နောက်လိုက်သောသူနှင့် လိုက်နောက်သောသူ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, July 2, 2012

နောက်လိုက်သောသူနှင့် လိုက်နောက်သောသူ

 

 

 

 

 

ခရစ်တော်ဘုရားကို

ယုံကြည်လက်ခံသူတိုင်းမိမိတို့၏ခန္ဓာ၊စိတ်၊၀ိညာဉ်သုံးပါးလုံးကိုဆက်ကပ်အပ် နှံခြင်းပြုကြပါသည်။ 

ထို့အတွက်ကြောင့်လည်း “ယနေ့မှစ၍ကျွန်တော်/ကျွန်တော်မ၏အသက်သခင် ကယ်တင်ပိုင်ရှင် အနေဖြင့်အုပ်စိုးတော်မူပါ၊ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်သုံးပါးလုံးကိုလက်တော်မြတ်တွင် ဆက်ကပ် အပ်နှံပါ၏”ဟု ဆောင်းဆုပြုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။


သို့သော်ခရစ်ယာန်အသက်ရှင်ခြင်းဟူသည်ကား ထိုသို့ဆက်ကပ်အပ်နှံပြီးသော်လည်း ကျွနု်ပ်တို့သည် ဤလောက ကြီးတွင်းမှ အပြီးအပိုင်ထွက်ခွါသွားခြင်းမျိုးကားမဟုတ်သေး၊ လောကတွင် ဘုရားပေးထားသော ဆုကျေးဇူးအသီးသီးနှင့် တိုင်းပြည့်အတွက်၊ လူမျိုးအတွက်၊ သာသနာအတွက်အကျိုးပြုပေးရန်၊ ပါဝင်ပေးဆက်ကပ် ရန်အခန်း ကဏ္ဍအသီးသီးရှိကြသည်။ ထို့ကြောင့် “ဘုရားပေးသောအသိပညာ၊ အတတ်ပညာများကို” သူ့နေရာနှင့်သူ အသုံးပြုရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက “စေတနာမှန်လဲ နေရာမမှန်”သောကြောင့် “အကူအညီပေးရာမမည် အပူအပင်ပေးရာမည်”သောကြောင့် ယုံကြည်သူတိုင်း သတိချပ်ရန်လိုအပ်လှပါသည်။

၁။ နောက်လိုက်သောတပည့်သာဝကများ။

ခရစ်တော်ဘုရားသက်တော်ထင်ရှားရှိစဉ်က သူ၏သာသနာတော်မြတ်အတွက် စနစ်တကျဖြင့် စီမံခန့်ခွဲ တော်မူသည်။ ထို့အတွက်လည်း သက်တော်ထင်ရှား ရှိနေချိန်မှာပင် နောက်လိုက်တပည့်သာဝကများကို ခေါ်ယူတော် မူခဲ့သည်။ ထိုသို့ တပည့်သာဝကများကို ခေါ်ရာတွင် “ငါ့နောက်သို့ လိုက်လော့”ဟုမိန့်တော်မူခဲ့ သည်။ ထိုသို့ နောက်တော်သို့ လိုက်ရာတွင် ခရစ်တော်ဘုရားက နည်းဥပဒေသများကိုကောင်းစွာချမှတ်ပေးထားတော်မူသည်။ ၄င်းတို့မှာ “အကြင်သူသည် ငါ့နောက်သို့လိုက်လျှင်” ဟုအစချီကာ-

က။ မိမိအလိုကိုငြင်းပယ်ရမည်။
ခ။ ကားတိုင်ကိုထမ်းရမည်။
ဂ။ နေ့တိုင်းအစဉ်ဖြစ်သည်။
ဃ။ နောက်တော်သို့လိုက်ရမည်။ စသည်ဖြင့်တွေ့ရပါသည် (ရှင်လုကာ၊ ၉း၂၃)။ 
 
ထို့ကြောင့် ခရစ်တော် ဘုရား၏ နောက်လိုက်တပည့်သာဝကမည်သည် သာမန်လူများကဲ့သို့ “ပေါ့ပေါ့စား၊ ပေါ့ပေါ့သွား၊ ပေါ့ပေါ့သမား” များမဖြစ်သင့်ပါ။

နေ့စဉ်အသက်တာတွင် ““သခင့်ဆန္ဒကိုရှေ့တန်းတင်” ထားသောကြောင့် လူအများအမြင်တွင် မတူထူးကဲ သော သူများအဖြစ် မြင်တွေ့စေပြီး အားကျအတုယူဖွယ်ဖြင့် သမိုင်းတွင် စံအဖြစ်ထင်ဟပ်စေသည်။ အထက်ပါ မိန့်တော်မူထားသည့်အတိုင်း “မိမိအလိုထက် သခင့်အလိုကို ဦးစားပေးခြင်း” “မိမိဝန်ကိုအဓိက မထားပဲ သခင့်ကား တိုင်ကိုဦးစားပေးထမ်းခြင်း” တို့ကြောင့် “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာရှာခြင်းကြောင့် လိုအပ်သမျှ သောအရာတို့သည်လည်း ပေးအပ်ထောက်မခြင်းကိုခံစား၊ စံစားကြရ သည်”။

လောကီတပ်မက်ခြင်း၊ မကောင်းမှုဒုစရိုက်များရောနှောနေသည့် ခေတ်ကာလတွင် “နေ့စဉ် မပြတ်သော သတိဖြင့် သခင့်အလိုအတိုင်းအသက်ရှင်ခြင်း”တို့ကြောင့် အန္တရာယ်တွင်းထဲသို့ မကျရောက်၊ အောင်မြင်ခြင်းဖြင့် အသက်ရှင်သန်သွားလာနေကြရသောကြောင့် လူအများအမြင်တွင် စိတ်ဝင်စားစရာဖြစ်နေရသည်။
“မိမိသွားလိုသောလမ်းထက် သခင့်လမ်းစဉ်အတိုင်းသွားလာခြင်း” တို့ကိုအမှန်ပြုက ဘုရားသခင့် ဘုန်းတော်သည် မထင်ရှားပါနှင့်ဟု မည်သည်တွေမည်သို့ပင် အော်ဟစ်တားစီးနေပါစေ မြေကြီးလက်ခတ်မလွဲ ဘုန်းတော်ထင်ရှားလာကြရသည်။

၂။ လိုက်နောက်သောတပည့်သာဝကများ။
ခရစ်တော်ဘုရားသည် “ကယ်ချွတ်ခြင်းအကျွတ်တရားလမ်း” ကိုလူသားများအတွက် ဖွင့်ပေးတော်မူပြီး နောက်တွင် သာသနာအား တပည့်သာဝကများ လက်သို့အပ်ပေးတော်မူခဲ့သည်။ ထိုသို့ဖြင့် သာသနာသည် ယခင်ခေတ်များမှ ယနေ့ခေတ်အဆက်ဆက်တိုင်အောင် “ဆင့်ကမ်း”လာခဲ့သည်မှာ ယနေ့ကျွနု်ပ်တို့၏ “ယခုဘဝ နောင်တမလွန်ဘဝအတွက်” လုံခြုံစိတ်ချရသော အေးမြသည့်ဘဝကိုပိုင်ဆိုင်ထားကြရခြင်းဖြစ်သည်။  သို့သော်လည်း “ဆွမ်းဆန်တွင်ကြွက်ချေး” ရောနှောပါလာတတ်သည်ကား လောကဓမ္မတာပင်ဖြစ်သည်။

ခရစ်တော်ဘုရားက -
က။ မိမိအလိုကိုငြင်းပယ်ရမည်။
ခ။ ကားတိုင်ကိုထမ်းရမည်။
ဂ။ နေ့တိုင်းအစဉ်ဖြစ်သည်။
ဃ။ နောက်တော်သို့လိုက်ရမည်။ ဟုဆိုထားသော်လည်း၊ ခရစ်တော်ဘုရား၏နောက်တော်လိုက်များ ရှိသကဲ့  ခရစ်တော်ဘုရားအား “ပါးစပ်ကဘုရားဘုရား လက်ကကားယားကားယား” ဟူသော မြန်စာစကား အတိုင်းပြုလုပ် နေကြသော“လိုက်နောက်သောတပည့်သာဝကများ”ဟု အမည်ခံပုဂ္ဂိုလ်များ ကြောင့်သာသနာသည် အမည်းကွက် စွန်းထင်းနေရပါသည်။

ထိုသူတို့၏အသက်တာတွင် “မိမိအလိုကိုရှေ့တန်းတင်ခြင်း” ကြောင့် နေ့စဉ်အသက်တာတွင် သခင် ဘုရားအားလူအများမထီမဲ့မြင်ပြုစရာဖြစ်စေသည်။ ကားတိုင် ကိုမထမ်း “မိမိအလိုကိုထမ်းရွက်သောကြောင့်”  သခင်ဘုရားသည် ဘဝအသက်တာတွင် “အငယ်အမြောင်”သဖွယ် ဘုရားကျောင်း၌ သာတရားဝင်ဖြစ်ပြီး၊ ဘုရား ကျောင်းပြင်ပတွင်ကား စပ်ဆိုင်ခြင်းမရှိကြ။ “နေ့စဉ်မဆက်ကပ် စိတ်ကူးပေါက်ချိန်သာ” ဖြစ်သောကြောင့် လူအများ အမြင်တွင် “ငုတ်ချည်ပေါ်ချည်”ဖြစ်နေသော စိတ်ရူးပေါက်၊ စိတ်မငြိမ်သော လူစုအဖြစ်သာမြင်စေပြီး ခရစ်တော် ဘုရားကိုလည်း သူတို့နည်းတူ “လူပျက်”အဖြစ်သာထင်စေမြင်စေခြင်းဖြင့် ဘုန်းတော် ရှုတ်ချစရာ ဖြစ်နေပါသည်။

ထိုမျှမက နောက်တော်မလိုက်ပဲ “မိမိအလိုအတိုင်းလိုက်လျှောက်”နေသောကြောင့် ကျွနု်ပ်တို့၏ နှုတ်လျှာပါးစပ်က “ဝမ်းမြောက်ဖွယ်ရာ သတင်းစကား” ထွက်ဆိုနေသော်လည်း လက်တွေကမှာ “ဝမ်းနည်း ဖွယ်ရာ သတင်းစကား” ဖြစ်ပေါ်နေသောကြောင့် မည်သူမှအရေးလုပ်ကာနားမဆင်လိုကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း “သတင်းကောင်း” ဟုဆိုသော်လည်း လောကီလူသားများအကြား၊ သသနာ့သမိုင်းကြောင်း၌ “သတင်းမကောင်း” သော ခရစ်ယာန်၊ အသင်းတော်၊ အဖွဲ့အစည်း၊ သာသနာအဖြစ် “မမြင်လိုသော် လည်းမြင်နေရ”  “မကြားလို သော်လည်းကြာနေရ”  “ဝန်မခံလိုသော်လည်း ဝန်ခံနေရ” စသည့် ဒုက္ခများဖြင့် သာသနာဝန်များဖြင့်ပိနေသောကြောင့် တိုးတက်မှုများကြန့်ကြာနေရခြင်းဖြစ်သည်။

၃။ အရေးပါသောတောင်းဆိုချက်။
ချစ်သောမိတ်ဆွေ ယနေ့ကျွနု်ပ်တို့အသက်တာတွင် ဆင်ခြင်စရာအများရှိသော်လည်း၊ အားလုံးအတွက် လည်းလွယ်ကူစေသလို၊ သခင့်ဘုန်းလည်းထင်ပေါ် စေမည့် စကားတစ်ခွန်းကိုမေးလိုပါသည်။ သင်သည် ခရစ်တော် ဘုရားအတွက် “ရွှေ” “ငွေ” “ကျောက်သံပတ္တမြား” “ရာထူး၊ ဂုဏ်ရှိန်” တို့သည် အဓိကမကျပါ။ ခရစ်တော်ဘုရား တောင်းဆိုသည်ကား  “အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးကိုပူဇော်ခြင်းထက်သာ၍ ကောင်း၏၊ နားထောင်ခြင်း သည် သိုးထီးဆီဥထက် သာ၍ကောင်း၏” ( ၁ ရာ၊ ၁၅း၂၂) ဟုဆိုထားပါသည်။

ထို့ကြောင့် သင်သည် သခင်ခရစ်တော်ဘုရားအတွက်၊ သခင်ခရစ်တော်ဘုရား၏ သာသနာအတွက် သင်သည်  ခရစ်တော်ဘုရားအတွက် လောကီသားများ ရှေ့တွင် “နောက်လိုက်သော” သူလား။ သို့တည်း မဟုတ် “လိုက်နောက်သော”သူလား ဆိုသည်ကို သခင့်ဘုရားရှေ့တွင် စိတ်ရင်းအမှန်ဖြင့် ဖြေဆိုနိုင်သူဖြစ်ရန် စိတ်ရည်သန်၍ နှိုးဆော်ခြင်းဖြင့်. .


နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages