စံနမူနာယောသပ်အသက်တာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

စံနမူနာယောသပ်အသက်တာ


ယောသပ် ( ကောင်းကင်ဘုံနှင့်ဆိုင်သော ရှုပါရုံနှင့် နှိပ့်ချသောသူ) (မဿဲ၊ ၁း၁၈-၂၅)


နိဒါန်း။


လောကသို့ တစ်ပါးတည်းသော သားတော်ကို စေလွှတ်ကယ်တင်တော်မူလိုသောအခါ ဘုရားသခင် သည် လောက၌ သူ့အတွက် အသုံးတော်ခံဖြစ်သော မာရိအား ရွေးချယ်တော်မူခဲပါသည်။ လောကတွင် သားတော် ခရစ်တော်လူ့ဇာတိခံယူစဉ် လူသားဖခင်တစ်ဦး အမှန်အားဖြင့်တော့ မလိုအပ်သော်လည်း လောကသို့ ကူသူမဲ့ အဖြစ်ရောက်ရှိလာတော်မူမည့် ခရစ်တော်ဘုရားအတွက် လိုအပ်သောအမှုကိစ္စအတွက် ကူညီဖေးမ ပံ့ပိုးပေးရန် ယောသပ်ကို ရွေးချယ်တော် မူခဲ့ပြန်ပါသည်။ ဤကား လောက၏ နိယာမအတိုင်း လိုအပ်မှုများကို ဘုရားသခင် ပြင်ဆင်တော်မူသော အမှုရေးရားပင်ဖြစ်သည်။


ထိုအမှုအရာကို ကြည့်ခြင်းအားဖြင့် ယောသပ်သည် သာမညလူမဟုတ်သည်ကို မြင်တွေ့ရသည်။ အထက်ပါ သမ္မာကျမ်းချက်ကို ကြည့်ပါက ယောသပ် သည် သနားကြင်နာတတ်သူ၊ တည်ကြည်ရိုးသားသူနှင့် မေတ္တာတရားကို အထူးအလေးပြုသူဖြစ်ကြောင်း ကောင်းစွာမြင်တွေ့ရလေသည်။ လူ့ဘဝ သက်တမ်း တစ်လျှောက်လုံးတွင် ယောသပ် အသက်တာ၌ ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေခဲ့သူဖြစ်သည်သာမက အထူးသဖြင့် ဘုရားသခင်အတွက် လုံးဝဆက်ကပ် အပ်နှံသောသူဖြစ်ခဲ့သည်။ ထိုမျှမက ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် နှိပ်ချကာ ဘုရားဘုန်းတော်အတွက် ရှေ့ရှုသောသူဖြစ်ပြီး အထက်မှပေးအပ်သော သာသနာ ကိုသာ ပြီးစီးစေသည့် စိတ်နှလုံးရှိသောသူဖြစ်သည်။


အထက်ပါ ကျမ်းစာတော်မြတ်ကို ဖတ်ရှုသောအခါတွင် လူသားပီသသော ယောကျင်္ားတစ်ဦး၏ အကျင့်သီလ၊ သိက္ခာတရားတို့ကို ယောသပ်အသက်တာတွင် အထင်းသားမြင်တွေ့ရသည်။ ယောသပ်သည် လူမှုကျင့်ဝတ်တရားများနှင့်အညီ အသက်ရှင် ရပ်တည်ရေးကို ဘုရားသခင့် အလိုတော်နှင့် အညီ ရှေ့တန်းတင် အလေးထားခဲ့သူဖြစ်သည်။ ဘုရားသခင်သည် ယောသပ်အား ခေါ်သကဲ့သို့ သင်နှင့် ကျွနု်ပ်အား ခေါ်ကာ အသုံးပြု မည်မဟုတ်ပါ။ သို့သော် သူ၏ ဘုန်းတော်အတွက် သင့်လျှော်သော နည်းလမ်းများအားဖြင့် သင်နှင့် ကျွနု်ပ်တို့၏ ဘဝကို အသုံးပြုလိုသည်ကိုကား ကျွနု်ပ် အသေအချာပင် ပြောဆိုရဲပါသည်။


အထက်ပါ ဖြစ်စဉ်လေးကို ကြည့်ခြင်းအားဖြင့် ယောသပ်အသက်တာအား အသေးစိတ် လေ့လာပြီး အဘယ်သို့သော အသက်တာနှင့်အဘယ်သို့သော  စရိုက်လက္ခဏာတို့ကြောင့် ယောသပ်အား ဘုရားသခင် အသုံးပြုလိုခဲ့သနည်း ဆိုသည်ကို အတူလေ့လာချင်သည်။ ထို့ကြောင့်လည်း ကောင်းကင်ဘုံနှင့်ဆိုင်သော ရူပါရုံနှင့် နှိပ်ချသော ယောသပ်ဟု အမည်တပ်လိုချင်းဖြစ်သည်။


၁။ ထိမ်းမြားမင်္ဂလာနှင့် စိတ်ခြောက်ခြားဖွယ်ရာ။ ၁း၁၈-၁၉။


ယောသပ်သည် ဘုရားသခင်၏ မဟာအမှုတော်မြတ်အတွက် အထူးရွေးချယ် ခွဲခန့်ခြင်းကို ခန့်အပ်ခံရ သောသူဖြစ်သော်လည်း သူ၏ အသက်တာ သည် အနှောက်အယှက်အဆီးအတားများဖြင့် လွတ်ကင်း သောသူကား မဟုတ်ပါ။ အထက်ပါ ကျမ်းစာတော်မြတ်ကို ကြည့်ပါက စေ့စပ်ထားသော သတိုးသမီး လောင်း မာရိနှင့် ဖြစ်ပျက်နေမှုတို့သည် သတိုးသမီးလောင်းနှင့်သာမက ပါတ်ဝန်းကျင် အသိုင်းအဝိုင်းများအကြားတွင် စေ့စပ်သေချာစွာဖြင့် အောင်လံထူ ပွဲဝင်နိုင်ရေး မည်ကဲ့သို့ အောင်မြင်ခြင်းကို ရယူမည်နည်း။


ယောသပ်အသက်တာကို ကြည့်ခြင်းအားဖြင့် သူ၏ တုန့်ပြန်ခဲ့သော နည်းလမ်းများကို ကြည့်ခြင်း အားဖြင့် ဘုရားသခင်သည် ကျွနု်ပ်တို့အား ဖြစ်စေလိုသည့် အကြောင်းအချင်းအရာများကို မြင်တွေ့ကာ သင်ခန်းစာယူနိုင်ပါသည်။


က) စိတ်ခြောက်ခြားဖွယ်ရာအတွက်အဖြေ။


ယောသပ်သည် လက်ထပ်ထိမ်းမြားမည့် မာရိအားဖြင့် လွန်စွာ စိတ်ကသိကအောက် ဖြစ်ရသည်။ အကြောင်းမှာ အသက်နှင့်အမျှ ချစ်မြတ်နိုး နေရသော ဘဝကြင်ဖေါ်လောင်း၊ သူနှင့်အတူတကွ နေထိုင်ခြင်း မရှိခဲ့သေးသော သတိုးသမီးလောင်းသည် အခါမဟုတ် ကိုယ်ဝန်ဆောင်နေသည့် ဖြစ်ရပ်မှန်ပင်ဖြစ်သည်။ စေ့စပ်ခြင်းသည် ယောသပ်တို့၏ ထုံးတမ်းစဉ်လာအရ စေ့စပ်ခြင်းမည်သည် လက်ထပ်ထိမ်းမြားခြင်းကဲ့သို့ စေ့စပ်သေချာသော ကတိကဝတ်ဖြစ်သောကြောင့်  အတူအိပ်နေခြင်းအခွင့် မရသေးသော်လည်း၊ ပြန်လည်၍ ဖျက်သိမ်းလို့လည်း မရစကောင်းသော အစဉ်အလာဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် လက်ထပ် ထိမ်းမြားသည့် နေ့တိုင်အောင် အကြင်လင်မယား အဖြစ် မရောက်သရွေ့ သန့်ရှင်းစင်ကြယ်သော အသက်တာကို စောင့်ထိမ်း ကြရပါမည်။ ထိုထုံးတမ်းကား အချို့က လနှင့်ချီကြာသလို၊ အချို့မှာ နှစ်ချီ၍လည်း ကြာတတ် လေသည်။


ထိုသို့စောင့်ကြည့်ကာလ စေ့စပ်ကာလတွင် ယောသပ်သိရှိလိုက်ရသည်က မာရိ၌ ကိုယ်ဝန်ရှိနေသည့် ဖြစ်ရပ်မှန်ကို ကြားသိလိုက်ရခြင်းဖြစ်သည်။ လုံးဝသံသယရှိစရာမလို “သူမတွင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေရှိနေကြောင်း” ကိုဖွင့်ဟ တိုင်ပင်ဝန်ခံပေတော့မည်။ သို့သော် သမိုင်းဖြစ်စဉ်တွင် မရှိစဘူး၊ မကြားဘူးသေးသော ထိုဖြစ်စဉ်အား ယောသပ် အဘယ်သို့ ယုံနိုင်ပါအံနည်း။ ငယ်စဉ်မှစလျှက် မကြားစဖူးသော ဖြစ်စဉ်ကို ကြားရသောအခိုက်တွင် ယောသပ်မည်မျှ စိတ်လှုပ်ရှားပေမည်နည်း။


ခ)အိမ်မက်အထိရောက်လာသောစိုးရိမ်မှု။ ၁း၁၈-၁၉


သံသယရှိစရာမလို အခြားသူများနည်းတူ ယောသပ်သည်လည်း နှစ်ကိုယ်တူ အတူနေမည့်နေ့ရက်ကို မျှော်လင့်စောင့်စားနေသူဖြစ်မည်။ နှစ်ကိုယ်တူအတူနေရေး အတွက် အိမ်၊ နေရေး၊ ထိုင်ရေး၊ စားရေး သောက် ရေး ထိုမှတစ်ဖန် အနာဂါတ်အရေးများကိုလည်း တွေးတောကြံစနေမည်မှာ မလွဲဧကန် ပင်ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ နေ့ရက်များသည် အနာဂါတ်အတွက် ပြင်ဆင်မှုများဖြင့်သာ ယောသပ်အသက်တာ၏ နေ့စဉ်လုပ်ငန်းဖြင့် ပြည့်နေပေမည်။


မျက်နှာကို အိုးမဲ့သုပ်လိမ်းလိုက်သည့်ပမာ ကြားရသော သတင်းစကားတို့ကြောင့် ယောသပ်၏ အိမ်မက်၊ မျော်လင့်ချက်တို့သည် သဲထဲရေသွန်ပမာ ဖြစ်နေပေလိမ့်မည်။ မာရိသည်ကိုယ်ဝန် ဆောင်ထား လျက်ရှိ နေသော်လည်း ယောသပ်သည် ကလေးအဖေမဟုတ်ခဲ့။ ထိုအချိန်၌ ယောသပ်၏ အသည်းဆိုင် နှလုံးအိမ် တို့သည် အစိတ်စိတ်အမွှာမွှာပဲ့ကြွေသွားသည့်အလား ခံစားရပေမည်။ ထိုအဖြစ်ဆိုးသည် တရေးနိုးအိမ်မက်မှ လန့်နိုးလာသူပမာဖြစ်ပေမည်။ ခဲလေသမျှ သဲရေကျဖြစ်သွားသည့် အခြေအနေပင်မဟုတ်ပါလား။ ထိုအချိန် သည် ဆောင်းတွင်းအိမ်မက်ပမာ ကယောက်ကယက်ဖြစ်စရာပင်။


ဂ) ကြေကွဲနင့်သီးစေသော ဆုံးဖြတ်မှု။ ၁း၁၉


ယခုယောသပ်သည် ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ်အဖြစ်မျိုးတွင်ရှိနေသည်။ သို့သော် သမ္မာကျမ်းစာကို ထိုသူအား “ဖြောင့်မတ်သူ” ဟူ၍ မှတ်တမ်းတင်ထားသည်။ အနက်ကား သူသည် ဘုရားသခင်၏ စကားတော်ကို နာခံစောင့်ထမ်းခြင်းရှိသောသူ၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားသူဟု ဆိုလိုပါသည်။ ပညာတ်တရား၏ စကားတော်များကိုလည်း သူကောင်းစွာသိသည်။ အမျိုးသမီးတစ်ဦးသည် ဖေါက်ပြားသည်ကိုတွေ့ရှိပါက ကျောက်ခဲနှင့်အမှန် ထုသတ်ရပေမည် (တရားဟော၊ ၂၂း၂၀-၂၂)။ သို့သော်လည်း အခြားသော စကားတော်လည်းရှိနေပြန်သည်မှာ “ကွာရှင်းစာပေး”၍ မိဘရပ်ထံ ပြန်လွတ်ရန် ဖြစ်သည် (တရားဟော၊ ၂၄း၁)။ ထိုအရာများကို ဆင်ခြင်သုံးသပ်ရင်း ယောသပ်သည် မာရိအား လူထု အလယ်တွင် အရှက်တကွဲ အကျိုးနည်းဖြစ်စေမည့် နည်းလမ်းကို မလိုလားခဲ့သလို ကျောက်ခဲနှင့် ပစ်သတ် ရန်လည်း အလိုမရှိခဲ့။ ထို့အတွက်ကြောင့်လည်း တိတ်တဆိတ်ဖြင့် စွန့်ခွါရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုသို့သော ဆုံးဖြတ်ချက်ကို ချနိုင်ရန်အတွက် ယောသပ်သည် အသည်းကြေမွခံစားကာ ယူကျုံးမရ ဖြစ်ကောင်း ဖြစ်ရမည်မှာ စာနာတတ်သူတိုင်း သိမြင်နိုင်သည်။ ထိုအရာသည် ကြေကွဲနင့်သီးစေမည့် ဆုံးဖြတ်ချက်ပင် မဟုတ်ပါလား။


ဘဝအသက်တာ၏ နာကျင်ဖွယ်သော ပြယုဒ်ကို ရှင်းလင်းစွာမြင်တွေ့နိုင်ပါသည်။ ကျွနု်ပ်တို့၏ အကြံအစည်နှင့် ပန်းတိုင်းအသီးသီးအတွက် ကျွနု်ပ်တို့ သည်အကောင်းဆုံး ကြိုးစားလုပ်ဆောင်တတ်ကြသော်လည်း ထင်မှတ် မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာသောအခါတွင် ကျွနု်ပ်တို့သည် ယူကျုံးမရဖြစ်ရပြီး အားလျော့စိတ်ပျက် တတ်ကြသည်မဟုတ်ပါလား။ ထိုသို့သောအခြေအနေမျိုးတွင် မမျှော်လင့်မှုများဖြစ်ပေါ်လာသောအခါတွင် အသက်တာတွင် အခက်ခဲဆုံး သော ခါးသီးမှုဟု မှတ်ယူတွေးဆတတ်ကြသည်ပင်။ ယောသပ်ကဲ့သို့ပင် ကျွနု်ပ် တို့ သည် အမှုအရာ၏ နောက်ကွယ်တွင် လုပ်ဆောင်နေတော်မူသော ဘုရားသခင်ကို မြင်တွေ့ခြင်းငှါ မစွမ်းသာ အောင် ဝိညာဉ်မျက်စိကန်းနေကျသည်။


အကယ်စင်စစ် အိမ်မက်တွင် ယောသပ်အားပြောကြားသူမှာ ဘုရားသခင်ပင်ဖြစ်သည်။ ဘဝအ သက်တာတွင်ကြုံတွေ့ရသောအမှုအရာ များသည် အကြောင်းတိုက်ဆိုင်၍ မဟုတ်ပါ ကျွနု်ပ်တို့အသက်တာအား အစဉ်အတိုင်း ကြီးထွားရင့်ကျက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော စနစ်တော်နှင့် နည်းလမ်းမှန်စွာ တည်ရှိထားသော မဟာအကြံတော်များပင်ဖြစ်သည်။ ထိုအရာများအတွက် နားလည်ခံစားရန်ခက်ခဲသော်လည်း မှန်သော သစ္စာစကားတော် များပင်ဖြစ်သည်။


ကျွနု်ပ်တို့ကြံစည်၍မမှီ၊ နားလည်ရန်မမှီသော အမှုအရာများဖြင့် ဘုရားသခင်ပြုတော်မူနေကြောင်းကို အသက်တာအသီးသီးတွင် မျက်မြင်ကိုယ်တွေ့ ကြုံဘူးကြပေမည် ( ဟေရှာယ၊ ၅၅း၈-၉)။ ကျွနု်ပ်တို့အတွက် ထားရှိတော်မူသောအကြံအစည်တော်များသည် ကျွနု်ပ်တို့ထင်မှတ်ထားသကဲ့သို့ ထပ်တူမဖြစ်နိုင်ပါ ( ယောဘ၊ ၁-၂) သော်လည်း ကျွနု်ပ်တို့နာကျင်ခံခက်ရသည့်တိုင်အောင် ကျွနု်ပ်တို့အတွက် အကောင်းဆုံးသော မြင့်မြတ်သည့် အကြံတော်များပင်ဖြစ်သည်(ရောမ၊ ၈း၂၈၊ ၂ ကော၊ ၄း၁၅-၁၇)။ ကျွနု်ပ်တို့၏ အကြံအစည် များကို ဘုရားသခင်သည် ဖယ်ရှားတော်မူသောအခါတွင် ကျွနု်ပ်တို့ လိုလားခြင်း၊ နှက်သက်ဖွယ်ရာ မဟုတ်သော်လည်း အကြံတော်နှင့်အညီ ဆုံးခန်းတိုင်သောအခါတွင်မူကား ကျွနု်ပ်တို့အတွက် အကောင်းတကာ့ အကောင်းဆုံးဖြစ်နေသည်ကို စုံလင်စွာမြင်တွေ့ကြရပါသည်။


ဓမ္မဟောင်းတွင်လည်း ယောသပ်သည် သူ၏အဖအိမ်၌ကောင်းသောအကြံအစည်များရှိနေသော်လည်း ကျင်းထဲသို့ပစ်ချခြင်း၊ ပေါတိဖာအိမ်သို့ ရောင်းစားခံရခြင်း နောက်တစ်ဖန်ထောင်သွင်း အကျဉ်းချခံရခြင်း များကိုတွေ့ရပါသည်။ သို့သော် အဆုံးတွင်ကား အဲဂုတ္တုဘုရင်၏ စံမြန်းရာပလ္လင်တော်ပေါ်တွင်ထိုင်ခွင့်ရခဲ့ပါ သည်။ ယောသပ်၏ အကြံအစည်အတိုင်း ယောသပ်သည် ကြေကွဲဖွယ်ရာအဖြစ်နှင့် ခဲလေသမျှသဲရေကျ ရတော ့မည်ဟူသော အတွေးမျိုးကို ယောသပ်သည် တွေးထင်မှတ်ထားခြင်းမရှိသော်လည်း ယောသပ်သည် သူ၏အကြံအစည်တော်အတွက် ဘုရားသခင်အပေါ်တွင် ယိမ်းယိုင်ခြင်း မရှိခဲ့ပါ (ကမ္ဘာဦး၊ ၅ဝး၂၀)။


ယနေ့ကျွနု်ပ်တို့ထိုသို့သောအဖြစ်မျိုးကို ရင်ဆိုင်တွေ့ကြုံနေရကောင်းတွေ့ကြုံရပေမည်။ ဘုရားသခင်အတွက် ကြီးမားစွာ အသုံးတော်ဖြစ်လိုပါက ကြီးမားသော စစ်ဆေးစမ်းသပ်မှုများသည် နောက်ဝယ်ထပ်ချပ် လိုက်ပါလာပေမည်။ ဧလိယသည် ကာရ်မဲတောင်၌ ရည်တည်ခြင်းငှါ မစွမ်းသာသောအခါတွင် မိမိကိုယ်ကိုမိမိ ခေရိတ်ချောင်းတွင် ပုန်းခိုခဲ့ပါသည်။ ဒါဝိဒ်သည် လူထုရှေ့တွင် ဂေါလျတ်ကြီးအား ရင်ဆိုင်ခြင်းမပြုမှီ၌ ခြင်္သေ့နှင့် ဝက်ဝံများကို တောင်တွင်း၌ နိုမ်နင်းခဲ့ရသည်။ ကျွနု်ပ်တို့ နားလည်ရန်ခက်ခဲ၍ နာကျင်မှုများ သဖွယ်ဖြစ်စေ သော်လည်း ဘုရားသခင်သည် ကြီးမားသော မဟာအမှုတော်မြတ်အတွက် ထိုသို့ပင်အသုံးပြုတော် မူခဲ့သည်ကို တွေ့ရသည်။ “အနာမခံက အသာမစံရ”ဆိုသောစကားအတိုင်း ဘုရားသခင်သည် လမ်းပြသွန်သင်ပုံ သွင်းတော်မူခဲ့ပါသည်။


၂။ မှတ်ကျောက်ဖြစ်စေသည့်အမှု။ ၁း၂၀-၂၃


ခက်ခဲ့လှသော ဘေးကြပ်နံကြပ်အခြေအနေတွင် ဘုရားသခင်သည် ယောသပ်အား ခေါ်ယူတော် မူခဲ့သည်။ အခြားသူများမလုပ်ဆောင်ချင်သော အမှုကိစ္စကို ဘုရားသခင်သည် ယောသပ်အား မရှက်မကြောက် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ရန် တာဝန်ပေးတော်မူခဲ့သည်။ ထိုခက်ခဲသော အမှုသည် သူ၏ဘဝအသက်တာ အတွက် လွန်စွာပင် ဘေးကြပ်နံကြပ်ဖြစ်စေသော်လည်း အသက်တာတွင် မှတ်ကျောက်ဖြစ်စေခဲ့သည်။


က) ဘုရားဖွင့်ပြသောအမှု။


မာရိ၌ဖြစ်တည်နေသော ပဋိသန္ဓေသည် သာမန်လူသားတစ်ဦးမဟုတ်ကြောင့် ဘုရား သခင်သည်ယောသပ်အားမိန့်တော်မူခဲ့သည်။ထို့အတွက်မာရိ၏ဝမ်းကြာတိုက်တွင် တည်ရှိနေသောသားရတနာ သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ယောသပ်ရှင်းလင်းစွာမြင်တွေ့လာရသည်။


ခ) လုပ်ဆောင်ရန်အမှု။


မာရိအားကွာရှင်းခြင်း၊ကျောက်ခဲနှင့်ပစ်သတ်ခြင်းများမပြုဘဲ ပဋိသန္ဓေအားလည်း မိမိ၏ရင်ဝယ် သားကဲ့သို့စောင့်ရှောက်ရန် မိန့်ကြား တော်မူခြင်းကို ယောသပ်ကြားနာခဲ့ရပြန်ပါသည်။ ထိုမျှမက ကလေးအား လည်း ကျွေးမွေးသုတ်သပ်ကွယ်ကာစောင့်ရှောက်ခြင်းပြုစုရန်သာမက အမည်သညာ မည့်ဆိုရန်ကိုပင် အသေးစိတ်မှာကြားတော်မူခဲ့သည်။ ယောသပ်အတွက် ထိုအမှုကိစ္စတို့သည် လွယ်ကူသောအရာမဟုတ် ခက်ခဲသောအ တာဝန်ဝတ္တရားများပင် ဖြစ်သည်။


ဂ) နှစ်သက်ကြည်ဖြူစွာပြုခြင်း။


ဖွင့်ပြတော်မူခြင်းများကိုခံယူပြီးနောက် ယောသပ်သည် ဘုရားသခင်၏ အံ့ဩဖွယ်သော အကြံအစည်တော် သစ္စာတရားများကို မြင်တွေ့ လာသည်။ ထိုကလေးသည်ကား လူသားမျိုးနွယ်တစ်ခုလုံး အတွက် ပေးသနားတော်မူသော ကတိတော်ပြည့်စုံရန်အကြောင်းဖြစ်သည်ကို နားလည်လာရပြန်ပါသည် (ကမ္ဘာဦး၊ ၃း၁၅)။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှ ဘုရားသခင်စေလွတ်တော်မူမည့် ကယ်ချွတ်ရှင် လူတို့မျှော်လင့်စောင့်စားနေသောမေရှိယ၊ လောက သား တို့အတွက် ကယ်တင်ရှင် ြွကလာခြင်းမဟုတ်ပါလား။ ဓမ္မဟောင်းကာလတွင် အပြစ်ကင်းသောသိုးသငယ်ယဇ်သည် မာရိ၏ ဝမ်းကြာတိုက်တွင် တည်ရှိ နေသော ခရစ်တော်ယေရှုဘုရားအား ပုံဆောင်မီးမောင်းထိုးပြနေခဲ့သည်သာ။ ပုရောဖက်အားလုံးတို့သည်လည်း ထိုသို့သော ဘုန်းတော်နှင့်ကြွလာမည့်နေ့ကို စောင့်စားမျော်လင့်နေခဲ့ကြသည်ပင် ( ဟေရှာ၊ ရး၁၄၊ ၉း၆)။ အပြစ်နှင့် ချည်နှောင်မှုများစွာထဲမှ ကယ်လွတ်ခြင်းခံရမည့်နေ့ကို ဖန်ဆင်းခံ လောကီသား အားလုံးတို့ စောင့်စားနေခဲ့ရသည်မှာ ယနေ့ကဲ့သို့သော နေ့ထူးနေ့မြတ်မင်္ဂလာပင်ဖြစ်သည်။


ထို့နောက် ထိုကလေးအား “ယေရှု” ဟူသောအမည်ဖြင့် မည့်ရမည်ဆိုသော ကောင်းကင်တမန်၏ စကားကိုကြားလိုက်ရသည်။ “ယေရှု” ဟူသော အမည်နာမကို ခေါ်ဝေါ်သမုတ်ရခြင်းအကြောင်းအရင်းမှာ “လောကီသားတို့အား အပြစ်မှ ကယ်ချွတ်မည့်အရှင်” ဖြစ်တော်မူသောကြောင့်ဖြစ်သည်။ ထိုအရှင်၏ အမည် နာမသည် သာသနာနှင့်စပ်ဆိုင်သော “ယေဟောဝါဘုရားသည် ကယ်တင်ရှင်” ဟူသည်ကို ပြန်ညွှန်တော်မူခြင်း သာဖြစ်သည်။


ယောသပ်သည်ထိုသို့သောအမှုအရာများကိုဖြစ်ပျက်တွေ့ကြုံနေရချိန်တွင်ပြည့်ဝစွာ နားလည်ခြင်းရှိမည် မဟုတ်ဟု ယုံကြည်မိသည်။ အမိန့်တော် အတိုင်း အစစအရာရာတွင် အသေးစိတ်သိမြင်မည်လည်းမဟုတ်။ အကယ်၍ နားလည်ပါက ဤလောက၏ ကယ်ချွတ်ရှင်သည် အပျိုကညာမာရိဝမ်းကြာတိုက်၌ ဖွားမြင်ခြင်းကို ခံယူရန် ဆင်းသက်တော်မူသည်ဟု အတတ်သိပေလိမ့်မည်။


၃။ အသက်တာအတွက်ပုံကောင်းသက်သေ။ ၁း၂၄-၂၅


စစ်မှန်သော ဘဝအသက်တာ၏ရင့်ကျက်မှုသည် ကြုံဆုံရသောအမှုကြီးငယ်တို့မဟုတ်ပါ၊ လုပ်ဆောင် ရမည့် အငန်းအတာအားဖြင့်သာတိုင်းတာ ရပေမည်။ စစ်မှန်သောစာရိတ္တနှင့် လုပ်ငန်းဆိုင်ရာပြီးမြောက်အောင် ဆောင်ရွက်ခြင်းတို့ကသာ လူတစ်ဦး၏ စာရိတ္တကိုထင်ရှားသက်သေဖြစ်စေပါသည်။ စစ်ကြော ခြင်းသည် အခန်းကဏ္ဍတစ်ဖြစ်ပြီး မှန်ကန်သင့်လျော်သော တုန့်ပြန်မှုသည် နောက်ပါးဝယ်ထပ်ချပ်မကွာ ယှဉ်တွဲ လျက်ရှိသည်။


လုပ်ဆောင်ရန်အတွက် ဘုရားသခင်သည် ခေါ်ခြင်းကိုပြုတော်မူသော်လည်း အခြားတစ်ဖက်တွင်မူကား စောဒကတက်ခြင်းမရှိဘဲ ပြီးစီးစေခြင်းသည် ယှဉ်တွဲပါရှိနေသည်။ ထို့ကြောင့် လက်ထပ်ထိမ်းမြားတော့မည့် ယောသပ်အသက်တာတွင် လွန်စွာခက်ခဲစရာအမှုအရေးကို စာနာနားလည်နိုင်ပေမသည်။ ထိုနည်းတူစွာ ကျွနု်ပ်တို့သည်လည်း ဘဝအသက်တာတွင် အလုပ်ကိုလုပ်ဆောင်ရင်း ဘဝကိုမှတ်ကျောက်တင်စေရပါမည်။ ဘဝအသက်တာ၏ မှတ်ကျောက် စံနှုန်းအဖြစ် ခေတ္တမျှဆင်ခြင်ကြည့်ကြပါစို့။ ယောသပ်သည် ဘဝ အသက်တာ၌ ခက်ခဲမှုများကြုံတွေ့ရသည့်နည်းတူ ကျွနု်ပ်တို့အသက်တာတွင်လည်း စံပြုအတု ယူကာ သမ္မာ ကျမ်းစာ၌ ရေးမှတ်ဖေါ်ကျူးထားခြင်းဖြစ်သည်။


က) မတူခြားနားသောလုပ်ငန်းဆောင်တာ။


လူများစွာတို့သည် မာရိနှင့် ယေရှုခရစ်တော်အား စွန်ပယ်သွားကြမည်မှာ မြေကြီး လက်ခတ် မလွဲသောအခိုက်အတန့်  ပြယုဒ်တစ်ခုပင် ဖြစ်သည်။ ယောသပ်မူကား ထိုသို့မပြုခဲ့ပါ။ အိမ်မက်မှ နိုးထလာ သည်နှင့် သူသည်အလျင်အမြန်ထကာ မာရိအား ဘုရားသခင် မိန့်ကြားထားသည့်အတိုင်း ခေါ်ဆောင်ခဲ့သည်။ ထိုအခိုက်လူများစွာတို့မူကား “စည်းကမ်းကနားနှင့်အညီ မင်္ဂလာဆောင်နှင်းရန်ကိုပင် မစောင့်စည်းနိုင်သော စုံတွဲ” ဟု ကဲ့ရဲ့သင်္ဂြိုဟ်ခြင်းကို ပြုကောင်းပြုကြပေမည်။


ထိုအချိန်အခါတွင်ကား ယောသပ်သည် လူထုမှ မည်သို့ဝေဖန်ကဲ့ရဲ့မည် ပြောဆိုကြမည်ကို ဂရုထားခြင်း မရှိဘဲ ဘုရားသခင်၏ အလိုတော်ကိုသာ ဘဝအသက်တာတွင် ဖေါ်ဆောင်ရန်အာသီသာပြင်းပြလျက်ရှိသည်။ သူ၌ရှိခဲ့သော သံသယ၊ ကြောက်ရွံ့ပူပန်မှုနှင့်  ဆင်ခြင်မှုတို့အစား ဘုရားသခင်၏ စကားတော်ကို ယုံကြည်ခြင်း အားနာခံလုပ်ဆောင်ခဲ့သည်။ လွန်စွာကောင်းသော ပုံသက်သေပင်ဖြစ်သည်။


ခ) မဆုတ်မနစ်သောဆက်ကပ်မှု။


သူသည် မာရိအား အိမ်သို့ခေါ်ဆောင်ခဲ့သော်လည်း မေထုန်သံဝါသ ကာမတဏှာသဘော တရားတို့ကား စည်းဖေါက်ခြင်းမရှိခဲ့။ ယေရှု ခရစ်တော်ဘုရား ဖွားသန့်စင်တော်မူခြင်းတိုင်အောင် မာရိ၏ အပျိုကညာဖြစ်ခြင်းကို တည်ကြည်လေးနက်စွာ ထိမ်းသိမ်းနာခံခဲ့သည်။ ပါတ်ဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်မှုနှင့် ဝေဖန်မှုများကိုလည်း ရင်ဆိုင်ရန်စိတ်ဆန္ဒအသင့်ရှိနေပြီး မိမိ၏ အသွေးအသားအလိုကိုလည်း ဗြဟ္မစိုရ် တရားလက်ကိုင်ထားလျက်တည်ကြည်စွာစောင့်ထိမ်းခဲ့သည်။ဘုရားသခင်၏အလိုတော်ပြည့်စုံရန်အမှုအရေးမှတစ်ပါး အခြားသော ဆန္ဒယောသပ်တွင်မရှိခဲ့။ ဤနေရာ၌ ယောသပ်သည် အဘယ်မျှသော ကြည်ညို လေးမြတ်စံပြုစရာကောင်းနေပြန်သည်။


ဂ) စုံလင်သောပြီးမြောက်မှု။


ယေရှုခရစ်တော်ဘုရားအား မွေးဖွားသန့်စင်တော်မူပြီးသည့်နောက်တွေင် ယောသပ်သည် အခြားသော ယုံကြည်ခြင်းခြေလှမ်းကိုလှမ်းကာ ကောင်းကင်တမန်မိန့်တော်မူခဲ့သည့်အတိုင်း ယေရှုဟူသော အမည်နာမကို ခေါ်ဆိုသမုတ်အမည်ပေးခဲ့လေသည်။ ကျွနု်ပ်တို့သိရှိရသမျှ ယောသပ်အသက်တာတွင် ဘုရားသခင်မှ သူ့အသက်တာတွင် ခိုင်းစေထားသော အမှုကိစ္စအားလုံးအား မစုံမလင်မရှိ ပကတိပြီး ပြည့်စုံခြင်းများဖြင့်သာ လုပ်ဆောင်ခဲ့သည်သာ။ မယုံကြည်နိုင်သော အရေးအခင်းအမှုအရာတွင် ဘုရားသခင်မှ သူ့အားခေါ်ယူ အသုံးပြုတော်မူခဲ့သော်လည်း ယောသပ်သည် ယိမ်းယိုင်ခြင်းမရှိ ပကတိ တည်ကြည်သော သဘောဖြင့် ဘုရားသခင်စေခိုင်းသမျှကို လုပ်ဆောင်အကောင်အထည်ဖေါ်ခဲ့သည်။ တကယ့်ပင်မွန်မြတ် သောပုံသက်သေပင် မဟုတ်ပါလား။


နိဂုံး။ ။


ယောသပ်အသက်တာတွင် ခရစ်တော်ယေရှုဘုရားဖွားမြင်ရန်အတွက် ဘုရားသခင်၏ အသုံးပြု တော်မူခြင်းကို ကောင်းစွာသိမြင်ပါရဲ့လား။ ယောသပ်သည် ယေရှုခရစ်တော် သက်တော်ငယ်စဉ် ကလေးအရွယ်တော်၌လည်း မိမိ၏ ရင်ဝယ်သားကဲ့သို့ ကျွေးမွေးသုတ်သပ် သွန်သင်လမ်းပြစောင့်ရှောက်ခဲ့ မည်မှာ မြေကြီးလက်ခတ်လွဲမည်မဟုတ်။ ဘုရားသခင်သည် အခြေခံလူတန်းစားဖြစ်သော နှိမ့်ချခြင်းရှိသည့် လက်သမားကို သူ၏ကြီးမြတ်သော မဟာအမှုတော် မြတ် အတွက်ခေါ်ယူအသုံးပြုတော်မူခဲ့သည်။


ယနေ့လည်းထိုကဲ့သို့ပင် လောကီသားတို့အကျွတ်တရားဝင်ရောက်နိုင်ရေးအတွက် ထိုသို့အသုံးခံ မည့်သူများကို ဘုရားသခင်သည် ရှာဖွေနေစဲပင် ဖြစ်သည်ကို သိမြင်နားလည်ပါရဲ့လား။ ယောသပ်နှင့် မာရိကိုပြုသကဲ့သို့ သင်နှင့် ကျွနု်ပ်အား ထပ်တူပြုရန် စေခိုင်းတော်မူမည်မဟုတ်သည်ကိုကား ကျွနု်ပ် အသေအခြာပြောရဲပါသည်။ တဖန် ကျွနု်ပ်တို့ဘဝအသက်တာတွင် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်ရကောင်း ရင်ဆိုင်ရပေသော်လည်း ဘုရားသခင်သည် ထိုသို့သော အမှုအရာများထဲမှ ကျွနု်ပ်တို့အား လမ်းပြသွန်သင် ကွယ်ကာစောင်မကာ  စေခိုင်းသောမဟာအမှုတော်ပြီးပြည့်စုံတော်မူပါမည်။ ဘုရားသခင်သည် သူ၏ ဘုန်းတော်အတွက် မှန်ကန်သော သက်သေခံမှုများရှိမည့်သူများကို ရှာဖွေလျက်ရှိပါသည်။


သင်သည် ဘုရားသခင်ရှာဖွေနေသော ထိုပုဂ္ဂိုလ်အမျိုးအစား၌ပါသလား။ ထိုသို့ဖြစ်ရိုးမှန်ပါက ဘုရားသခင့်ရှေ့တော်တွင် မားမားမတ်မတ်ရပ်လျက် “ကိုယ်တော် အကျွနု်ပ်ရှိပါ၏၊ အကျွနု်ပ်ကို စေလွတ် တော်မူပါ” မပြောဘဲနေရပါသလဲ။ ဘုရားသခင်ပေးအပ်တော်မူသော အမှုတော်မြတ်အတွက် “အိမ်မက်မှ လန့်နိုးသူပမာ” ဖြစ်နေပါသလား၊ ထိုသို့ဆိုပါက ဘုရားသခင့် ရှေ့တော်တွင်ရပ်လျက် စေခိုင်းတော်မူသော မဟာ အမှုတော်မြတ်ပြီးစီးအောင်မြင်စေရန်ကျေးဇူးတော်ကိုမှီခိုအားကိုလျက်ဘုရားသခင်ကိုအားကိုးပုံအပ်လိုက်ပါ။


သင်၏နှလုံးသားနှင့် လိုအပ်မှုကို ကျွနု်ပ်ကောင်းစွာမသိသော်လည်း ဘုရားသခင်သည်ကား သင်၏နှလုံးသားနှင့် လိုအပ်ချက်ကို သိမြင်တော် မူသည်သာမက ဖေးမကူညီတော်မူခြင်းကိုလည်း ပြုတော် မူမည့် တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော်မူသည်ကို ယောသပ်အသက်တာအားဖြင့် သင်ဆင်ခြင်သိမှတ် ကိုးစားလိုက်ပါ၏ တိုက်တွန်းလိုက်ပါရစေ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages