နိယာမနှင့် နိယာမအရှင် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

နိယာမနှင့် နိယာမအရှင်



”နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ် တရား တော်ကို ခန့်ညားသောသူမူကား ချမ်းသာရလိမ့်မည်”( သုတ္တံ ၁၃း၁၃)။


ယနေ့မျက်မှောက်ခေတ်တွင် ဘုရားကို ယုံကြည်သူ သား၊ သမီးများသည် အဘယ့်ကြောင့် ဘုရားအတွက်၊ အများအတွက် အလင်းတရားများ မဖြစ်ကြ သနည်း။ အဘယ့်ကြောင့် ကာယ၊ စိတ္တ၊ သုခနှစ်ဖြာကို မခံစားကြရသနည်း။  အကြောင်း အရင်းကိုစစ်သော် “အရင်းစစ် အမြစ်ပေါ်” ဆိုသော စကားအတိုင်း ပြဿနာ၏ အရင်းအမြစ်သည်ကား နှုတ်ကပတ်တော်တည်းဟူသော အသက်၏ အရင်းအမြစ်ကို ယုံကြည်သူများက ဥပေက္ခာပြုသော အမှုကိစ္စများကြောင့်ပင် ဖြစ်လေ တော့သည်။

၁။ သုတ္တံကျမ်း။

အတွေ့အကြုံ၊ ဖြစ်ရပ်မှန်၊ သဘာဝကျကျ၊ လက်တွေ့ဖြစ်သော သဘာဝယုတ္တိ၊ အာဂမယုတ္တိ များကို မိမိကိုယ်တိုင်ခံစားရမှုများကို လိုရင်းတိုရှင်းဖြင့် ချုံ့ကာ ပြောဆိုခြင်းကို သုတ္တံစကား (သို့) စကားပုံဟူ၍ခေါ်ပါသည်။ ၄င်းသုတ္တံစကား (သို့) စကားပုံတို့သည် ခေတ်ကာလအဆက်ဆက်ကပင် လက်ဆင့်ကမ်း

သယ်ဆောင် လာကြသည်မှာ ယနေ့ခေတ်တိုင်ပင် မရိုးနိုင်သော အလေ့အထ ကောင်းပင်ဖြစ်လေတော့သည်။ “ဤသုတ္တံကျမ်းသည် စာပန်းချီ အလှဖွဲ့ခြင်း မဟုတ်

သလို၊ လူမှုရေး အဘိဓါန်လည်း မဟုတ်၊ ဘဝအောင်မြင်ရေး သော့ချက်ဖြစ်၍၊ မိုက်မဲခြင်းနှင့် ပညာရေးတို့၏ ဆိုးမှု ကောင်းမှုတို့ကို စံနမူနာယူစရာအဖြစ် ခွဲခြမ်း

စိတ်ဖြာခြင်းပင်ဖြစ်သည်” ဟူသော ဒါရဲက်ကဒ်နာက ဆိုခဲ့လေသည်။ သုတ္တံ ကျမ်းသည် ယနေ့ ရောင်းအားကောင်း စာရင်းဝင်ဖြစ်သော “Lord

Chesterfield ၏Letters to His son and others”စာအုပ်ထက်ပင်  အာမခံချက် အပြည့်ပေးကာ လက်တွေ့ဆန်ဆန်မှသာ သဘောကျသော ယုံကြည်သူ

များအတွက် ဒိဌကိုယ်တွေ့ အကျိုးထူးကို ခံစားရရှိနိုင်သော သုတ္တံ တရားတော် ပင်ဖြစ်လေသည်။ ထို့ကြောင့်လည်း ဆာလံဆရာက “အို.. .. ထာဝရဘုရား

နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏” ( ဆာလံ ၁၁၉း၈၉) ဟူ၍ ထုတ်ဖေါ်ဝန်ခံခဲ့ခြင်းပင်ဖြစ်လေသည်။

၂။ နှုတ်ကပတ်တော်။


နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့် မည်။( သုတ္တံ ၁၃း၁၃) ဟူ၍ ဆိုထားသောကြောင့်၊ ဤနေရာတွင် အထူး သတိပြု ဆင်ခြင်ရန်မှာ  ” သတိမမူ ဂူမမြင်၊ သတိမူက မြူပင်မြင်” ဆိုသော စကားအတိုင်း၊ အဘယ့်ကြောင့် နှုတ်ကပတ်တော်ကို မထီမဲ့မြင် မပြုသင့်သနည်းဆိုသော အကြောင်း အရာကို စေ့စေ့ငုငုကြည့်မည်ဆိုပါက အောက်ပါအတိုင်းမြင်တွေ့နိုင်ပါသည်။

က။ နှုတ်ကပတ်တော်တည်းဟူသော ယေရှုခရစ်တော်။

ရှင်ယောဟန်ခရစ်ဝင် ၁း၁ တွင်ကြည့်ပါက “အစအဦး၌ နှုတ်ကပတ် တော် ရှိ၏၊ နှုတ်ကပတ်တော် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်

လည်း ဘုရားသခင်ဖြစ်တော်မူ၏ ” ဟူ၍တွေ့ရပါသည်။ ထို့ကြောင့် ဤနေရာတွင် နှုတ်ကပတ်တော်သည် ယေရှုခရစ်တော်ပင်ဖြစ်သောကြောင့် နှုတ်ကပတ်တော်ကို

မထီမဲ့မြင်ပြုခြင်းသည် ယေရှုခရစ်တော်ကို မထီမဲ့မြင် ပြုခြင်းပင်ဖြစ်လေသည်။ ထို့ကြောင့် “မိဘအား စော်ကား မော်ကားပြုသူ” သည် ဘယ်သောအခါမျှ

မကောင်းစားနိုင်သကဲ့သို့ နှုတ်ကပတ်တော်အား မထီမဲ့မြင်ပြုသောသူသည်လည်း ကောင်းစားရန်ကား လမ်းစပင်မမြင်နိုင်တော့ပေ။

ခ။ နှုတ်ကပတ်တော်တည်းဟူသော ဘုရားစကားတော်။

နှုတ်ကပတ်တော် (သို့) စကားဟူသည် ဘုရားမြတ်၏ နှုတ်တော် ထွက်ပင်ဖြစ်သောကြောင့် ဘုရားနှင့် စကားကို ခွဲခြားမရသည့်နည်းတူ၊ နှုတ်ကပတ်

တော်နှင့် ဘုရားရှင်သည် တလုံးတဝတည်းပင်ဖြစ်လေသည်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်” ဆိုသောစကားအတိုင်း ဘုရားမြတ်ရှင်အား ခန့်ညားရိုသေသော သူသည်

ဘုရား စကားတော်အားလည်း ခန့်ညားရိုသေခြင်းရှိပေလိမ့်မည်။ ဘုရားရှင်ကိုကား ခန့်ညား ရိုသေပါသည်၊ စကားတော် (သို့) နှုတ်တော်ထွက်ကိုကား ရိုသေ

ခန့်ညားခြင်းမရှိပါဟု ဆိုက ထိုသူသည်  ရှေ့နောက် မညီသောသူ၊ သို့မဟုတ် အပြောနှင့် လက်တွေ့မကျသော လေသိုင်းသမားပင်ဖြစ်လေပေတော့မည် (

ဟေရှာယ ၅၅း၁၁)။ ယနေ့ရေပန်းစားနေသော စကားပုံတစ်ခုမှာ “ပြန်မပြော နားမထောင်”ဆိုသည့် လောကီစကားပုံပင်ဖြစ်လေသည်။ ဤစကားပုံတို့ကိုကား ယုံကြည်သူ သားသမီးတို့သည် လုံးဝ လက်ကိုင်မပြုသင့်ပေ။ ထို့ကြောင့်လည်း ကောင်းကြီး မင်္ဂလာကို မခံစားရတော့ပဲ လောကအတွက် အလင်းလည်းမဖြစ်သလို၊ ဘုရား သာသနာ အတွက်လည်း ဆူးညှောင့်ခလုတ်ကန်သင်း ဖြစ်နေကြခြင်းပင်ဖြစ်သည်။  ဤအရာတွင် ရှင်းလင်းသေချာစေရန် သချင်္ာ ညီမျှခြင်းနှင့်တကွ

ရှင်းလင်း ပြရပါက-

(ဘုရားနှင့် + ဘုရားစကား + နှုတ်ကပတ်တော် = တစ်လုံးတစ်ဝတည်းဖြစ်ခြင်း)

(နှုတ်ကပတ်တော် + မနာခံခြင်း = မထီမဲ့မြင်ပြုခြင်း)

(မထီမဲ့မြင်ပြုခြင်း + အသက်တာ = ပျက်စီးခြင်း) တို့ပင်ဖြစ်လေသည်။

၃။ မထီမဲ့မြင်ပြုခြင်းအ ကျိုးရလဒ်။

နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူတို့ကို ဘုရားရှင်က အစဉ်အမြဲ မျက်စိဒေါက်ထောက်ကာ စောင့်၍ အမင်္ဂလာ ကိုပေးနေပါသလား။ သို့မဟုတ် အစဉ်

အမြဲပင် ကျိန်စာတိုက်နေပါသလား။ အဖြေမှာကား ထိုသို့မဟုတ်ပါ။ “မေတ္တာသည် အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိသည်” ဆိုသော လောက စကားပုံ

အတိုင်းပင်  “စိုက်သည့်အတိုင်း” ဆိုသော နိယာမနှင့်အညီ ကျွနု်ပ်တို့ အရှိန်တွန်းကန် အားနှင့် ထပ်တူထပ်မျှ အကျိုးကို မိမိသာပြန်ခံစားကြရခြင်း ပင် ဖြစ်သည်။  “အလွဲမယူကြနှင့် ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မိမိ မျိုးစေ့ကြဲသည့်အတိုင်း  အသီးအနှံကို ရိတ်ရလိမ့်မည်” ( ဂလာတိ ၆းရ)။  ဤနေရာတွင် အလျှဉ်းသင့်သဖြင့် အင်္ဂလိပ်စကား တွင်ကြည့်ပါက “Be not deceived; God is not mocked”  ဟူ၍ ဘုရားရှင်အား ကျွနု်ပ်တို့ မည်သို့မှ

လှည့်စား၍ မရကြောင်းနှင့် ပမာမခန့်လုပ်ရန် မတတ်စွမ်းနိုင်ကြောင်း တွေ့ရ လေသည်။  လူတိုင်းသိသည့် ပမာတစ်ခုဖြင့်ပြရပါက မြန်မာဖတ်စာတွင် တစ်ချိန်က

စာရေးသူ အတော်ကလေးနှစ်ခြိုက်မိသည့် ခေါင်းစဉ်တစ်ခုမှာ ” ဆရာကို အာခံ အာခေါင်လှံစူး” ဆိုသော အရာပင်ဖြစ်သည်။ အရိုးရှင်းဆုံးဖြင့် ဆိုရပါက “ဗျိုင်း”

သတ္တဝါ၏ ငါးဖမ်းပုံနှင့် ငါးအားပင့်မြောက်လိုက်၊ ဆော့ကစားလိုက်နှင့် ကျင့်သား ရနေသည့်အတိုင်း အဆုံးတွင် ငါးကို စားသောက်တတ်သည်ကို အစဉ်အမြဲ မြင်တွေ့

နေရာမှ၊ အားကျအတုယူကာ လုလင်ငယ်တစ်ဦးသည် မိမိအနားရှိ ပစ္စည်း ကလေးများဖြင့် ဆော့ကစားရင်း နောက်ဆုံးတွင် အန္တရယ်များလှသော လှံသွား

ထက်ထက်ကိုပင် ကစားပြ တတ်လာသဖြင့်တမဟုတ်ခြင်း နာမည်ထင်ရှားလာရာမှ “ပြည့်ရှင်ဘုရင်” မင်း၏ ဖိတ်ကြားခြင်းကို ခံရကာ၊ ခန်းနားတင့်တယ်စွာဖြင့် မိမိ၏

အတတ် ပညာကို ပြရန် အချိန်အခါကောင်း အားရပါးရပြသအပြီး၊ နှစ်ထောင်း အားရ ဖြစ်တော်မူသော ပြည့်ရှင်မင်းကြီးက ‘သင်၏ ဆရာသည် မည်သူ

ဖြစ်သနည်း’ဆိုသော အမေးစကားကလေးတစ်ခွန်းကို မေးလာသောအခါတွင် ၊ မိမိ၏ ဆရာသည် “ဗျိုင်း” ကလေးပင်ဖြစ်သည်ဟု ပြောရမည့်အရေးကို မထီမဲ့မြင်

ပြုကာ ဆရာမရှိပါဟု ပြောအပြီး နောက်တစ်ကြိမ်ကစားခိုင်းရာတွင် လုလင် ငယ်သည် ‘ဆရာကာပြန် အာခေါင်လှံစူး’ ၍ သေပွဲဝင်ခဲ့ရလေသည်။

ထိုအချိန်တွင် ‘ဗျိုင်း’ ကလေးသည် သူ၏ အတတ်ပညာကိုကြည့်ကာ လူသား တစ်ဦးက အသက်မွေးဝမ်းကြောင်းပြုနေသည်ကို မသိသလို၊ သူ့အား

မထီမဲ့မြင် ပြုနေသည်ဟုလည်း မသိရှိရိုးအမှန်ပင်ဖြစ်သော်လည်း၊ နိယာမတရား အတိုင်း လုလင်ငယ်၏ ဘဝသည် အဆုံးသတ်မလှမပ ဖြစ်ရလေသည်။ သတ္တဝါ

ကိုပင် မထီမဲ့မြင်ပြု၍ ထိုသို့ဖြစ်ပါက၊ ထာဝရ ဘုရားမြတ်ရှင်ကို မထီမဲ့မြင် ပြုခြင်းသည် ကား သာ၍ သတိမူသင့်သော အရာပင်ဖြစ်သည်။

၄။ သမ္မာကျမ်းမှ သင်္ခန်းစာယူစရာ။


က။ ယေရောဗောင်။ ဣသရေလတို့၏ ဘုရင်တို့သည် အစဉ်အဆက်က ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို အစဉ်လေးစားသမှုပြုခဲ့သောကြောင့် တိုင်းသိပြည်သိ  ကောင်းစား ခြင်းတို့သည် အခြားအရပ်တပါးသို့ တိုင်အောင် ပြန့်နှံခဲ့ လေသည်။ သို့သော် ယေရောဗောင်လက်ထက်တွင်ကား ထိုသို့ မဟုတ်ခဲ့ တော့။ အကြောင်းအရင်း မှာကား နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသော အကျိုး ဆက် များကြောင့်ပင်ဖြစ်သည်။  ထိုအရာအတွက် ထာဝရဘုရားမြတ်ရှင်၏ မိန့်တော်မူ ချက်မှာကား “သင်မူကား .. .. .. ငါ့ကို သင့်ကျောနောက်သို့ပစ်ထားပြီ”( ၃ ရာ ၁၄း၉ ) ဟူ၍ပင် ဖြစ်သည်။ဘုရားရှင်အား မည်သူတစ်ဦးတစ်ယောက်ကမှ လိမ်ညာ ကစား၊ တူတူပုန်း တမ်း ကစားခြင်းပြု၍မရသည်ကို သတိချပ်သင့်သည် ထို့အတွက်ကြောင့်ပင် ယေရော ဗောင် ရင်ဆိုင်ခဲ့ရသော အကျိုးဆက်များကား -အမျိုးပယ်ဖြတ်ခံရခြင်း။ မြို့တွင်သေသူရုပ်အလောင်းတို့အား မမြုပ်နှံရပဲ ခွေးစားခံရခြင်း။ မြို့ပြင်သေသူ ရုပ်အလောင်းတို့အား လင်းတစာ အဖြစ်ပြုခံရခြင်း စသော  အကျိုးဆက်များတို့ သည်ကား မထီမဲ့မြင်ပြုခြင်း၏ အကျိုးပင်ဖြစ်သည်။  “ငှက်ပျောပင်စိုက် မိလိုက်ဖသာ”ဆိုသော မြန်မာစကား ဆိုရိုးအတိုင်း ပင်ဖြစ်သော်လည်း ဘုရားရှင်သည်ကား တရားမျှတသော ဘုရားဖြစ်ကြောင်းကို ဆက်လက်၍ တွေ့မြင်ရသည်မှာ “ယေရောဗောင်၏ အမျိုးသားစုတွင်၊ ထိုသူငယ် (သား) တစ်ယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရောဗောင် အမျိုးသားစုတွင် ထိုသူငယ်တစ်ယောက်သည် ဣသရေလအမျိုး၏

ဘုရားသခင် ထာဝရဘုရား၌ ကြည်ညိုသောစိတ်ရှိ၏” ( ၃ ရာ ၁၄း၁၃ ) ဟူ၍ မိဘ ဖြစ်သူက အမွေမပေးသော အမြတ်ဆုံးသော ဘုရားရတနာကို အသက်ရှင်

စဉ်ခိုက်တွင် အရယူနိုင်သောသူဖြစ်သည့် သားဖြစ်သူ အဘိယသည်ကား လူလူ သူသူဖြင့် ကောင်းမွန်စွာ ဘဝနိဂုံးကို ထာဝရဘုရား၌သာ ခိုလှုံခွင့်ရခဲ့လေသည်။

ခ။ ဧလိနှင့်မိသားစု။

ယနေ့ယုံကြည်သူအသိုင်းအဝိုင်းတွင် ဧလိကဲ့သို့သော မိသားစု များသောကြောင့် လောကတွင် “အမှုတော်ဆောင်များ တိုးပွားရမည့်အစား”"အမှောင် တော်စုများ တိုးပွားနေခြင်းပင်” ဖြစ်သည်။ “ထိုသူ၏ သားတို့သည် ကိုယ် ယုတ်မာသည့်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော်လည်း ကျပ်တည်းစွာ မဆုံးမသောကြောင့်” ဟူသော ဘုရားရှင်မြတ်၏ မှတ်ချက်ပေးခြင်းကို ခံရလေသည်။ အကြောင်းမှာ ဧလိသည် ထာဝရဘုရားမြတ်ရှင်၏ နှုတ် ကပတ်

တော်လာ စကားတော်ကို မထီမဲ့မြင်ပြုကာ မှားခဲ့သော အပြုအမူကြောင့် မြန်မာ စကားပုံနှင့် ချိန်ထိုးပြရပါက- အမိယုတ်သား နှုတ်အာကြမ်းသည်။ အဖယုတ် သား

ကိုယ်မူကြမ်းသည် ဆိုသည့် အတိုင်း ဘုရားမြတ်အား၄င်း၊ နှုတ်ကပတ် တော်အား၄င်း မထီမဲ့မြင်ပြုခဲ့သောကြောင့် အဆုံးတွင် ပျက်စီးခဲ့ကြရ လေသည်။ ထိုမျှ သာမက ဧလိ၏ စစ်မှန်သော ဖခင်မေတ္တာစိတ်ကင်းမဲ့မှုကို ကျွနု်ပ်တို့ သိရှိ နိုင်သည့်အရာမှာ “သင်၏ သားတို့ကို ငါ့အပေါ်မှာ အဘယ့်ကြောင့် ချီးမြောက်

သနည်း။” ( ၁ ရာ ၂း၂၉ ) ဆိုသော ဘုရားမြတ်၏ စကားတော်ကို ဧလိသည် မည်သို့မှ ခွန်းတုန့်မပြန်နိုင်ခဲ့ရသည့်အကြောင်းက “ဆိတ်ဆိတ်နေ ဝန်ခံသည်”

ဆိုသော စကားအတိုင်း ၊ ဘုရားထက် သားများကို ဦးစားပေး မှားခဲ့လေ ကြောင်းကို တွေ့သိရ လေသည်။

၅။ အဘယ့်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။

နှုတ်ကပတ်တော်၌ ကြီးထွားခြင်း၊ မသိကျွမ်းခြင်းတို့ကြောင့်ပင်ဖြစ်သည်။ လူသည် အသိတရားမဲ့ဖြင့် အသက်ရှင်၍ မရပါ၊ အသိတရားဖြင့်သာ အသက် ရှင်

ကြသလိုယုံကြည်သူတို့သည်လည်း နှုတ်ကပတ်တော်အားဖြင့်သာ အသက်ရှင်သန် ကြရလေသည်။ ထို့ကြောင့်လည်း “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍

သမ္မာတရား ( နှုတ်ကပတ်တော်) ကို သိစေခြင်းငှါ ဘုရားသခင် အလိုတော်ရှိ၏” ( ၁ တိ ၂း၄ ) ဟူ၍ ဘုရားမြတ်က မိန့်မှာထားခြင်းပင်ဖြစ်သည်။  ဤအကြောင်းအရာ တို့သည်ကား ကျွနု်ပ်တို့လောကတွင် အသက်ရှင် စဉ်ခိုက် ဘုရားအတွက် အများအတွက် အလင်းနှင့် ကောင်းကြီးမင်္ဂလာရှိသော အသက်တာဖြင့် အသက်ရှင်နိုင် ရေးပင်ဖြစ်သည်။ သို့သော် ယနေ့ ယုံကြည်သူ များတို့ကို နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုကြသောကြောင့် ဘုရားမြတ်ရှင်က “ငါ့လူ တို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးခြင်းသို့ ရောက်ကြ၏” ( ဟောရှေ ၄း၆ ) ဟုအတိအလင်းဖွင့်ပြထားလေသည်။  မြန်မာစကားပုံတွင် “မရှိတာထက် မသိတာ ခက်” သည်ဟု ပြဆိုသည် စာရေးသူအနေဖြင့်မူကား ထပ်ပေါင်း ထည့် လိုသည်မှာ “မရှိတာထက် မသိတာခက်၊ မသိတာထက် မသိချင်တာက ပို၍ခက်”သည် ဟူ၍ပင်တည်း။  အကြောင်းအရင်း ကို ပြရပါသော် လူသည် “လိုလျှင် ကြံဆ နည်းလမ်းရ” ဆိုထားသလို၊ နှုတ်ကပတ်တော်ကလည်း “ဖြောင့်မတ်သောသူ၏ တောင့်တ သော အကျိုးကိုကား ထာဝရဘုရား ပေးတော်မူမည်” ( သုတ္တံ ၁ဝး ၂၄ ) မဟုတ်ပါလား။ ထို့ကြောင့် နှုတ်ကပတ်တော်ကို လူတို့သည် မသိသောကြောက် ထာဝရ ဘုရားမြတ်အား ချစ်ကြောက်ရိုသေ ရကောင်းမှန်း မသိသော အသက်တာဖြင့် ခရီး ဆက်နေသောကြောင့် အဘယ်မှာလျှင် ကောင်းကြီးမင်္ဂလာ ဖြစ်လာနိုင်ပါ တော့အံ့နည်း။  “မသိ၍ မရိုသေ၊ မရိုသေ၍ သတင်းမဖြစ်၊ သတင်းမဖြစ်၍ အလင်း မပါ၊ အလင်းမပါ၍ ဘုန်းမထင်ရှား၊ ဘုန်းမထင်ရှား၍ ကောင်းကြီးမလာ” စသော ဂျာအေး သူ့အမေရိုက် အသက်တာဖြင့် လုံးခြာလည် လိုက် နေရလေတော့သည် သာတည်း။

၆။ ခန့်ညားသောသူ ချမ်းသာရ။

သုတ္တံ ၁၃း၁၃ ၌ ပညာတ်တရားတော်ကို ခန့်ညားသောသူမူကား ချမ်းသာ ရလိမ့်မည်ဟူ၍ ဆိုထားပါသည်။  လောကတွင် “ဆုပေး ဒါဏ်ပေးစနစ်” ရှိသည့် နည်းတူ၊  မထီမဲ့မြင်ပြုသူသည် ပျက်စီးပါက၊ ခန့်ညားသောသူသည် ချမ်းသာ ရမည်မှာ သဘာဝကျလှသည် မဟုတ်ပါလား။ ထို့ကြောင့် မည်သို့ ခန့်ညား ရမည်နည်း။ ဆိုသော မေးခွန်းသည် နေ့စဉ်အသက်တာတွင် မေးစရာ မေးခွန်း ဖြစ်လာပေတော့သည်။

က။ ကောင်းတာမှန်သမျှပြုရမည်လော။

“ဟာ. . . ကောင်းတာတော့ အားလုံးလုပ်သင့်တာပေါ့၊ ကောင်းမှု တစ်ခု နေ့စဉ်ပြုလို့ ဆိုထားတာပဲ မဟုတ်လား” ဟူ၍ စာရှုသူများ စောဒက တက်လိုတက်ကြပေမည်။  သို့သော် နှုတ်ကပတ်တော်နည်းအရမူကား “သို့ဖြစ်၍ ငါ၏ အစားအသောက်သည် ငါ့ညီအကိုကို မှားယွင်းစေလျှင် ငါ့ညီအကို၌ မှားယွင်း စရာ အကြောင်းမရှိစေခြင်းငှါ အမဲသားကို အစဉ်မပြတ်ရှောင်မည်” ဟူ၍ ဆိုသော စကားကို အစဉ်မမေ့သင့်ပေ။  လောကတွင် လူတို့က သတ်မှတ်ထားသော ကောင်းသောအရာများတို့သည် နှုတ်ကပတ်တော်နှင့် ချိန်ထိုးကြည့်၍ မကိုက်ပါက ပယ်ရှောင်ရပေမည်။ အကြောင်းမူကား “ယဇ်ပူဇော်ခြင်းထက် နာခံခြင်းကို ဘုရားရှင် သာ၍ အလိုတော်ရှိ”ပေသည်။

ခ။ ခပ်သိမ်းတို့သည် ဘုန်းတော်အတွက်သာဖြစ်ရမည်။

ကျွနု်ပ်တို့သည် ပညာတ်တရားအောက်တွင် လုံးဝ ( လုံးဝ ) မရှိကြတော့ပေ၊ ကျေးဇူးတရားအားဖြင့်သာ အသက်ရှင်နေကြသူများပင်ဖြစ်သည်။ သို့သော်လူတစ်ချို့၏ အလွဲယူ နေကြသော ကျေးဇူးတရားကို မှောက်လှန် နေကြ သော သူများကို စကားပုံတစ်ခုဖြင့် ပြောရပါက ။ မြန်မာနိုင်ငံ၏ ခေါင်း ဆောင်ကြီး က “လွတ်လပ်ရေး ဟူသည်  ထင်ရာ စိုင်းဘို့ မဟုတ်” ဟုဆိုခဲ့သကဲ့သို့ “ကျေးဇူး တရားသည်လည်း ထင်ရာ စိုင်း ဘို့  မဟုတ်” ကြောင်းကို ရှင်ပေါလုက အတိအလင်းဆိုခဲ့လေသည်(၁ကော ၁ဝး၃၀ )။ လောကအတွက် သူတပါးအတွက် အလင်း၊ ကောင်းကြီးမင်္ဂလာ ဖြစ်လိုသောသူသည် နှုတ်ကပတ်ကို အောက်ပါအတိုင်း   ခန့်ညားရပေမည်။ ၄င်းတို့မှာ – စားသော်၄င်း။ သောက်သော်၄င်း။ မည်သည့် ( ဘယ်အရာ ) အမှုကို ပြုသော်၄င်း။ ထိုပြုသမျှတို့သည် ဘုရားသခင့်ဘုန်းတော်အတွက် ( သို့ ) ဘုရားမြတ်၏ နှုတ်ကပတ်တော်နှင့် အညီလုပ်ဆောင်ရေးပင်ဖြစ်သည်။ ” အိမ်မှာခေါင်၊  ထီးမှာ ခရိုင်၊ လူမှာ ဘုရား” ဖြစ်နေလျှင် မည်သည့်ကာလ၊ မည်သည့်နေရာ၊ မည်သည့် အလုပ်မှာပင် ဖြစ်နေပါစေ သင်သည် လောကအတွက် အလင်း၊ ဘုရားအတွက် သတင်း၊ လောကီ ၊ လောကုတ္တရာအတွက် အကျိုးပြုသောသူ ဖြစ်လာပေတော့ မည်ကား မြေကြီးလက်ခတ်မလွဲပါ။

၇။ မြန်မာ့စကားပုံများကို ချိန်ထိုးကြည့်ခြင်း။

နှုတ်ကပတ်တော်ကို မည်မျှအားကိုးခိုလှုံကိုးစားနိုင်ကြောင်းကို မြန်မာ စကားပုံများဖြင့် ပြရပါက “မိဘစကား နားဝယ်ထား မှားတယ်များ ကြားဘူး ပါသလားကွယ်” ဟူသော သီချင်းလိုပင်ဖြစ်သည်။ ၄င်းအရာကို နှုတ်ကပတ်တော်က “သားသမီးတို့ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘ စကားကို နားထောင်ကြလော့. . . မိဘကို ရိုသေစွာပြုလော့။ ဤ ပညတ်သည်ကား သင် သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည့်အကြောင်း” ဟူ၍ ( ဧဖက် ၆း၁-၃) တွေ့ရပါသည်။ အထက်ပါစကားရပ်နှစ်ခု၏ အကျိုး သက်ရောက် မှုကိုကား စာရေးသူ ကိုယ်တွေ့ဖြင့် ရဲရဲကြီး အာမခံရဲပါသည်။ ” မိဘ မျက်ရည် တစ်စက်၊ သားသမီး ဘဝတစ်သက်” ” ကျေးဇူးမဆပ်နိုင်ရင်လေ ကျေးဇူး မကန်း လေနှင့်”စသော စကားတို့သည် ဘဝအတွက် ကောင်းစားရေးတွင် သား သမီးတို့ ထားရှိအပ်သည့် ဝတ္တရားများပင်ဖြစ်သည်။  အခြား ဆန့်ကျင်ဘက်တွင်ကြည့်ပါက “အကြင်သူသည် မိဘကို ကျိန်ဆဲ ၏၊ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မှိက်၌ သေလိမ့်မည်” ( သုတ္တံ ၂ဝး၂၀)။ မိဘတို့မည်သည် မိမိတို့၏ သားသမီးတို့ကို မျက်စိ ဒေါက် ထောက်ကာ ဒုက္ခရောက်စေရန်အရေး ပြုနေကြလိမ့်မည်ကား မဟုတ်ပါ။ သို့သော် နှုတ်ကပတ်တော်လာ စကားအတိုင်း မိဘအပေါ်တွင် ပမာမခန့် ပြုသောသူသည် အမှန်ပင် နိယာမ တရားအတိုင်း ခံစားရမည်ကား ထာဝရ ဘုရားမြတ်၏ ထာဝရ နိယာမပင်ဖြစ်သည်။

၈။ ယောသပ်အသက်တာ အတုယူစရာ။

“မိဘစကား နားဝယ်ထား မှားတယ်များ ကြားဘူးပါသလား” ဟူ၍ လောက သားတို့က ဆိုနေလေသဖြင့်၊ တပြန်စာရေးသူ မေးလိုသည်မှာကား “ထာဝရ ဘုရားစကား နာဝယ်ထား မှားတယ်များ မေးသင့်ပါရဲ့လား” ဟူ၍ပင် ဖြစ်သည်။ ယောသပ်အသက်တာတွင် ကြည့်ပါက လူထဲကလူ၊ သွေးသားဖြင့် သူလို၊ ငါလိုလူပင် ဖြစ်ငြားသော်လည်း အဘယ့်ကြောင့် မကောင်းမှုကို မပြုပဲ ရှောင်ဖယ် နိုင်ခဲ့ပါသနည်း? အဖြေသည်ကား – ထာဝရဘုရားအား၄င်း။ ထာဝရဘုရား၏ စကား တော်အား၄င်း။ ခန့်ညားခြင်းဖြင့်  ။ စားသော်၄င်း ။ သောက်သော်၄င်း။ မည်သည့် အမှုကိုပြုသော်၄င်း။ ထာဝရဘုရား၏ ဘုန်းတော်အတွက်သာ ဦးတည် လုပ် ဆောင်သော အသက်တာကြောင့်ပင်ဖြစ်သည်။ သူ၏ အကျႌကိုစွန့်၍ ပြေးပိုင်ခွင့်နှင့် အကျႌကိုချွတ်ကာ အိပ်ပိုင်ခွင့်လည်း ရှိနေပါသည်။ သို့တိုင်အောင် ယောသပ်သည်ကား “ဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဆိုသောစကားကိုကြည့်ခြင်းအားဖြင့် (ကမ္ဘာဦး ၃၉း၉) ယောသပ်သည် ထာဝရဘုရားနှင့် ထာဝရဘုရား၏ နှုတ်ကပတ် တော်ကို သိရှိနားလည် ခန့်ညားသောသူဖြစ်ကြောင်း သိရှိနိုင်ပါသည်။ အကြောင်းမှာ

ပညာတ်တော် ဆယ်ပါးတွင် ပါဝင်သော- သူများသားမယားကို မပြစ်မှားနှင့် ( ထွက် ၂ဝး၁၄  ) ဆိုသော နှုတ်ကပတ်တော်ကိုသိသောကြောင့် “ဘုရားကိုယုံ၍

စကားတော်ကိုလည်း နာခံခဲ့ခြင်းပင်ဖြစ်သည်”။ ဤကား မဿဲ ၆း၃၃ ကိုပြည့်စုံ စေသောကြောင့်၊ ကျွန်ဘဝ ရောက်သည့်တိုင် လောကဓံရဲ့ အထုအထောင်းကို

ယောသပ် ရင်ဆိုင်ရသော်လည်း လူသားမိဘစကားထက် အာမခံချက် အပြည့်ရှိသော ထာဝရ ဘုရား၏ ချီးမြောက်ခြင်းကိုခံခဲ့ရသည်မှာ သူ့ဘဝတွင် လိုအပ်သော

အရာမှန် သမျှတို့ကိုလည်း ရရှိခဲ့လေသည်။ ၄င်းတို့မှာ ” သင်လိုသမျှ ဆိုသော စကားအတိုင်း” ပြည့်စုံခွင့်ရခဲ့လေသည်မှာ


–  ဆိုင်ကော်၍ ခြုံပေါ် ရောက်ခြင်း မဟုတ်သော ဘုရင်အဖြစ်သို့၄င်း။


အမဲရိုးက ဟင်းအိုးမှ အားမနာဟု အပြောမခံရပဲ ဘုရင့်သမက်ဖြစ်ခြင်း။


ငကြွားဟု အပြောမခံရပဲ ပညာရှင်ဘဝ ရောက်ခြင်းတို့ သည်ကား ထာဝရ ဘုရား၏ ” နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ရှေးဦးစွာ

ရှာကြလော၊ နောက်မှ ထို ( လိုအပ်ရာ ) အရာများကို ထပ်၍ ပေးတော်မူလတံ့”ဆိုသော ကတိတော်စကား၏ သက်ရောက်မှုပင်ဖြစ်သည်။ တနည်းဆိုရပါက “နိယာမ အရှင်၏ ကောင်းကြီး မင်္ဂလာ” ပင်ဖြစ်လေတော့သည်။

၉။ နှုတ်ကပတ်တော်ကို ပြောင်းလဲစေနိုင်သလော။

အဖြေသည်ကား၊ မပြောင်းလဲစေနိုင်ပါ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ မပြောင်းလဲစေနိုင်ပါပင်ဖြစ်သည်။  “ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှါ

အလျှဉ်းမတတ်နိုင်ကြ၊ သမ္မာတရားဘက်၌နေ၍သာတတ်နိုင်ကြ၏”(၂ ကော ၁၃း၈-၉)၊ ဤကား လက်တွေ့နှင့်ဆိုင်သော အဖိုးမဖြတ်နိုင်သည့် ရတနာ စကားပင်

ဖြစ်လေသည်။ ဆီးတားခြင်းဟူသည်၊ မထီမဲ့မြင်ပြုခြင်းဖြစ်ပြီး ထိုသို့ပြုသူသည်သာ အဆုံး၌ အတိဒုက္ခရောက်ရပေလိမ့်မည်ကိုကား တမန်တော်ကြီး ရှင်ပေါလု၏

အသက်တာက မီးမောင်းထိုးပြနေပါသည် “ရှောလု၊ ရှောလု၊ ငါ့ကို အဘယ့်ကြောင့် ညှင်းဆဲသနည်း၊ ဒုတ်ချွန်ကို ခြေနှင့် ကျောက်လျှင် ခက်လှသည်” ( တမန်တော်

၂၆း၁၄) ဟုဆိုသောအခါတွင် ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်နေသော ရှောလု သည် အဆုံး၌ ခရစ်တော်၌သာ ခိုလှုံရင်း  ဘဝကို အဆုံးတိုင်အောင် နားခိုရာကို

တွေ့မြင်ခဲ့သူပင်ဖြစ်သည် သာမက အဆုံးတိုင်အောင်လည်း ဘုရားအတွက် ဆက်ကပ် အသက်ရှင်သွားခဲ့သူပင်ဖြစ်သည်။  ပေါလု၏ ” သမ္မာတရားဘက်၌ နေ၍သာ တတ်နိုင်ကြ၏” ဆိုသော စကားနှင့်အညီ သူ၏ ဘဝတွင် အခြားသော အဖိုးမဖြတ်နိုင်သည့် အတုယူစရာ စကားတစ်ခွန်းမှာ ” အဘယ်သူကို ငါယုံကြည်သည်ကို ငါသိ၏” ( ၂ တိ ၁း၁၂ ) ပင်ဖြစ်သည်။ ဘဝတွင် အသက်ရှင်တော်မူသော ဘုရားမြတ်ကို မသိ၍ လွဲမှားစွာ အသက်ရှင်ခဲ့သော ပေါလုသည် အဆုံး၌ ဘဝခရီးကို ဖြောင့်ဖြူး ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့လေသည်။ ယနေ့ သုတ္တံ ၁၃း၁၃ မှ နှုတ်ကပတ်တော်အား မထီ မဲ့မြင်ပြုကာ လောကတွင် “အမှောင်တော်စု” အဖြစ် အသက်ရှင် ကြမည်လား? သို့တည်း မဟုတ် “အမှုတော်ဆောင်” အဖြစ် မိမိအသက်တာကို အသက်ရှင် ကြမည်လား။ ဆိုသော အမေးစကားကို ပါးလိုက်ရင် ထာဝရဘုရား၏ ကတိတော် တစ်ခုဖြင့် အဆုံးသတ် လိုသည်မှာ ” ငါ့ကို  ချီးမြောက်သောသူကို ငါချီးမြောက် မည်။ ငါ့ကို မထီမဲ့မြင် ပြုသောသူတို့သည် ဂုဏ်အသရေ ပျက်ရကြလိမ့်မည်” ( ၁ ရာ ၂း၃၀ ) ဆိုသော  စကားတော်နှုတ်ကပတ်တော်အတိုင်း နှုတ်ကပတ် တရား တော်အား ခန့်ညားကာ အသက်ရှင်ကြပါစို့ဟု တိုက်တွန်းဝေငှ လိုက်ပါသည်။

နာမတော်မြတ်၌


Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages