ဘုရားရှင်၏ အကြံအစည်တော်နှင့် ဖေါ်ဆောင်မှု
ဒီကမ္ဘာ၌ မည်သည့်အရာမှာ အမှတ်မထင်ဖြစ်လာမူ (သို့) တိုက်ဆိုင်၍ ဖြစ်လာမှု ဟူ၍ မရှိပါ။ အထူး သဖြင့် ယုံကြည်သူတို့၌ကား တိုက်ဆိုင်စွာ ကံအကြောင်း တရား ထောက်မ၍ ဖြစ်လာရသည်ဟူ၍ ဆိုခြင်းကား လုံးဝဘုရားသား သမီးအနေဖြင့် မဆီလျှော်ပါလေ။
ကျွနု်ပ်တို့ကိုးကွယ်သော အသက်ရှင်တော်မူသော ဘုရားသည် ကျွနု်ပ်တို့ တစ်ဦးစီတိုင်း၏ အသက်တာအား အရာအားလုံးသိမြင်တော်မူသော ဘုရားဖြစ်၏။ ထို့ကြောင့် ကုရေနေပြည်သား ရှိမုန်သည် ခရစ်တော်၏ ကားတိုင်တော်ကို ထမ်းရွက်ရန် ကြုံဆုံလာရခြင်းသည်ကား တိုက်ဆိုင်မှုတစ်ခုသက်သက်မဟုတ်၊ ဘုရားရှင်၏ အကြံအစည်တော်တစ်ခုပင်ဖြစ်ခဲ့လေ၏။
ရှိမုန်သည် ဘုရားဝတ်၌ မွေ့လျော်သောသူဖြစ်သည်။
ရှင်လုကာ ၂၃ တွင် ကုရေနေပြည်သား ရှိမုန်သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပဿခါပွဲအား ဆင်နွဲရန် ရောက်ရှိလာသူဖြစ်ယုံသာမက၊ လမ်းတစ်လျှောက်လုံး ချီတက်နေကြတဲ့ လူအုပ်ကြီးနှင့် ရောမစစ်သားများ အား စောင့်ကြည့်နေသူဖြစ်သည်။ ခရစ်တော်၏ (အပြစ်နှင့် ကင်းစင်သော်ငြားလည်း) ထမ်းရွက်နေရသော အပြစ်၏ အကျိုးဆက်တရားစီရင်ခြင်းအား ရင်ထုမနာငိုကြွေးနေသော လူတစ်စုနှင့် စာနာသက်ညှာနေသော လူထုတို့၏ ခံစားချက်အသီးသီးကိုလည်း ခရစ်တော်အား မနာလိုမုန်းထားသေရန် ဖန်တီးသူတို့၏ အခြားတဖက် ၌ တွေ့မြင်ပေါ်လွင်နေလေသည်။ ထိုသူတို့ထဲတွင် ရှိမုန်သည်လည်း အပါအဝင် ဖြစ်သည်ကို သိမြင်တော်မူ သော ဘုရားရှင်သည် ရောမစစ်သားတို့အား အသုံးပြုလျက် ခရစ်တော်၏ ကားတိုင်တော်ကို ကူညီထမ်းရွက် စေရန် ဖော်ဆောင် တော်မူခဲ့လေခြင်းဖြစ်သည်။
ရှိမုန်သည် အိမ်ထောင်ရှင်ဖြစ်သည်။
ရှင်မာကုသည် ထိုအရာကို ကောင်းစွာမှတ်တမ်းတင်ခဲ့သည်မှာ "အာလေဇနှင့် ရုဖု၏ အဘရှိမုန်အမည် ကုရေနေပြည်သား… သူတို့တွေ့လျှင် အနိုင်ပြု၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ၏။ မာ၊၁၅း၂၁´´ ထို့အတူ တမန်တော် ၁၃း ၁ တွင် ကုရေနေပြည်သားရှိမုန်အား တဖန်တွေ့ရသည်မှာ ပုရောဖက်နှင့် သင် ကြားသူ ဆရာများ စာရင်းတွင် တွေ့ရလေ၏။ သူသည် အသင်းတော်၏ အားကိုးရသောသူဖြစ်ခဲ့လေသည် သာမက၊ သူ၏ အိမ်သားတို့သည်လည်း ကယ်တင်ရှင်အား သိရှိယုံကြည်သူသက်သက်ဖြစ်ယုံမက အသင်း တော်၌ အားကိုးထားအမှုတော်မြတ်၌ ပါဝင်ဆက်ကပ်သူများဖြစ်ခဲ့ကြရလေ၏။
ရောမ၊ ၁၆း ၁၃ "မတ်သော တပည့်တော်ရုဖုနှင့် သူ၏ အမိတည်းဟူသော ငါ၏ အမိကို နှုတ်ဆက်ကြလော့´´ ထိုအရာအားလုံးတို့ သည် တိုက်ဆိုင်မှုများ မဟုတ်ခဲ့ပါ။ ဘုရားရှင်နှင့်သူ၏ သားသမီးတို့အဖို့ တိုက်ဆိုင်မှုဟူသော စကားသည် သုံးစရာနေရာမရှိပါချေ။
အကြောင်းမှာ အရာခပ်သိမ်းကို သိမြင်တော်မူသော ဘုရားရှင်သည် သင်နှင့် ကျွနု်ပ်အတွက် အကြံအစည်အသီးသီးထားရှိလေသောကြောင့် လောကသား များကဲ့သို့ ကံသို့၄င်း၊ လာဘ်ကောင်းရက်ကောင်းတို့ကို၄င်း၊ မျှော်လင့်စောင့်စားကာ ဝေဝါးတွေဝေနေဖို့မလိုပဲ။ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ဝမ်းမြောက်ရွှင်လမ်းကြကုန်အံ့ (ဆာ၊ ၁၁၈း ၂၄) ဟူ၍ ဆာလံ တွင် ဖော်ပြသည့်အတိုင်း ရက်ကောင်းနေ့မြတ်ကို အစဉ်ဖန်ဆင်းပေးပိုင်သူအား ရှိမုန်ကဲ့သို့ ယုံကြည်နာခံ ကာ ဘဝအသက်တာအား လျှောက်လှမ်းကြပါစို့။ ကားတိုင်ကို ထမ်းသူတိုင်း ပြောင်းလဲမှုဟူသည် အမှန်ဖြစ် လာကြရစမြဲပင်တည်း။
နာမတော်မြတ်၌
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...