စိတ်မည်သော မင်္ဂလာစမ်းရေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, August 30, 2016

စိတ်မည်သော မင်္ဂလာစမ်းရေ

 
 
 
 
 
 
 
လူသားတစ်ဦးဖြစ်လာသည်နှင့်အမျှ ပြဿနာရှိကြသည်။
ခံစားမှုအတိုင်းအတာကို တိုင်းတာ၍မရနိုင်သလို ခံစားမှုကိုကား မည်၍မည်မျှပေါ့သည်၊ လေးသည်ဟုလည်း မဆိုနိုင်ကြ။
ခံစားမိပြီဆိုကတည်းက သတ်မှတ်ဘောင် (သို့) ဥပေက္ခာပြုနိုင်သည့် အတိုင်းအတာကိုလွန်လာပြီးဖြစ်သော ကြောင့် ခံစားကြ ရပါသည်။ ထိုသို့ဆိုလျှင် လူ့၏ဖြစ်တည်မှုတွင် ပါဝင်သောအချက်များကို မမေ့အပ်တော့။ လူကိုဘုရားသခင် ဖန်ဆင်းသောအခါ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်ဟူ၍ရှိသည့်အနက် ခံစားမှုသည် လူတစ်ဦး၏ဖြစ်ခြင်း၊ တည်ရှိခြင်းတွင် ဆုကျေးဇူးအနေဖြင့်ပါရှိလာပါသည်။

၁။ စိတ်သာပဓါန။
မြန်မာစကားတွင် “စိတ်သာရှင်စော ဘုရားဟော”ဟု လူတစ်ဦးဘဝနှင့် အနာဂါတ်တို့သည် စိတ်နှင့်ပါတ်သက်နေပြီး စိတ်က သာဦးဆောင်နေကြောင်း ပြဆိုထားပါသည်။ ထိုနည်းတူနှုတ်ကပတ်တော်တွင် ကြည့်ပါက “လူသည် မိမိစိတ်နှလုံးရှိသည့်အတိုင်း နှုတ်မြွတ်တတ်၏” ဟုဆိုထားပါသည်။ 
 
ထို့ကြောင့် လူတစ်ဦး၏ဘဝဖြစ်ခြင်းတွင် စိတ်သည် အဓိကကျလှပြီး ဘဝကိုသင်္ဘောဖြင့် နှိုင်းလျှင် စိတ်သည် တက်နှင့်မခြား၊ ရွက်နှင့်မခြား နားတော့ပေ။ ထို့ကြောင့်လည်း “နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို စောင့်ရှောက်လော့”ဟုဆို ထားပါသည်။]

၂။ စိတ်၏ စွမ်းပကား။
ခံစားချက်သည် စွမ်းပကားလွန်စွာကြီးမားလှသည်။
သို့သော်အများစုမှာ မိစိတ်ကို မည်သို့ ထိန်းကျောင်းရမည်၊ ပြုစုရမည်၊ တည့်မတ်ရမည်ကို သတိမမူမိကြပဲ ဖြစ်လာမှသာလျှင် ယူကျုံးမရ ဖြစ်ကြရသည်။
ထိုစိတ်၏ လှုံဆော်မှုကြောင့် သာမာန်လူတစ်ဦးမှ လူသတ်သမား (သို့) အသက်ကယ်ဆယ်ပေးသောသူ ဖြစ်သွားနိုင်သလို။ ထိုစိတ်စေ့ဆော်မှုကြောင့် လူတစ်ဦးအား ဘဝကို ဂျုံးဂျုံးကျဖြစ်အောင် ဆွဲချသွားစေနိုင်သလို (သို့) အထွဋ်အထိပ်သို့ ရောက်အောင်လည်း တွန်းတင်နိုင်သည်ကို အားလုံးသိရှိပြီးဖြစ်ပါသည်။

၃။ စိတ်၏အပြောင်းအလဲ။
မိမိတို့စိတ်အစဉ်အား နေ့ရက်စဉ်တိုင်း မည်သို့အစာကျွေးသနည်း။
ထိုသို့မေးလျှင် အထူးအဆန်းသဖွယ် အံ့သြခြင်းများစွာဖြင့်ရှိကောင်းရှိနေပေလိမ့်မည်။ သို့တိုင်အောင် ကျွန်တော်တို့သည် မိမိတို့စိတ်အား မသိမသာ နေ့စဉ် ကျွေးမွေးပြုစုနေကြပါသည်။

ထိုသို့ ကျွေးမွေးပြုစုသည့်အတိုင်း စိတ်အစဉ်ကြီးထွားလာပါသည်။ မြန်မာစကားပုံတွင် ကြားဘူးပါလိမ့်မည် “ကျေးညီနောင်” တို့သည် မုဆိုးနားနီးမုဆိုး၊ ကျောင်းသင်္ကန်းနီး ကျောင်းသင်္ကန်းအလိုက် သူတို့ “ကြား” “သိ” “မြင်” “စားသောက်” “ထိတွေ့မှု” များက ဘဝကို ပီပြင်စွာထုဆစ်ပေးခဲ့ပါသည်။
ကျွန်တော်တို့ စိတ်အား နေ့စဉ် မည်သည့်အရာဖြင့် ကျွေးမွေးနေသနည်း။ ဂရုပြုရန်လိုအပ်သည်။ သခင်ခရစ်တော်ဘုရားက “ပြင်ပမှလာသောအရာက လူကိုညစ်ညူးစေသည်”ဟုဆိုခြင်းမှာ ကျွန်တော်တို့စိတ်အား မည်သည့်အရာဖြင့် နေ့စဉ်ကျွေးမွေးနေသည်ကို သတိပြုမိစေရန် မိန့်တော်မူခြင်းဖြစ်သည်။

၄။ စိတ်၏မာယာ။
လူတို့သည် မိမိစိတ်ကို မိမိနိုင်သည်ဟုဆိုကြသည်။
ကျမ်းစကားအရပြောရလျှင် “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏” ဟုဆိုထားသည်။ မြန်မာစကားတွင် “လူ့စိတ်က မျောက်စိတ်နှင့် တူသည်”ဟုသာဓကများ ချပြထားပါသည်။

ထို့ကြောင့် မိမိစိတ်အစဉ်ကို မည်သို့သောအခါမှ ပြီးစလွယ် မေ့မေ့ပျောက်ပျောက်မထားမိပါစေနဲ့။ တစ်ပါးသူ လှည့်စားခြင်းကို ကျွန်တော်တို့ မနှစ်သက်ကြ မခံယူလိုကြသော်လည်း ကိုယ်တိုင် စိတ်၏မာယာ၌ အလိမ်ခံနေကြရသည်ကိုတော့ လူတိုင်းမသိနိုင်ကြပါ။

၅။ ဖြူစင်သောစိတ်။

မိမိတို့စိတ်အား မည်သို့ဖြူစင်စေမည်နည်း။
ခေတ်ပညာမည်သို့ပင် တိုးတက်လာနေပါစေ စိတ်ဝိညာဉ် ဖြူစင်စေမည့် နည်းပညာတို့ကို မထုတ်နိုင်ပါ။ သို့သော် ကျမ်းစာ တော်မြတ်၌ တွေ့မြင်ရသည်က “မှန်သည် မမှန်သည်ကို သိခြင်းငှါ ကျွနု်ပ်စိတ်ကို စစ်ကြောတော်မူပါ”ဟု ဆာလံဆရာဆိုခဲ့ခြင်းမှာ လူသားတို့ စိတ်ကိုဖြူစင်စေဖို့ တစ်ခုတည်းသော နည်းမှာ ဘုရားသခင်နှင့် ဘုရားသခင့် စကားတော်ကသာလျှင် တတ်နိုင်ခြင်းကို မြင်တွေ့နိုင်သည်။

ထို့ကြောင့် ဖြူစင်သောစိတ် ပိုင်ရှင်များဖြစ်ဖို့မှာ “တရားဖက်ခြင်း” “ဘုရားဖက်ခြင်း” မှတစ်ပါး အခြားနည်းလမ်းမရှိပါ။
“ကျွဲနွား တိရစ္ဆာန်များကို ယဉ်ပါးရန် အချိန်လိုအပ်သည်” မှန်လျှင် စိတ်အစဉ်ကို ယဉ်ပါးဖြူစင်စေဖို့ ကျွန်တော်တို့ အချိန်ပေး တတ်ရမည်၊ အချိန်ယူတတ်ရမည်သာမက ထိုသို့အခွင့်အလမ်းများကိုလည်း ဖန်တီးတတ်သူဖြစ်ရန် လိုပါသည်။

၆။ စိတ် (သို့) မင်္ဂလာစမ်းရေ။
စိတ်သည် ဘုရားပေးသော ဆုလဒ်တစ်ခုဖြစ်သည်။
မည်သို့အသုံးပြုကြမည်နည်း။
ကျွန်တော်တို့စိတ်သည် အသက်တာတွင် အခရာကျလှပါသည်။
ထို့ကြောင့် စိတ်အစဉ်အား မင်္ဂလာစမ်းရေအဖြစ်ပြောင်းလဲစေရန် လိုအပ်ပါသည်။
နှုတ်ကပတ်တော်တွင် ကြည့်လျှင်-
  • အာဗြဟံ (သားကို ပေးလှူသည့်တိုင် ယုံကြည်ခြင်း သရဖူဆောင်းခဲ့သူ)
  • ဒါ၀ိဒ် (ကျွန်တော်မျိုးအား သိုးခြံထဲမှကိုယ်တော်ရွေးခဲ့ပြီဟု ဝန်ခံခဲ့သူ)
  • ရုသ (ကျိန်ခြင်းခံရသူအဖြစ်မှ သမိုင်းဝင်လာခဲ့သူ)
  • ဧသတာ ( ဣတ္ထိယပင်ဖြစ်လင့်ကစား လူမျိုးနှင့် တိုင်းပြည်အပေါ်တွင် သြဇာညောင်းပြုပြင်နိုင်ခဲ့သူ)
  • ယောသပ် (ကျွန်ဘဝမှ ပလ္လင်ထက်သို့ တက်လှမ်းနိုင်ခဲ့သူ)
  • ရှောလု (ဘဝကို စိတ်ပျက်ခဲ့ရသူမှ လောကတွင် အောင်နိုင်သူဟုကြွေးကြော်နိုင်ခဲ့သူ)
  • ဗာနဗ (မိအသက်တာ စည်းစိမ်ဥစ္စာဖြင့် တစ်ပါးသူအား ဖေးမလျှက် သမိုင်းထင်ရှားခဲ့သူ)
စသည့်သူအားလုံးတို့သည် သူတို့စိတ်ကို ဘုရားအားဖြင့်သာ တည့်မတ်စေပြီး မင်္ဂလာစမ်းရေအဖြစ် ပြောင်းလဲစေခဲ့ကြပြီး သူတစ်ပါးအကျိုးများစွာကို သယ်ပိုးပေးခဲ့ကြပါသည်။

ကျွန်တော်တို့လည်း ထိုနည်း၄င်းကောင်းပင် နေ့စဉ် စိတ်ကို တရားနှင့်ယဉ်ပါးစေလျှက်၊ ဘုရားနှင့်အစဉ်နားခိုလျှက် မင်္ဂလာ စမ်းရေအဖြစ် ပြောင်းလဲသွားကြမည်ဆိုလျှင် ပူပြင်းလှသော ဘဝသဲကန္တာရရှိ ခရီးသွားများအတွက် အေးမြမှုကိုပေးနိုင်ကြပါလိမ့်မည်။
ထိုထက်ထူးမြတ်သော အခွင့်အလမ်းမှာ တစ်ပါးသူအကျိုး သယ်ပိုးမည်ဟုစိတ်ဆန္ဒရှိသူများ အတွက်ဘုရားသခင့် ကတိတော် ခွန်အားပေးချက်မှာ“ငါ၏နာမည်ဖြင့် တစ်ပါးသူအား ရေတစ်ခွက်ကိုပင် ပေးအံ့ ထိုသူသည် အချည်းနှီးမဖြစ်စေရ”ဟုဆိုထားပါသည်။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages