မိခင်များနေ့ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, May 7, 2024

မိခင်များနေ့

 မိခင်များနေ့



ယနေ့မျက်မှောက်ခေတ်တွင်ကမ္ဘာနှင့်အဝှမ်း တစ်လေးတစ်စားဖြင့် ကျင်းပပြုလုပ်လေ့ရှိသော မိခင်များနေ့သည် ဘာသာရေးသမိုင်းကြောင်းတွင်၄င်း  ဘာသာရေးသွန်သင်ချက်များတွင်၄င်း အခြေပြုအစတည်ခဲ့ခြင်းမဟုတ်ကြပါ။ မိခင်များအား လေးစားသမှုပြုလျှက် ဂုဏ်ပြုရန်သားသမီးတို့စိတ်အတွင်းဝယ် နစ်ရှိုင်းစွာအမြစ်တွယ်နေသော်လည်း အကောင်အထည်အနေဖြင့် သမိုင်းတွင် မရှိခဲ့ပါ။ သို့သော်လည်း မိခင်အတွက်ဘဝကိုနှစ်မြုပ်ပုံအောနစ်မြုပ်ပြီး၊ မိခင်အားအလေးပေးသည့် သမီးလိမ္မာ တစ်ဦးသည် မိခင်မရှိတော့သည့် နောက်တွင် မိခင်အားလေးစား ချစ်မြတ် နိုးကြောင်း သက်သေပြုရန် အာသီသ ပြင်းပြသောစိတ်မှ ကမ္ဘာသုံးပြက္ခဒိန်တွင် နေရာတစ်ခုအခြေအမြစ်တည်ရန် အစပျိုးခဲ့ခြင်းဖြစ်သည်။


မိခင်များနေ့သမိုင်းကြောင်း

ကနဦးအသင်းတော်တွင် ဘာသာရေးတွင်စတင်ပြီး မိခင်များကို အမှတ်ရ ဂုဏ်ပြုခြင်းများရှိခဲ့သည်ဟု ဆိုကြသော်လည်း အများစုမှ အမေရိကန် ကျောင်းဆရာတစ်ဦးဖြစ်သည့် အန္နဂျာဗစ်မှ မေလ ဒုတိယအပါတ်တွင် မိခင်များ နေ့ကို တရားဝင်အသိအမှတ်ပြုရန် စေ့ဆော်အစပြုခဲ့သည်ဟုလက်ခံယုံကြည် ထားကြသည်။

လူတိုင်း၏ဘဝတွင် လုံးဝမမေ့နိုင်သောရက်များရှိကြပါသည်။ အချို့က ကြည်နူးစရာများဖြင့်ပြည့်နှက်နေသည့် နေ့တစ်နေ့ဖြစ်ကောင်းဖြစ်မည်၊ အချို့က အတိဒုက္ခဖြင့်ပြည့်နှက်နေသည့် နေ့တစ်နေ့ဖြစ်ကောင်းဖြစ်မည် စသည်ဖြင့်သာ ကွာခြားနေပါလိမ့်မည်။ ထိုနေ့ရက်တို့သည် မေတ္တာတရားနှင့် ကျေးဇူးတရားကို အရင်းခံဖြစ်တည်လာပြီး စံပြုထိုက်သောသူများထဲမှ မိခင်တို့သည် ရင်ဆိုင်ကြုံ တွေ့ရသည့် အခက်အခဲအတားအဆီးများကြားထဲမှ မိခင်တို့၏ဝတ္တရားနှင့် အညီ သားသမီးများအပေါ်ကြီးမားသောမေတ္တာစိတ်ဖြင့် ပေးဆပ်ခဲ့ကြသည်။

အန္နဂျာဗစ်သည် ၁၈၆၄ ခုနှစ်တွင်မွေးဖွားခဲ့ပြီး၊ မွေးချင်းညီအစ်မနှစ် ယောက်တွင် သမီးဦးလည်းဖြစ်သည်။ သမီးများအပေါ်တွင် လျှစ်လျှူ ရှုတတ်သော  ဖခင်ကြီးကြောင့် သူမသည်မိခင်နှင့်သာ၍ရင်းနှီးခွင့်ရခဲ့သည်။ ခက်ခဲ သည့်အခြေအနေတွင် မိခင်နှင့် အိမ်ကိုပစ်၍အဝေးသို့ ထွက်မသွားနိုင်အောင် သူ့အတွက်မိခင်အပေါ်တွင် စာနာသနားမိသည်။ သို့သော်ထိုသို့သောအခြေအနေ တွင် သူ့အပူမီးကို မိခင်ဖြစ်သူမသိရှိစေဘဲနှင့် ကြိတ်မှိတ်ခံစားကာ အတန်းပညာကို လေ့လာဆည်းခြင်းဖြင့် အဆုံးတွင် ဆရာဖြစ်သင်တန်းကိုအောင်မြင်ခဲ့သည်။ ဆရာဖြစ်သင်တန်းအောင်မြင်ပြီးနောက် နေရပ်ဌာနေသို့ပြန်လာ၍ ဌာနေတွင် ကျောင်းဆရာမအဖြစ်လုပ်ကိုင်ခဲ့သည်။

အန္နဂျာဗစ်အကြောင်းကို အသေးစိတ်ကျွန်ုပ်တို့မသိနိုင်သော်လည်း၊ သူမဘဝတွင် ရုန်းကန်နေရခြင်း၊ မိခင်အပေါ်ထားရှိသည့် စာနာစိတ်ကြောင့် အိမ်ထောင်ရေးကိုပင် ဦးစားပေးခြင်းငှါ တွေးတောရန်အချိန်မပေးနိုင်ခဲ့သူဖြစ် ကြောင်း အစဉ်အလာများအရသိရသည်။ ထိုမျှမက သူ့ဘဝတွင် အိမ်ထောင်ပြု ခြင်းမရှိဘဲ နောက်ဆုံးထွက်သက်အထိ အပျိုကြီးဘဝဖြင့် အရိုးထုတ်တော့မည်ဟု ခိုင်မာသည့်သန္နိဌာန်ကိုလည်း ချမှတ်ခဲ့သည်။

အသက် ၃၈ နှစ်သို့ရောက်သောအခါတွင် သူ့ဖခင်ဆုံးပါးသွားခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ဖခင်ဆုံးပါးသွားပြီးနောက် အန္နဂျာဗစ်တို့သည် အရပ်တစ်ပါးသို့ ပြောင်းရွေ့ခဲ့ကြရပြီး၊ မေလ၊ ၉ ရက်၊ ၁၉၀၅ ခုနှစ်တွင် မိခင်ကြီးဆုံးပါးသွားခဲ့သည့် အတွက်သူ့အတွက် သောကပူဆွေးခြင်းများနှင့်အတူ ဖြေမဆည်နိုင် ဖြစ်ခဲ့သည်။ မိခင်ကြီးအတွက် အကောင်းဆုံးကျွေးမွေး၊ ထောက်မကာ သမီးဝတ္တရားကျေပွန် ခဲ့သော်လည်း ဆန္ဒရှိသလောက် မိခင်အပေါ်တွင် ကောင်းစွာတာဝန်ကျေပွန်ခဲ့သောသမီးမဟုတ်ခဲ့ခြင်းများအတွက် ယူကျုံးမရဖြစ် ခဲ့သည်။

အန္နဂျာဗစ်သည် ရက်သတ္တပါတ်ပေါင်းများစွာ မိခင်ဆုံးပါးမှုအတွက် ယူကျုံးမရ တစ်ကိုယ်တည်းနေထိုင်ခဲ့သည်။ မိမိကိုယ်ကိုမိမိလည်း မဖြေသိပ့်နိုင်၊ အပြစ်တင်ခံစားမှုများနှင့်အတူ  အထီးကျန်စွာနေထိုင်ခဲ့သည်။ ပြန်ဖြစ်မလာနိုင် တော့သော်လည်း မိခင်ကြီးနှင့်အတူ ကုန်ဆုံးခဲ့သောနေ့ရက်များကို ပြန်လည် အမှတ်ရအောက်မေ့နေခဲ့သည်။

နေ့ကိုရက်စား၊ ရက်ကိုလစားဖြစ်လာသည့်တိုင်၊ သူ့အနေဖြင့် ခံစားနေ ရမြဲဖြစ်သည်။ မိခင်ကြီးဆုံးပါးသွားသည့်နောက် နှစ်နှစ်မြောက်သောအခါတွင် အန္နဂျာဗစ်စိတ်တွင် အတွေးတစ်ခုရရှိလာခဲ့သည်။ ၁၉၀၇ ခုနှစ်၊ မေ၊ ဒုတိယပါတ် သည်မိခင်ကြီးဆုံးပါးခြင်းအတွက် နှစ်နှစ်ပြည့်ဖြစ်နေသည်။ ထို့အတွက် အပေါင်း အသင်းများကို သူ့စိတ်ကူးကိုမျှဝေခြင်းဖြင့် ]မိခင်များနေ့} ကိုအစပြုရာမှ နှစ်စဉ် တစ်ကမ္ဘာလုံး မိခင်များကိုဂုဏ်ပြုရာနေ့စတင်ခဲ့သည်။

အပေါင်းအသင်းများကလည်း သူ့ဆန္ဒကိုသဘောတူလက်ခံကြပြီး၊ အတူတကွပူးပေါင်းဆောက်ရွက်ခြင်းဖြင့် အကောင်အထည်ဖေါ်ကြရန် ဆုံးဖြတ် သဘောတူခဲ့ကြသည်။ ထိုစိတ်ကူးအား ဖခင်များနှင့် ကလေး၊ လူကြီးများပါ မကျန် နှစ်ထောင်းအားရဝမ်းမြောက်ခဲ့ကြရသည်။

ထို့နောက်အန္နဂျာဗစ်သည် ငွေကြေးအားဖြင့် ကူညီပေးမည်ဟု ဆိုခဲ့သော မိတ်ဆွေကုန်သည် ဂျွန်ဝဏ္ဏမိက္ကာအား သွးရောက်ကာတွေ့ဆုံခဲ့သည်။ ထိုနှစ်တွင် မိခင်ဖြစ်သူ အနှစ်နှစ်ဆယ်လုံးလုံး သင်ကြားပေးခဲ့သော မက်သဒစ် အသင်းတော်ရှိ ကလေးဥပုဒ်စာဖြေဌာနသို့ သူ့စိတ်ကူအား ရေးသားပေးပို့ ခဲ့သည်။ ]မိခင်ဖြစ်သူအား ဂုဏ်ပြုခြင်းသက်သက်သာမဟုတ်၊ မိခင်များအား ဂုဏ်ပြုရာလည်းမည်ပါသည်} ဟူသောစကားချပ်ကိုလည်း ထည့်သွင်းပေးပို့ ခဲ့သည်။


ပထမဦးဆုံးသောမိခင်များနေ့ကျင်းပခြင်း


ပေးစာအားဖြင့်ဥပုဒ်စာဖြေဌာနမှလည်း လွန်စွာနှစ်ထောင်းအားရ ဖြစ်ကာ လက်ခံခဲ့ပြီး၊ ၁၉၀၈ ခုနှစ်၊ မေ၊ ဒုတိယအပါတ်တွင် မိခင်များနေ့အဖြစ် ကလေးပေါင်း ၄၀ဝ ဖြင့် မိခင်များအား အောင်မြင်စွာဂုဏ်ပြုခဲ့ကြသည်။ ထိုနေ့တွင် သင်းအုပ်ဆရာမှ လည်း ရှင်ယောဟန်၊ ၁၉း၂၆-၂၇ ကိုအခြေပြုကာ မိခင်များအကြောင်းကို ဟောပြောခဲ့သည်။ ဝတ်ပြုကိုးကွယ်ခြင်းပြီးဆုံးသော အခါတွင် အန္နသည် အသင်းတော်ရှိမိခင်များအားလက်ဆောင်များကို ကလေးများနှင့်အတူပေးကာ သူ့မိခင်လွန်စွာနှစ်သက်သော ဇော်မွှားပန်းကို ပေးခဲ့သည်။ ထိုဓလေ့သည် ယနေ့တိုင်အောင် မိခင်များနေ့တွင် ဇော်မွှားပန်းက သက်သေပြုနေပါသည်။

ဇော်မွှားပန်းသည် ညိုးနွမ်းသွားသည့်တိုင် ပုံမပျက်လှပနေခြင်းက အရွယ်မည်သို့ပင်ပြောင်းပြောင်း သားသမီးများအတွက် တည်ကြည်တည်မြဲခြင်း ရှိနေသောမိခင်မေတ္တာကိုကိုယ်စားပြုခြင်းအသွင်ကိုဖေါ်ကျူးခဲ့သည်။

မေလ၊ ဒုတိယအပါတ်ကို မိခင်များနေ့အဖြစ်ဂုဏ်ပြုခြင်းတွင် အောင်မြင်စွာပြုလုပ်ခဲ့သည့်တိုင်၊ အန္နသည် ထိုမျှနှင့်မကျေနပ်နိုင်ခဲ့၊ မိခင်များ နေ့ကို အသင်းတော်တွင်သာမက တကမ္ဘာလုံးတွင် ရှိနေစေချင်သည်၊ ပြုလုပ် ကျင်းပစေခြင်သည်။ ထို့အတွက်ကြောင့်လည်း မိခင်များနေ့ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပြုလုပ်နိုင်ရန် ပေးစာပေါင်း ၁၀ဝ၀ဝ တိတိကို အမေရိကန်တစ်နှံ တစ်လျားရေးသားပေးပို့ခဲ့သည်။

အန္နသည် အစိုးရမင်းများ၊ လွှတ်တော်အမတ်များ၊ သတင်းနှင့် စာနယ်ဇင်းမှ အယ်ဒီတာများ၊ အရပ်ဖက်များ၊ လုပ်ငန်းရှင်များ၊ အမှုတော် ဆောင် များ စသည်ဖြင့် အတတ်နိုင်ဆုံးလက်လှမ်းမီသမျှ မိခင်များနေ့ ဖြစ်မြောက် ရေးကို ရင်ဖွင့်တိုင်ပင်ပြောဆိုလေ့ရှိသည်။ ထိုသို့ပြုခဲ့ခြင်းတို့သည် အချည်းနှီးမဖြစ်ခဲ့။ ထို့အတွက်ကြောင့်လည်း လူတိုင်းနှလုံးသားတွင် အမြစ်စွဲသွားပြီး ဖြစ်သည့် အတွက် သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ တရားပလ္လင်၊ ဟောပြောပွဲ၊ စင်မြင့်တို့တွင် သူ့ကိုယ်စား မိခင်များနေ့ကို ရေးသားဟောပြော၊ ဖေါ်ပြလာခဲ့ကြသည်။

မိခင်များနေ့သည် တရားဝင်မဟုတ်သည့်တိုင်အောင် မြို့ရွာ၊ ဇနပုဒ်၊ "လှည်းနေလှေအောင်း မြင်းစောင်းမကျန်" ကျင်းပခဲ့ကြသည်။ အန္နဂျာဗစ်၏ ကြိုးစား အားထုတ်မှုအရ နောက်ဆုံးတွင် အမေရိကန်ဆီးနိတ်လွတ်တော်မှ မေလ၊ ဒုတိယအပါတ်ကို မိခင်များနေ့အဖြစ် သမတကြီး ဝုဒ်ရိုး ဝီလ်ဆန်မှ ၁၉၁၄ ခုနှစ် မေလ၊ ၈ ရက်နေ့တွင် မေလ၊ ဒုတိယပါတ်ကို မိခင်များနေ့အဖြစ် ကျင်းပကြရန် လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့သည်။ အမေရိကန်သမတ၏ အတည်ပြုချက် ရပြီးနောက် နိုင်ငံတိုင်းအားလုံးနီးပါးက မိခင်များနေ့ကိုကျင်းပခဲ့ကြသည်။

လက်ရှိအချိန်တွင် အမေရိကန်၌ မိခင်များနေ့အတွက် သန်းပေါင်း များစွာသောဇော်မွှားပန်းများဝယ်ယူခြင်း၊ မိခင်များနေ့ကဒ်များကို ဝယ်ယူခြင်း သည် အခြားသော ပွဲလမ်းသဘင်များထက်အမြင့်ဆုံးသောစံချိန်တွင်ရှိနေ ပါသည်။ မိခင်မျာနေ့ကို သမိုင်းစာမျက်နှာတွင် တင့်တယ်စွာတင်ပေးခဲ့သော အန္နသည် မိခင်များအတွက် လှပစွာရေးချယ်နိုင်ခဲ့သော်လည်း သူ့ဘဝနေဝင်ရီ အချိန်ကား မလှပခဲ့ပါ။

စီးပွါးရေးလုပ်ငန်းရှင်များက မိခင်များနေ့ကို အကြောင်းပြုပြီး အမြတ် ထုတ်မှုကို တရားရင်ဆိုင်ကြရာ၊ တရားရုံးတွင် ရှုံးနိုပ်ခဲ့ပြီး၊ အိမ်ယာပင် လက်လွတ် ခဲ့ရသည်။ ထိုမျှမက ညီမဖြစ်သူ အယ်စီနိုသည် ကျန်းမာရေးမကောင်းရာမှ၊ အမြင်ကွယ်ခဲ့ရသဖြင့် မိခင်ကြီးမရှိသည့်နောက်ပိုင်းတွင် မိခင်ကြီးကိုယ်စား ညီမငယ်ကို  ကြည့်ရှုပြုစုခြင်းဖြင့် သူ့နောက်ဆုံးဘဝကို ပေးဆပ်ခြင်းဖြင့် အသက်ရှင်နေထိုင်ခဲ့သည်။

ညီမငယ်ဆုံးပါးသွားသည့်နောက်တွင် အန္နသည် လွန်စွာအခက် တွေ့ရပြီး၊ အထီးကျန်ဆန်ခဲ့သည်။ မိမိဘဝကို မိမိဘာသာ တစ်ပါးသူကို အပူမပေး လိုသော်လည်း အန္န၏နောက်ဆုံးကျန်ရှိခဲ့သော လေးနှစ်တာကာလသည် လူထု၏ စောင့်မကြည့်ရှုမှုကို လက်ခံနေထိုင်ခဲ့ရသည်။

အန္နအဖြစ်ကိုသိရှိသွားကြသော သူငယ်ချင်းမိတ်ဆွေများက သနား ကရုဏာသက်ကြကာ သူ့နောက်ဆုံးအချိန်ကာလတွင် လိုလေသေးမရှိအောင် အစစအရာရာကူညီထောက်မကူညီပေးခဲ့ကြသည်။ ကျန်းမာရေးလည်း သိသိ သာသာဆိုးဝါးလာရာမှ အကြားအာရုံကင်းမဲ့လာပြီး၊ အမြင်အာရုံလည်း မြင်သည် ဆိုရုံမျှသာဖြစ်လာခဲ့သည်။ လောကတွင် ကျေးဇူးရှင်ဖြစ်သော မိခင်ကို တစ်ကမ္ဘာ လုံးအတူတကွ ကြည်နူးစွာဖြင့်၊ ဂုဏ်ပြုကြရန်၊ မိခင်မေတ္တာတရားကို ဖေါ်ကျူး နိုင်ရန် အပျော်များကိုယူဆောင်လာပေးခဲ့သော အန္နသည် ကိုယ်ကျိုးမငဲ့ရှာပဲ အသက်ရှင်နေထိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အသက် ၈၄ နှစ်မျှ အသက်ရှင်ခဲ့ရသည်။

ကျွန်ုပ်တို့ဖြစ်စေချင်သည့်အတိုင်း အန္နသည် ဘဝနိဂုံးအဆုံးသတ် မလှခဲ့နိုင်ရှာသော်လည်း မိခင်အတွက်ဘဝကိုအနစ်နာခံခဲ့သူ၊ တစ်ကမ္ဘာလုံးရှိ မိခင်များကို ဂုဏ်ပြုစေရန်လမ်းဖွင့်စွမ်းဆောင်ပေးခဲ့သော အန္နအား ကျေးဇူး တင်ရပေမည်။ ထို့ကြောင့် မိခင်ကိုပေးသော ဘုရားသခင်နှင့် မိခင်များနေ့ကို ဖြစ်ပေါ်စေရန် စွမ်းဆောင်ခဲ့သော အန္နအားအမှန်တကယ်ကျေးဇူးတင်ပါက မိခင်များ၏ ကျေးဇူးတရားကို စိတ်အတွင်ကသာမဟုတ် လက်တွေ့ဖြင့် ကျေးဇူး တင်ကြောင်းပြသရန် တကမ္ဘာလုံးကအညီအညွတ်ထောက်ခံနေပါသည်။




နာမတော်မြတ်၌


ဆယ်မြူရယ်စိုးလွင်



မှတ်ချက်။ နေ့ထူးနေ့မြတ်များစာအုပ်မှ ပြန်လည်ဖေါ်ပြပါသည်။


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages