ခြေတော်ရာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

ခြေတော်ရာ



"ခြေတော်ရာကို လိုက်လျှောက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ" ( ၁ ပေ၊ ၂း၂၁)။


                     ခရစ်တော်သည် လူသားအားလုံးအတွက်အားကိုးအားထားပြုသင့်သော စံပြပုဂ္ဂိုလ်ပင်ဖြစ်သည်။ ရှေ့ဆောင်ကောင်း ပီသသော သခင်ကိုသိကျွမ်းရခြင်းသည် ရှင်ပေါလု ပြောသကဲ့သို့အမြတ်ဆုံးသောအရာ ဖြစ်ကြောင်းကို အသိအမှတ်ပြုရပေမည်။ ခရစ်တော်သည် သူ၏နောက်တော်လိုက် ကျွနု်ပ်တို့ လူသားများအားလုံးအတွက် လမ်းခရီးဖြစ်ကြောင်း ဖေါ်ပြခဲ့လေသည် ( ယော၊ ၁၄း၆)။ထိုနည်းတူ ခရစ်တော်ဘုရားသည် "ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နှင့်" ဟု ဆိုသောခေါင်းဆောင်မျိုးလည်း မဟုတ်ပေ။ လုပ်သည့်အတိုင်း ပြော၍ ပြောသည့်အတိုင်းလည်းပြုတော်မူသော အရှင်ဖြစ်ကြောင်း တမန်တော်ကြီး ရှင်ပေတရုအား ဖြင့် နောက်တော်လိုက်များအတွက် "ခြေတော်ရာ" သို့မဟုတ် "လမ်းစဉ်"

ကိုထားခဲ့ကြောင်း သက်သေထူထားလေသည်။


                        ခရစ်တော်၏ အသက်တာတွင် လိုက်လျှောက်စရာပုံသက်သေစံနမူနာ ကောင်းများစွာ ချထားခဲ့ရာတစ်ခုသောအကြောင်းကိုဆွေးနွေးသွားပါမည်။လူသားတိုင်းသည် ခေါင်းဆောင်ရှာ သောအခါတွင် ထိုသူသည် အဖက်ဖက်မှ ပြည့်စုံသူကိုသာရွေးချယ်တတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည့်အကြောင်းမှာ အားကိုးထိုက်သော သူကိုသာ အားကိုးမှ ဘဝအတွက် လုံခြုံမှု ရရှိနိုင်ပေမည်။ ထိုခေါင်းဆောင်မည့် ပုဂ္ဂိုလ်သည် တည်ကြည်ခြင်း၊ ရိုးသာခြင်း၊ ကြင်နာသနား တတ်ခြင်း၊ နူးညံ့ခြင်း၊ သိမ်မွေ့ခြင်းစသည်ဖြင့် နှလုံးရည်၊ လက်ရုံးရည်တို့မှာ ခေါင်းဆောင်တစ်ဦး၌ မရှိမဖြစ်သော အရည်အချင်းများပင်ဖြစ်လေသည်။


                    ခေါင်းဆောင်ဟူသည် နောက်ပါငယ်သား များ၏အသက်သွေးကြော ပင်ဖြစ်သောကြောင့် အဘယ်ခေါင်းဆောင် မျိုးကို ရွေးမလဲ၊ အဘယ်သူကို မိမိ၏ဘဝစံပြအဖြစ် ရွေးချယ် ခန့်အပ်မည်နည်း ဆိုသောအရာ သည် သေရေး ရှင်ရေးနှင့်အမျှ လွန်စွာအရေးကြီးသော အခန်းကဏ္ဍတွင် ရှိပါသည်။ခဲယဉ်းသောအချိန်တွင် တိကျပြတ်သားသောဆုံးဖြတ်မှုသည်လည်း နောက်လိုက်ကောင်းတွင်ရှိသင့်အပ်သော "ဓမ္မ ဒိဌာန်" နည်းလမ်း ပင်ဖြစ်သည်။



ခေါင်းဆောင်နှစ်မျိုး။


"အကြင်သူ၏ အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါသင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ သင်တို့၏ သခင်ဖြစ်သည်ကိုမသိကြသလော" ( ရော၊ ၆း၁၆)။

                    ထိုနှုတ်ကပါတ်တော်တွင် ကြည့်ပါက သခင်နှစ်ဦးနှင့်အတူ ထိုသခင်နှစ်ဦးထံမှ အကျိုးတရားဆက်ကိုလည်း ဖေါ်ပြထားသည်ကို တွေ့ရပါသည်။သို့ရာတွင် ထူးခြားချက်မှာ "အပြစ်တရား"အစေခံနောက်လိုက် ငယ်သားများအတွက်မူကား"မြွေပါလည်းဆုံး သားလည်းဆုံး" ဆိုသကဲ့သို့ယခုဘဝ၊ နောင်ဘဝအတွက် ရတတ်မအေးရဘဲသေခြင်းတည်းဟူသော အဖိုးအခကိုသာ ရရှိကြရမည်ဖြစ်သည်။ ယနေ့ အရပ်အခေါ်အဝေါ် "ဘန်းစကား" ဖြင့် ဆိုရပါက "မိအေးနှစ်ခါနာ"ဆိုသကဲ့သို့ပင်ဖြစ်လေသည်။း ထိုမှတစ်ပါးကျန်သခင်တစ်ဦးမှာကား နားထောင်ခြင်းအကျိုးတရား နောက်လိုက်ငယ်သားများ အတွက်မူကား "ယခုဘဝ၊ နောင်ဘဝ" အတွက် ထာဝရအသက်နှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအမွေကိုခံစားကြရပေမည် ( ရော၊ ၆း၂၀-၂၃)။ထိုသခင်နှစ်ဦးအနက် အဘယ်သခင်ကိုကျွနု်ပ်တို့၏ အရှင် ( ခေါင်းဆောင်) နေရာတွင်ပေးမည်နည်း။ ခရစ်တော်သည် ညှင်သာသောသဘောဖြင့် ကျွနု်ပ်အား လမ်းပြချင် ပါသည်။ထိုအရှင်ကို ခွင့်ပြုမည်လား။ ကျွနု််ပ်ဘဝတွင်ကားထိုအရှင်သခင်ကို ရွေးချယ်လိုက်ပါပြီ ( ဗျာ၊ ၃း၁၉-၂၀)။


              ထိုသခင်ကို ရွေးချယ်၍ သူ၏ နောက်ကိုလိုက်ခြင်းသည် သိန်း "၁ဝဝဝ" ထီပေါက်၍နောက်ဆုံးပေါ် ကားတစ်စီး အပိုဆုရခြင်းထက်သာ၍မြတ်သော စိတ်ဝိညာဉ် အာမခံမှုကို ပေးပါသည်( ယော၊ ၃း၁၆၊ ၁ဝး၂၇)။



ခရစ်ယာန်ဟူသည် အဘယ်နည်း။

             ခရစ်ယာန်ဟူသည် ခရစ်တော်၏ နောက်လိုက် ( Follow to Christ or follower of Christ )များကိုသာ ခေါ်ဆိုခြင်းဖြစ်သည်။ ခရစ်ယာန်ဟူ၍မည်မျှ ကြွေးကြော်နေစေကာမူ ခရစ်တော်၏"လမ်းတော်" ၌ မရှိပါက ခရစ်ယာန်ဟူ၍မခေါ်ဆိုထိုက်ပါ။ ခရစ်ယာန်ဟူသော စကားကိုသမ္မာကျမ်းစာတွင် သုံးကြိမ်သာ တွေ့ရလေသည်။၄င်းတို့မှာ-


(၁) ကနဦး နောက်တော်လိုက်များသည်အတူတကွ ဆွေးနွေးကာ ဩဝါဒပေးခြင်းများဖြင့်တရားရေးရာ ခရစ်တော်၏ လမ်းစဉ်လိုက်သောသူများအား ကဲ့ရဲ့သမုတ်ရာမှ ဖြစ်ပေါ်၍ အစပြုခေါ်ဝေါ်ခဲ့လေသည်။ တနည်းအားဖြင့် ခရစ်တော်နှင့်တူသောလမ်းစဉ် ( သမား) များဟု ခေါ်ဆိုခြင်းပင်ဖြစ်သည် ( တမန်၊ ၁၁း၂၅-၂၆)။


(၂) ခရစ်တော်ကဲ့သို့ အပြစ်တရားမှ နောင်တရ၍ ထာဝရဘုရားထံပြောင်းလဲကာ ခွင့်လွတ်ခြင်း(အပြစ်လွတ်ခြင်း) တရားတည်း ဟူသော ဝမ်းမြောက်ဖွယ်ရာ အကျွတ်တရားလမ်း ကောင်းကင်ဘုံသို့သွားရာ မဂ်လမ်းကို ပြညွှန် သက်သေခံခြင်း ကိုလှောင်ပြောင်သော အားဖြင့် အဂြိပ္ပမင်းကြီးမှ"ငါသည် သင်သွေးဆောင်သောအားဖြင့် ခရစ်ယာန်ဖြစ်လုပြီ" ဟူ၍ ရှင်ပေါလုကို ခြေပခြင်း ( တမန်၊၂၆း၂၈) မှ၄င်း။



(၃) ရောမအင်ပါယာတစ်ခုလုံးတွင်ရှိသောခရစ်ယာန်များသည် ပြင်းစွာသော ညှင်းဆဲခြင်းတို့ကို ခံရ၍ ခရစ်တော်၏ နောက်လိုက်များသည်လူတကာ၏ ကဲ့ရဲ့ပြစ်တင် ဝိုင်းပယ်ခြင်းကိုခံရကာ'ကျူပင်ခုတ် ကျူငုတ်မကျန်" ဆိုသည့် အတိုင်း၊ဘဝအမှောင်ကျနေချိန်တွင် တမန်တော်ကြီးရှင်ပေတရုမှ အေဒီ ၆၀ တွင် ခရစ်တော်၏နောက်လိုက် ခရစ်ယာန်များအား ]]ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက်ခြင်းမရှိစေနှင့်}} ဟူ၍ အားပေးစကားပေးပို့ခဲ့ခြင်း(၁ပေ၊ ၄း၁၆)။


                ထိုသို့သောနေရာ သုံးနေရာတွင်သာခရစ်ယာန်ဟူသော စကားလုံးကို တွေ့မြင်ရသည်ကိုထောက်သော် ခရစ်.ယာန်ဟူသည် ခရစ်တော်၏ခြေတော်ရာ ( နောက်တော်) ကိုလိုက်လျှောက်သောသူများကိုသာ ခေါ်ဆိုခြင်းဖြစ်ကြောင်းထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ခရစ်တော်၏ နူးညံ့ခြင်းသဘော။ခရစ်တော်၏ ခြေတော်ရာကို လို်က်လျှောက်ခဲ့ကြသည့်အထဲမှ ခရစ်တော်၏ နူးညံ့ခြင်းကိုလေ့လာသင်ယူကြရပါလျှင် "ငါ့ကိုစေလွတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။သူ၏ အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်"( ယော၊ ၈း၂၆) ဟူ၍မိန့်တော်မူကာ ခရစ်တော်၏ အလိုတော်"လမ်း"ကို သာလျှောက်လှမ်းခဲ့လေသည်။ တဖန်ခရစ်တော်သည် အဘယ့်ကြောင့်ခမည်းတော်၏အလိုတော် "လမ်း" ကိုသာရှေ့တန်းတင်ခဲ့ပါသနည်း။မည်သူမဆိုမိမိကို၌ မကောင်းသော်လည်း ခေါင်းဆောင်ကောင်း ကိုတော့လိုလားတောင့်တကြတတ်သည် မဟုတ်ပါလား။


                               ထို့ကြောင့်လည်း ခရစ်တော်က ငါ့လမ်းစဉ်ခြေတော်ရာကို လိုက်လျှောက်လှည့်ပါဟု မပြောမှီ"စကားအားဖြင့် သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ၊ သူသည်နားလည်သော်လည်း နားမထောင်ဘဲ နေလိမ့်မည် "(သု၊ ၂၉း၁၉) ဆိုသည့်အတိုင်း ဦးစွာ အသက်ရှင်ပြခဲ့ပါသည်။ ခရစ်တော်ဘုရား၏ အမှုတော်သည်တစ်နှစ်သက်တမ်းလွန်လာပြီးနောက်ဒုတိယနှစ်သာသနာ့လုပ်ငန်းတွင်တန်ခိုး၊နိမိတ်လက္ခဏာနှင့်တကွဝမ်းမြောက်ဖွယ်ရာ သတင်းတရားကို ခေါရာဇိန် ဗက္ဇဲဒ၊ ကပေရနောင်နှင့် အနီးတစ်ဝိုက်တွင် ဟောပြောသော်လည်းလူအများစုတို့သည် မာန်မာနထောင်လွှားကာ မယုံကြည်ကြဘဲ ဥပေက္ခာပြုခြင်းတို့ကိုခံတော်မူခဲ့ရလေသည်။


         ထိုသို့ခံရတော်မူသော်လည်းခရစ်တော်သည် နူးညံ့သော စိတ်သဘောနှင့် သူတို့၏နာမ်ဝိညာဉ်ရေးကို တွေးမြင်ကာ သနားတော်မူသဖြင့် ဓမ္မဟောင်း ဆိုးကျိုး၊ ကောင်းကျိုးတို့ကို ပိုင်းခြားနိုင်ရန် နှိုင်းယှဉ်ဖေါ်ပြကာ အကျွတ်တရား ရေအေးအမြိုက်ဆေးကို ထုတ်ဖေါ် ဟောကြား တော်မူခဲ့လေသည် ( မဿဲ၊ ၉း၃၅-၃၆၊ ၁၁း၂၀-၂၄)။ခရစ်တော်သည် ဤလောကီလူသားများအားကယ်ချွတ်ရန် ကောင်းသော ရည်ရွယ်ချက်များနှင့် ကောင်းကင်ဘုန်းစည်းစိမ်ကို စွန့်ကာ ဤလောကသို့လူ့ဇာတိကို ခံယူတော်မူခဲ့သော်လည်း ( ဖိ၊ ၂းရ-၈)၊လူတို့သည် ငြင်းပယ်ခဲ့ကြလေသည်။


             " ထိုသူသည် . . .ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ၊ သို့သော်လည်းဤလောကသည် ထိုသူကို မသိ၊ ထိုသူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း မိမိလူတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏" ( ယော၊ ၁း၁၀-၁၁)။ ထိုကဲ့သို့သော အခြေအနေမှာ ရှိတော်မူသော်လည်းခရစ်တော်သည် "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော ငါသည်ချမ်းသာပေးမည်" ဟု ခရစ်တော် မြွတ်ဆိုတော် မူခဲ့သည့် အချိန်ဝယ် အဘယ်ကဲ့သို့သော နူးညံ့မှုကိုထင်ဟပ်စေသနည်း။ အကောင်းအားဖြင့် နူးညံ့စွာအဆိုးကို အနိုင်ယူလိုက်သော သဘောကို တွေ့မြင်ရပေမည် ( ရော၊ ၁၂း၂၁)။ တစ်ဆက်တည်းမှာပင်"ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏" ဟူ၍ ဖေါ်ပြပြီး သက်သာရာကိုပေးနိုင်ကြောင်း အာမခံချက်ကို ပေးတော်မူနေ ပြန်သည်( မဿဲ၊ ၁၁း၂၈-၂၉)။


                     နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချခြင်းသည်ခရစ်တော်၌ ရှိသည် ထိုအရှင်ထံ ချဉ်းကပ်၍ သူ၏နောက်တော်လိုက်ခြင်းသည် အဘယ်မျှ အကျိုးကြီးသနည်း "စိတ်နှမ့်ချသောသူတို့နှင့် ပေါင်းဖေါ်၍စိတ်နှိမ့်ချခြင်းသည်။ မာနကြီးသော သူတို့နှင့်ဆက်ဆံ၍ လုယူသော ဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏" ( သု၊ ၁၆း၁၉) ဟူ၍ပင် ဝိညာဉ်သဘောတရားရေးရာကို ချိန်ထိုး၍ လက်တွေ့ပြသထားခြင်းသည် လက်တွေ့ကျသောခေါင်းဆောင် ကောင်းပင် ဖြစ်သည်။


ခရစ်တော်နှင့် ဒုက္ခရစရိယာ။



                  "ဘုရားသခင်၏ သားတော် မှန်သော်လည်း ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်းအကျိုး အကြောင်းကို သင်တော်မူ၏"( ဟေဗြဲ၊၅း၈)။ ထိုကဲ့သို့ ခရစ်တော်သည် နူးညံ့၊ နှိမ့်ချသောစိတ်သဘောဖြင့် ခမည်းတော်ရဲ့လမ်းတော်ကိုလိုက်လျှောက်ခဲလေသည်။ထိုအကြောင်းအရာအား(လု၊၂၂း၄၂)တွင်လူ့ဇာတိသဘောအားဖြင့်"အိုအဘ၊အလိုတော်ရှိလျှင်၊ဤခွက်ကိုအကျွနု်ပ်မှလွဲတော်မူပါ"ဟုတောင်းဆိုခဲ့သော်လည်းတစ်ဆက်တည်းမှာပင် " သို့ သော်လည်း အကျွနု်ပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်စေပါ" ဟူ၍ ဝန်ခံခြင်းဖြင့်နူးညံ့နှိမ့်ချစွာ ကားတိုင်တော်ထက်သို့ ဆက်လှမ်းတော်မူခဲ့လေသည်မှာ ကျွနု်ပ်တို့ အဖို့ ပုံသက်သေခြေတော်ရာ တစ်ခုပင်ဖြစ်သည်။ စံပြုထိုက်သောရွေးချယ်တော်မူသည့် အရာပင်ဖြစ်သည်။စာတန်မာရ်နတ်နှင့် ပေါင်းဖေါ်၍ နောက်ကိုလို်က်ခြင်းသည် ပျက်ဆီးယိုယွင်းခြင်းသို့ ရောက်နိုင်သော်လည်း ( ၁ ကော၊ ၁၅း၃၃) ခရစ်တော်နှင့်ပေါင်းဖေါ်၍ သူ၏ နောက်တော်လိုက်ခြင်းအားဖြင့်ပညာတည်းဟူသော ထာဝရအသက်ကို ပိုင်ဆိုင်၍ပညာရှိ နောက်လို်က်ကောင်း ဖြစ်လာပေမည် ( သု၁၃း၂၀)။ ထိုခေတ်ထိုအခါက ခရစ်တော်၏ နူးညံ့စွာအထံတော်သို့ လာနိုင်ကြောင်း ေြွကးကြော်ခဲ့စဉ်ကဝန်လေးနေသောသူများအတွက် အားတက်ဖွယ်ရာဖြစ်ခဲ့ပေမည်။ ထို့ကြောင့်လည်း ခရစ်တော်၏နောက်တော် လိုက်ခဲ့သူများသည် အခက်အခဲညှင်းပန်းမှုကြား ထဲတွင် ရပ်တည်နိုင်ခဲ့ခြင်း စွမ်းရည်တို့မှာ ခရစ်တော်၏ နူးညံ့သိမ်မွေ့ နာခံခြင်းထဲမှစီးဆင်းလာသော အင်အားများ ကြောင့်ပင်ဖြစ်သည်(ဖိ၊ ၄း၁၃)။


အပြောနှင့် အလုပ်ညီသော ခေါင်းဆောင်။

                  ခရစ်တော်အား ရှင်ပေါလုသည် ထပ်ချပ်မကွာခြေတော်ရာကို လို်က်လျှောက်ခဲ့လေသဖြင့် "ငါသည်ခရစ်တော်နည်းတူ ကျင့်သကဲ့သို့ သင်တို့သည်လည်းငါ့နည်းတူ ကျင့်ကြလော့" ( ၁ ကော၊ ၁၁း၁) ဟုဆိုခဲ့ခြင်းဖြစ်သည်မှ ခရစ်တော်၏ ခြေတော်ရာကိုနင်းခဲ့ကြောင်း ကျွနု်ပ်တို့ တမန်တော်များကသမိုင်းတွင် ကျန်ရစ်ခဲ့လေတော့သည်။ အခြားသောဘာသာပြန်သက်ဝင်ကျမ်းတွင် "ငါသည် ခရစ်တော်၏ပုံသက်သေကို လိုက်သကဲ့သို့ ငါ၏ ပုံသက်သေကိုလည်း သင်တို့ လိုက်လျှောက်သင့်သည်" ဟူ၍တွေ့ရသည်မှာ ရှင်ပေါလုသည်လည်း လူသားထဲမှလူသားတစ်ဦးဖြစ်သည်ကို သိမှတ်လျှက် အလေးအနက်ထား ဆင်ခြင်စဉ်းစားစရာ ပင်ဖြစ်သည်။ခရစ်တော်၏ ကောင်းသော ခြေတော်ရာ၌ကနဦး တမန်တော်များသည် ဖြောင့်တန်းစွာလိုက်ခဲ့ကြပြီး သခင့်ခြေတော်ရာကို နင်းကာသမိုင်းကိုရေးခဲ့၍ ကျွနု်ပ်တို့အတွက် လမ်းခရီးတော်ကိုပြညွှန်ခဲ့ကြလေပြီ။


                    ကျွနု်ပ်တို့ အသက်တာတွင်ကားအဘယ်ကဲ့သို့သော သမိုင်းကို ရေးသားချန်ရစ်ခဲ့ကြမည်နည်း။ "ငါပြောသလိုလုပ်၊ ငါလုပ်သလိုလုပ်"ဟူ၍ ဆိုနိုင်ပါမှ သခင့်ခြေတော်ရာကို နင်းသောသူများဖြစ်နိုင်ပြီး ကောင်းသော သမိုင်းရေးသားသူများဖြစ်လာနိုင်ပေမည်။ စကားပုံတစ်ခုကိုဖေါ်ပြလိုပါသည် "လောကကြီးကို ကောင်းအောင်လုပ်ဆောင် ပြုပြင်လိုပါက ဦးစွာ လူတွေကိအရင်ပြုပြင်ရပေမည်၊ တဖန် ထိုလူတွေကိုပြုပြင်ရန် မှာ စကားအရာသက်သက်ဖြင့် မရနိုင်သဖြင့်၊ ဦးစွာ သင်ကိုယ်၌ ပြုပြင်ရပေမည်။ထိုကဲ့သို့ပြင်ဆင်ပါမှ သင်လိုချင်သော ကမ္ဘာကြီးကိုတွေ့ရပေမည" ( သု၊ ၂၉း၁၉) အကြောင်းအရင်းမှာကား "သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်မည့်အကြောင်း ကိုယ်ကိုကိုယ်ထိုး၍နှိပ်စက်( Training ) လေ့ရှိ၏" ( ၁ ကော၊ ၉း၂၇)ဆိုသော စကားအတိုင်း နိယာမကို သိရပေမည်။


                    "ထို့ကြောင့်သသင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့" ( ကော၊၃း၁၂)။ "ခရစ်တော်၌ ရှိသော ထိုစိတ်သဘောကိုသင်တို့၌လည်း ရှိစေကြလော့" ( ဖိ၊ ၂း၅)ဆိုသည့်အတိုင်း ခြေတော်ရာကို လိုက်လျှောက်၍ပုံသက်သေကောင်းဖြင့် သမိုင်းတွင် တင်ကျန်ရစ်စေခဲ့သော သူများအဖြစ် အယောက်တိုင်းကိုဘုရားသခင် ကောင်းကြီးပေးပါစေ။




ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ ဓမ္မပညာအထောက်အကူပြုစာစဉ်မှ ပြန်လည်ဖေါ်ပြပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages