး သယ်ဆောင်သွားတတ်ကြသည်။ 
ထို့ကြောင့် ကျေးဇူးတရားနှင့် ပတ်သက်လာလျှင် စကားပုံများ လည်းရှိလာခဲ့သည်။
နှုတ်ကပတ်တော်အရဆိုလျှင် "ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကိုထင်ရှားစေသောသူဖြစ်၏" ဟုဆိုထားခြင်းဖြစ်သည်။
 
အမှန်တော့ "ကျေးဇူးမဆပ်ရင်နေပါ ကျေးဇူးမကန်းနဲ့" ဟူ၍ မြန်မာစကားပုံထားရှိသည်မှာ အကြောင်းမဲ့ မဟုတ်ပါ။ အကြောင်းမှာ ကျေးဇူးကန်းသူသည်
ဘယ်သောအခါမှ ကောင်းစားနိုင်မည်မဟုတ်။ ကျေးဇူးကန်းသူ ကိုလူတိုင်းမနှစ်မြို့၊ မနှစ်သက်ကြ။ ရေရှည်လက်မတွဲနိုင်ကြ။ ထို့ကြောင့် ကျေးဇူးတရားသိတတ်သူကို ဘုရားရှင် ကိုယ်တော်တိုင်က "ကျေးဇူးသိတတ်သူသည် ….. ငါ့ဘုန်းကိုထင်ရှားစေသူ"ဟုဆိုခဲ့ခြင်းဖြစ်သည်။

၁။ ကျေးဇူးပြုသူကို သိတတ်ခြင်း။

ကိုယ့်အပေါ်တွင် သူပြုသော ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ မိမိအား ငွေသိန်း ချီပေး ကူညီခဲ့သူကို တန်ပြန်ငွေ သိန်းချီပြီး ကျွန်တော်တို့ ပြန်ဆပ်နိုင်မှ ဆပ်နိုင်ကြပေမည်။ ထိုသို့ ပြန်ပေးနိုင်၍ ဆပ်ခဲ့သည်ဆိုလျှင်သော်မှ ကျေးဇူးဆပ်ရာ မမည် အကြွေးဆပ်သည်နှင့်သာတူပေမည်။

ထို့အစား "ကျေးဇူးသိတတ်ခြင်း" ကပိုမိုထိရောက်စေပါသည်။ စာရေးသူ ကျောင်းသားဘဝတွင် ကူညီ ဖေးမခဲ့ သူများစွာရှိပါသည်။ ထိုသို့ကူညီခဲ့သူများကို စာရေးသူ တတ်နိုင်သော ကတိကိုအမြဲပေးခဲ့ပါသည်။ "အခု လို ကူညီပေးတာကို ကျေးဇူးတင်တယ်ဗျာ….. ကူညီခဲ့တဲ့အတိုင်း ကျွန်တော်သေသည့်တိုင်အောင် ဒီသာသနာ ခရီးမှာ ရှိနေမှာပါ" ဟုလေးနက်စွာဆိုခဲ့သည်။

၂။ ကျေးဇူးပြုသူဆန္ဒ ပြည့်စုံစေခြင်း။
အကြောင်းမှာ သူတို့ကူညီနေခြင်းက မိမိသွားနေသောလမ်းတွင် ကြုံနေရသောအခက်အခဲကို မြင်တွေ့ စာနာပြီး ကူညီပေးခြင်းမဟုတ်လား။ ထိုကြောင့် သူတို့ပေးသော အကူအညီဖြင့် ထိုလမ်းကိုအပြီးတိုင်စေ ခြင်းကလည်း သူတို့စိတ်စေတနာကို အလေးအနက်ထားဆောင်ကျဉ်းပေးမည်ဟု ဆိုလိုက်ခြင်းပင်။ ထိုသို့ပြီးစီး စေမှုကို သူတို့လိုလားကြသည်မဟုတ်လား။

ထို့ကြောင့် စာရေးသူဘဝတွင် သူတို့ပေးသော အကူအညီသည် မည်သည့်အတွက်ဆိုသည်ကို ကောင်းစွာသဘောပေါက်ပြီး ထို့အတွက်ပင် သူတို့အကူအညီကိုကောင်းစွာ အသုံးပြုခဲ့သည့်အတွက် ယနေ့ ထက်တိုင် သူတို့နှင့်တွေ့သောအခါ ပြုံးပျော်နိုင်သည်။ သူတို့လည်း ဝမ်းသာကြည်နူးကြသည်။

၃။ ကျေးဇူးတရား၏ အတိမ်အနက်ကို လေးစားပါ။

စာရေးသူဘဝတွင် တစ်ချိန်က ငွေ ၉၀၀ နှင့် ထမင်းတစ်နပ်စာ ကျေးဇူးပြုဘူးသူရှိခဲ့ပါသည်။ သူတို့နှင့် စပ်ဆိုင်ပြီး ကျေးဇူးတရားအကြောင်းကို ပြောသောအခါ "ဒါလေးက ဘာမှ မဟုတ်ပါဘူးကွာ ထည့်ပြောမနေပါနဲ့" ဆိုပြီးဆိုလာသည်။

မှန်ပါသည် ခေတ်ရေစီးကြောင်းအရ ငွေ ၉၀၀ သည်မဆိုစလောက်အဖြစ်နှင့် ထမင်းတစ်နပ်သည် အလေးထားစရာမဟုတ်ဟု ကျွန်တော်မဆိုနိုင်ပါ။ အကြောင်းမှာ ထိုစဉ်က ထမင်းတနပ်သည် ကျွန်တော့်အဖို့ တစ်နပ်စာမဟုတ် "ဘဝဆက်ပေးခဲ့သည့် ထမင်း" ဖြစ်နေပါသည်။ ထိုစဉ်က ငွေ ၉ဝဝသည် "အနာဂါတ်လမ်းကို ခင်းပေးခဲ့သည့် ငွေ" ဖြစ်နေသည်ကိုမူ ဥပေက္ခာမပြုနိုင်ပါဟုဆိုသောအခါ။ ထိုကျေးဇူးရှင် ဝမ်းသာသွားခဲ့သည်။
ထို့နောက် "မင်းကို ကူညီခဲ့ရတာ ငါနောင်တမရဘူး၊ ကူညီပေးခဲ့ရလို့ ကျေးဇူးတင်တယ်"ဆိုပြီး စာရေးသူ ကိုဝမ်းသာလှိုက်လှဲစွာဖြင့် ဖက်ပွေ့နှုတ်ဆက်ခဲ့သည်။

၄။ ကျေးဇူးမဆပ်နိုင်သော်မှ မကန်းလေနဲ့။
ငယ်စဉ်က ကျွန်တော်တို့ အားလုံး အတန်းစာတွင် ဖတ်မှတ်ကြားဘူးကြပေမည်။ "ဆရာအာပြန် အာခေါင် လှံဆူး"ဆိုသောသာဓကတွင် ဗျိုင်းထံမှ ငါးဖမ်းစားနည်းကို အတုမြင်အတတ်သင်ခဲ့သော လုလင်ငယ် မှာရှင်ဘုရင်ရှေ့တွင် မိမိဆရာမှာ ဗျိုင်ဖြစ်ကြောင်း မပြောလို၍ ဆရာ့အပေါ်တွင် ဥပေက္ခာပြုကာ ကျေးဇူးကန်းခဲ့ သောကြောင့် ဘဝဆုံးရေတိမ်နက်ခဲ့ရပါသည်။

ထို့ကြောင့် သူ့ကျေးဇူးကို မဆပ်နိုင်စရာ အကြောင်းမရှိပါ။ မဆပ်လိုခြင်းသာဖြစ်သည်။ အကြောင်းမှာ စာရေးသူဘဝတွင် ကူညီခဲ့ကြသည့် ကျေးဇူးရှင်များစွာရှိပါသည်။ သူတို့အားလုံးကို တစ်ဦးချင်း ကျေးဇူး လိုက်ဆပ် နေမည်ဆိုလျှင် ဘယ်မှာ အမှုကြီးငယ်များကို ဆောင်နိုင်ပါမည်နညး်။ "ကျေးဇူးရှင်များ" အားလုံးက လဲ သူတို့ကို တစ်ပြန်ကျေးဇူးဆပ်ရမည်ဟု မမြော်လင့်ခဲ့ကြပါ။

၅။ စိတ်ချမ်းသာစေမည့် ကျေးဇူးဆပ်နည်း။
"ကိုယ်ပေါ်ပြုဘူး သူ့ကျေးဇူး အထူးသိတတ်စေ"ဟု ငယ်စဉ်က စာရေးသူ မိခင်မှဆုံးမခဲ့ဘူးသည်။ ထိုသို့ သောမိခင်ကောင်းကိုရရှိထားသောကြောင့် ကျေးဇူးဆပ်နည်းများစွာထဲမှ မိမိဆပ်နိုင်သည့်နည်းဖြင့် စာရေးသူ အပေါ်တွင်ကျေးဇူးပြုဘူးသူများကို ကျေးဇူးဆပ်လေ့ရှိသည်။

ယနေ့တိုင် အမေ့ကျေးဇူးကို ကျွန်တော်မဆပ်နိုင်ခဲ့သော်လည်း အမေ့အကြောင်းတွေးတိုင်း ဘယ်သော အခါမှ နောင်တမရသောအချက်ရှိပါသည်။ ၄င်းမှာ အမေက ကျွန်တော့်ကို နည်းတစ်ခုပေးခဲ့သည် "မိဘကျေးဇူ းမဆပ်နိုင်သော်မှ မိဘမျက်ရည်မကျစေဘူးဆိုရင် ဒါကျေးဇူးဆပ်နည်းပဲ" ဟုဆိုခဲ့သည့်တိုင်း အမေ့ဘဝတွင် ကျွန်တော်ကြောင့် "မျက်ရည်မကျစေရ"ဟု ခိုင်မာသောဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့သည်။

အမေ့အတွက် ဒုက္ခပင်လယ်ဝေစေသော သားမဖြစ်ခဲ့ရခြင်းကြောင့် ယနေ့တိုင် ဝမ်းသာရွှင်မြူးနိုင်သည်။ သင်လည်း ယနေ့ရှိသည့်နေရာတွင် မိမိမှာ စည်းစိမ်ဥစ္စာမရှိ၍ ကျေးဇူးမဆပ်နိုင်သူဟူသော ခံစားချက်ဖြင့် ဘဝကို မကြေမနပ်ဖြစ်စရာမလို။ မိမိအရှိ၊ အဖြစ်၊ အသိတရားတို့ဖြင့် ကျေးဇူးတရားကို အကောင်းဆုံးဆပ်နိုင်သူ ဖြစ်နိုင်ခွင့်ကို ဘုရားသခင်ပေးထားပါသည်။

ထိုသို့သောသူများအတွက် ဘုရားသခင့် ကတိတော်မှာ "ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူ သည် ငါ၏ ဘုန်းကိုထင်ရှားစေသောသူဖြစ်၏။ မိမိသွားရာလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်ခြင်း ကျေးဇူးကို ငါပြဦးမည်" ဟု ကတိတော်ပေးလျှက် ကျေးဇူးဆပ်သူများကို ရှာဖွေနေပါသည်……


နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages