သင့်ပရိတ်သတ် ၃ ဦး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, August 30, 2016

သင့်ပရိတ်သတ် ၃ ဦး

 
 
 
 
 
 
 
 လောကမှာ သင်မည်သို့ပင် အကောင်းဆုံးလုပ်နေပါစေ ပရိတ်သတ်သုံးမျိုးရှိနေပါလိမ့်မည်။ ထို့ပရိတ်သတ်သုံးမျိုးကို လူတိုင်းရရှိ ထားကြသည်။ ထိုသုံးမျိုးသုံးစားသော ပရိတ်သတ်ကို ကျွန်တော်တို့ မည်သို့မှ တစ်မျိုးတည်းဖြစ်လာအောင် လုပ်ယူ၍မရ၊ လုပ်ယူ၍လည်း မကြိုးစားသင့်ပါ။
 
ထိုသို့ကြိုးစားနေခြင်းဖြင့် သင့်ဘဝတွင် ရရှိထားသော အချိန်၊ အင်အား၊ ငွေကြေးများကို ဖြုန်းတီးရာသာရောက်ပြီး အကျိုး ရလဒ်ကောင်း များနှင့်သာ ဝေးကွာသွားရပေမည်။

ထိုသုံးမျိုးသုံးစားသော ပရိတ်သတ်များအားဖြင့် မိမိဘဝဖြစ်တည်မှုကို ကောင်းစွာ တည်ဆောက်တတ်ရန်သာ ဘုရားသခင် အလိုတော်ရှိ ပါသည်။ "ငါသည် သင့်အကျိုးနှင့်ယှဉ်သောအရာကိုသာ သွန်သင်ပြသ၏" ဟူသောကတိတော်ရှိထားပါသည်။

၁။ သင်ပြုသမျှ လက်ခုပ်တီး/ထောက်ခံသူ။
 
ထိုသူများသည် သင့်အားချစ်ခင်မြတ်နိုးကြသူများကြသည်။ အကြောင်းမှာ သင်ပြုသမျှအားလုံးကို ချစ်ခင်ကြမည်၊ သင်မှားခဲ့သည့်တိုင် နားလည်ပေးကြမည့်သူများဖြစ်သည်။

သို့သော် သင်နှင့်ကျွနု်ပ်တို့ သတိပြုသင့်သည့်အရာများရှိနေသည်။ သူတို့လက်ခုပ်တီးခြင်းဖြင့် သင်နှင့်ကျွနု်ပ် မှန်နေပြီဟုမဆိုသာပါ။ မဆိုထိုက်ပါ။ အကြောင်းမှာ အချို့က သင့်အားချစ်ကြ သော်လည်း မချစ်တတ်ကြသူများလည်းရှိနေပါသည်။

ထို့ကြောင့် မြန်မာစကားတွင် “ချစ်ပါ သို့သော် နှစ်ရာမရောက်စေနဲ့” ဆိုသောစကားကို သူတို့အသုံးမချတတ်သေးသူများ သို့မဟုတ် သင့်အားအနည်းငယ် နာကျင်ရမည်ကို မလိုလားသောကြောင့် မပြောလိုသူများသာဖြစ်သည်။

အမှန်ပွင့်လင်းစွာ ဆိုရလျှင် ထိုသူများသည် သင့်အားချစ်သော်လည်း “သင့်အမုန်း၊ အထင်အမြင်လွဲမှု” ကိုခံယူရဲလောက်အောင် သင့်အပေါ်တွင် သတ္တိရှိစွာ မချစ်တတ်သေးသူများပင်ဖြစ်သည်။

ထို့အတူ သင်နှင့်ကျွနု်ပ်တို့ပြုမူသမျှထဲမှ အချို့ကို အပြစ်တင် သူများလည်းရှိကောင်းရှိလာနိုင်ပါသည်။ ထိုအခါတွင်လည်း အမုန်း မပွားသင့်ပါ။ အကြောင်းမှာ သင့်အားချစ်သောကြောင့် ထိုသို့ သင်မနှစ်သက်မည်ကို သိသော်လည်း ပြောပေးနေသူများလည်းရှိတတ်ပါသည်။ ကျမ်း စကားအရပြောရလျှင် “တိတ်ဆိတ်စွာချစ်ခြင်းထက် အပြစ်ကိုဖော်ပြချစ်ခြင်းသည်ကောင်း၏”ဆိုသောစကားကို လက်ကိုင်ထားကြသူများ ဖြစ်သည်။
ထိုသို့သောသူများကို တွေ့လျှင် ငြူစူမည့်အစား ကျေးဇူးတင်စွာဖြင့် ဖက်တွယ်ထားလိုက်ပါ။

၂။ သင်ပြောသမျှကို နှာခေါင်းရှုံ/ငြင်းဆန်သောသူ။
 
ထိုသူတို့ကြောင့် စိတ်ပျက်စရာ၊ စိတ်ပူစရာမလိုပါ။ အကြောင်းမှာ သင်မည်သို့ပင် အကောင်းဆုံး ကြိုးစားနေပါစေ သူတို့ထံမှ လက်ခုပ် သံကိုသင်ရမည်မဟုတ်။ အကြောင်းမှာ သူတို့သည် ”သူ့တို့ဘဝကိုပင် သူတို့မကြေနပ်"သူများဖြစ်သည်။ ထို့ကြောင့် မိမိဘဝကိုပင် တန်ဖိုးထား ကြေနပ်ကြသူများမဟုတ်သောကြောင့် သင့်အားလည်း မည်သို့မှ ကြေနပ်လက်ခံလာလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် သူတို့အတွက်တွေးကာ သင် စိတ်ဆင်းရဲနေရပါလျှင် သင့်ဘဝ တိုးတက်ရာ၊ တိုးတက်လမ်းများကို လွဲမှားသွားစေပါလိမ့်မည်။

စာရေးသူတို့ ငယ်စဉ်က စက်ဘီးစီးကျင့်သောအခါမှာ ဆောင်ပုဒ်တစ်ခုရှိပါသည်။ ၄င်းမှာ "လမ်းမကြီးမှလွဲပြီး အခြားမကြည့်နဲ့" ဟုဆိုထား ကြသည်။ အကြောင်းမှာ စက်ဘီးနင်းစသည်နှင့် လမ်းဘေးဝဲယာတွင် နွားချေးပုံ၊ ခြံစည်ရိုး၊ လူများရှိနေပါသည်။ ကျွန်တော်တို့ စီးဘီးစီးကျင့်ရင်းနဲ့ နွားချေးပုံ (သို့ ) လူကိုတိုက်တော့မည်ဆိုပြီး နင်းနေလျှင် အမှန်လဲ တိုက်ပါတော့သည်။

အကြောင်းမှာ ကျွန်တော်တို့ကိုယ်၌က လမ်းမကြီးကို မကြည့်တော့ပဲ အဲ့ဒီ နွားချေးပုံ (သို့) လူကိုသာကြည့်နေသောကြောင့် လက်နှစ်ဖက် အလယ်တွင်ရှိသော အကြည့်က ထိုလူ (သို့) နွားချေးပုံသာ ပစ်မှတ်ဖြစ်နေပြီး လက်နှစ်ဖက်ကမြဲမြံစွာပင် တိုက်မိစေဖို့ ထောက်ပံ့ပေးနေသည်။
ထို့ကြောင့် သင့်အား နှာခေါင်းရှုံ့/ငြင်းဆန်တတ်သူများကြုံလျှင် ပြုရမည်က -
"ငါမှားနေပြီလား" ဟုဆင်ခြင်ရန်သာဖြစ်ပြီး မှားနေလျှင် ပြင်ရန် အချိန်ကောင်းမို့ ပြင်လိုက်ပါ။ အကယ်၍ မမှန်ပဲ အပြစ်တင်ကဲ့ရဲ့ နေခြင်းဆိုလျှင် ထိုသူသည် သင့်အား မမှားစေဖို့ "သတိပေးသူ"အဖြစ်ခံယူပြီး လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားပါ။

ယုတ်စွာ အဆုံးဆိုရလျှင် -
"အပြစ်နွံကင်းစင်တော်မူသော ဘုရားရှင်သော်မှ အပြစ်တင်ခွင့်နှင့်မကင်းလွတ်နိုင်လျှင်" သင်နှင့်ကျွနု််ပ်ဘာကြောင့် လူတိုင်းရဲ့ လက်ခုံသံ ကိုမြော်လင့်နေကြပါသနည်း။ ကဲ့ရဲ့ ရှုတ်ချမှုကို အကောင်းမြင်ပြီး ခံယူလိုက်ပါ။ သင်နှင့်ကျွန်တော်တို့အတွက် မင်္ဂလာအဖြစ်ပြောင်းလဲယူလိုက်ပါ။

၃။ သင့်အားစာရင်းမသွင်း/ဂရုမစိုက်သူ။
 
ကျွန်တော်တို့အများစုမှာ အားလုံးရဲ့ အသိအမှတ်ပြုမူကို လိုချင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ သို့သော် ထိုအာရုံပြုမှုကို နေရာတကာမှ အရယူနိုင်ဖို့ ကြိုးစားနေလျှင် "ဘဝစံနှုန်းပြည့်သူ"အဖြစ်မှ လွဲချော်နေပေပြီ။ အကြောင်းမှာ ဘဝဟူသည် တည်ဆောက်ရယူရန်သာဖြစ်ပြီး ထိုသို့တည်ဆောက်ရန်မှာ "အသိအမှတ်ပြုခြင်း/မပြုခြင်း"နှင့်အခြေပြုတည်ဆောက်နေခြင်းမဟုတ်ပါ။

သင်နှင့်ကျွနု်ပ်ဖြစ်ခြင်းကို သင်နှင့်ကျွနု်ပ်တို့သာတည်ဆောက်ရမည်။

"သူများနှာခေါင်းဖြင့် အသက်ရှု၍မရ" ဆိုသည့်အတိုင်း သတိပြုရမည်။

ကလေးငယ်တစ်ဦးလို သူပြုသမျှကို လူတွေအသိအမှတ်ပြုရမည်ဟု ဇွတ်အတင်းပူဆာတိုက်၍ မရနိုင်၊ မဖြစ်သင့်။
"လူတစ်ဦး ပူမှုရယ်က ဆယ်ကုဋေ"ဟု မြန်မာစကားပုံရှိပါသည်။ သင့်အား စာရင်းမသွင်း၊ ဂရုမစိုုက်တိုင်း သင်နှင့်ကျွနု်ပ်တို့ ရန်သူများ မဟုတ်သလို၊ ဆန့်ကျင်မည့်သူများလည်း မဟုတ်ကြပါ။ အကြောင်းမှာ လူတိုင်း သူ့အကြောင်းနှင့် သူ့အပူရှိနေသောကြောင့် ကျွနု်ပ်တို့ကိုလည်း သူတို့ အချိန်ပြည့် စာရင်းသွင်း/ဂရုစိုက်နိုင်ကြမည်မဟုတ်ပေ။

ခရစ်တော်ပြောခဲ့သော စကားလေးတစ်ခွန်းကို အားအင်အဖြစ်ခံယူမိသည်။ ၄င်းမှာ -
"ငါ့ကိုစေလွတ်သော ခမည်းတော်အမှုကို ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏"ဆိုသောစကားသည် လောကတွင် ကျင်လည်စဉ်ခိုက် အစဉ်သတိပြုပြီး ပြီးစီးစေရန် ပေးအပ်ထားသော အမှုကိုသာ အဓိကထားဆောင်ရွက်ကြရပေမည်။

၄။ ရွေးချယ်ခွင့်ရှိသော မင်္ဂလာ/အမင်္ဂလာအဖြစ်သို့။
 
သင်နှင့်ကျွနု်ပ်တို့ လက်တွင်ပေးထားသောထိုအခွင့်အရေးကို မည်သို့အသုံးချမည်နည်း။

ဘဝကိုတည်ဆောက်စေမည့် "မင်္ဂလာ"အဖြစ် ကျေးဇူးတင်စွာခံယူမည်လား (သို့တည်းမဟုတ် ) ဖြိုချဖျက်ဆီးမည့် "အမင်္ဂလာ"အဖြစ် ခံယူ မည်လား။ အားလုံးအခွင့်အရေး ပေးထားပါသည်။ သင်နှင့် ကျွနု်ပ်တို့ ထိုလက်ဆောင်သုံးမျိုးသုံးစားတည်းဟူသော ပရိတ်သတ်သုံးမျိုးကို မင်္ဂလာအဖြစ် ပြောင်းလဲခံယူကြပါစို့……

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages