သုံးပါးတစ်ဆူ Vs သုံးပါးသုံးဆူ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 15, 2022

သုံးပါးတစ်ဆူ Vs သုံးပါးသုံးဆူ

 
ဘာကြောင့်သုံးပါးတစ်ဆူသည် သုံးပါးသုံးဆူမဟုတ်ရပါသနည်း 
 
၁။ မည်သို့ကွာခြားပါသနည်း။
 
သုံးပါးတစ်ဆူဆိုသည်မှာ ခမည်းတော်သားတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ဖြစ်တည်ပြီး တစ်လုံးတစ်ဝတည်းဖြစ်၍ တစ်ဆူတည်းသောဘုရားဟူ၍ဆိုပါသည်။ ၎င်းကို Trinity ဟူ၍အင်္ဂလိပ်လိုဆိုပြီး သုံးပါး (တစ်လုံးတစ်ဝတည်း) တစ်ဆူဟူ၍ သတ်မှတ်ခေါ်ဆိုနိုင်ပါသည်။
 
သုံးပါးသုံးဆူ ဆိုသောအရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ တစ်လုံးတစ်ဝတည်း ဖြစ်ပြီး သုံးပါးတစ်ဆူမဟုတ်၊ သုံးပါးသုံးဆူ Tritheism ဟူ၍အင်္ဂလိပ်လိုဆိုပါသည်။ 
 
ထို့ကြောင့် ထိုသို့သောယုံကြည်ချက်သည် ခရစ်ယာန်ယုံကြည်ချက်၏ ပင်မအဖြစ်လည်းဆိုနိုင်ပါသော်လည်း ကျမ်းစာတွင် "သုံးပါးတစ်ဆူ" ဟူ၍လည်း စကားလုံးအတိအကျမပါရှိသည်ကို ဝန်ခံကြရပါမည်။ 
 
သို့သော်လည်း ကနဦးအသင်းတော်များတွင် အထူးသဖြင့် Nicaea (A.D 325) နှင့် Constantinople (A.D. 381) ကာလတွင် ထို သုံးပါးတစ်လုံးတစ်ဝတည်းဟူသော သုံးပါးတစ်ဆူ (Trinity) နှင့် သုံးပါးတစ်လုံးတစ်ဝတည်း ဟူသော သုံးပါးသုံးဆူ (Tritheism) အတွက် အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြရသည်အထိ ဖြစ်ခဲ့ပါသည်။ 
 
၂။ မည်သို့ ညှိနှိုင်း အဖြေရှာခဲ့ကြသနည်း။
 
ထိုအတွက် သုံးသပ်ဆင်ခြင်ရာမှာ သုံးပါးတစ်ဆူနှင့် သုံးပါးတစ်လုံးတစ်ဝတည်းဟူသည် "တူမယောင်နှင့် ကွဲပြား" လျက်ရှိနေပါသည်။ ထို့အတွက် သုံးပါးတစ်ဆူဟူသည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားဟူ၍ဆိုပြီး သုံးပါးဖြစ်လျက် တစ်ဆူတည်းသော Monotheism ဘုရားဟူ၍ ဆိုထားချိန်တွင်၊ သုံးပါးတစ်လုံး တစ်ဝတည်းဟူသော သုံးပါးသုံးဆူ Polotheism အဖြစ်မြင်တွေ့နိုင်ပါသည်။ 
 
ကျမ်းစာက မည်သို့သွန်သင်ထားပါသနည်း။ 
 
ကနဦးယုံကြည်သူများက မည်သို့ယုံကြည်ကျင့်သုံးခဲ့ကြပါသနည်း။
 
ထို့အတွက်မှန်ကန်သော အဖြေကိုရရှိလိုလျင် နှုတ်ကပတ်တော်သို့သာ ပြန်သွားရန်လိုအပ်ပါသည်။
"ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ.... ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရား သခင်မှ တပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏" (ဟေရှာ၊ ၄၃:၁၁၊ ၁ ကော၊ ၈:၄)။ 
 
ထို့အတူ နှုတ်ကပတ်တော်၌ကြည့်လျင် ဆက်လက်၍ သွန်သင်ထားသောအရာများမှာ အောက်ပါအတိုင်း မြင်တွေ့ နိုင်ပါသည်။
 
(၁) ခမည်းတော်ဘုရား (ယော၊ ၆:၂၇၊ ရောမ၊ ၁:၇၊ ၁ ပေ၊ ၁:၂)။
(၂) သားတော်ဘုရား (ယော၊ ၁:၁-၃၊ ဟေဗြဲ၊ ၁:၂၊ တိတု၊ ၂:၁၃၊ ကောလော၊ ၁:၁၆-၁၇)။
(၃) သန့်ရှင်းသော ဝိညာဉ်တော်ဘုရား (တမန်၊ ၅:၃-၄၊ ၁ ကော၊ ၃:၁၆) အစရှိသဖြင့် ဘုရားအဖြစ်တော်ကို မြင်တွေ့နိုင်ပါသည်။ 
 
ထို့အတူ နှုတ်ကပတ်တော်တွင် ကြည့်လျင် သုံးပါးတစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင် သီးခြားအဖြစ် တော် များကိုလည်း မြင်တွေ့နိုင်ပြီး၊ ဘုရားအဖြစ်တော်၏ ချိတ်ဆက်၊ ဆက်နွယ်နေမှုကို အောက်ပါအတိုင်း မြင်တွေ့ရန် ဖေါ်ပြသွန်သင်ထားပြန်ပါသည် (မ၊ ၂၈:၁၉၊ ရောမ၊ ၁၅:၃၀၊ ၂ ကော၊ ၁၃:၁၄)။ 
 
ထိုသို့ဖြစ်နေသည့်တိုင် နှုတ်ကပတ် တော်၌ အဘယ်ကြောင့် Trinity ဟူသော သုံးပါးတစ်ဆူဆိုသော စကားကို မတွေ့နိုင်ရပါသနည်း။ ဘာကြောင့်၊ အဘယ်ကြောင့်၊ မည်သို့အစရှိသဖြင့် မေးခွန်းထုတ်နေကြသည့်တိုင် အဖြေက ရှင်းလင်းနေသည်မဟုတ်ပါလား။ 
 
၃။ သုံးပါး သုံးဆူလား။
 
အထက်ပါ ရှင်းပြချက်များကို ကြည့်လျင် ထိုသို့ ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ် တော် ဘုရားဟူ၍ သီးခြားဖြစ်တည်မှုများနှင့်အတူ ဘုရားအဖြစ်တော်များလည်းရှိနေပါက သုံးပါးတစ်လုံး တစ်ဝတည်း ဖြစ်လျက်ရှိနေသော သုံးပါးသုံးဆူ Trintheism ဖြစ်ပါသလား။ 
 
အဖြေမှာ "မဟုတ်ပါ" သုံးပါးတစ်လုံးတစ်ဝတည်းဟူသော သုံးပါးသုံးဆူမဟုတ်ပါ။
 
ထိုအစား သုံးပါးတစ်လုံးတစ်ဝတည်းဖြစ်လျက်ရှိတော်မူသော သုံးပါးတစ်ဆူ Trinity ပင်ဖြစ်ပါသည်။
ထို့ကြောင့် နှုတ်ကပတ်တော်ကိုကြည့်လျင် အောက်ပါအတိုင်း မြင်တွေ့ဖတ်ရှုနိုင်ပါသည်။
 
"အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏..... ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏" (တရား၊ ၆:၄၊ ၁ တိ၊ ၂:၅)။
 
ထိုသို့ဆိုလျင် သုံးပါးအဖြစ်တော်နှင့်ရှိနေပြီး တစ်ဆူတည်း Trinity ဟူသော Monotheism နှင့်ဆန့်ကျင်မှုမဖြစ် သော်လည်း၊ သုံးပါးသုံးဆူ Tritheism ဟူသော Polotheism အဖြစ်တော်ကိုမည်သို့ဆိုမည်နည်း။
 
ထို့ကြောင့် အားလုံးနှင့် လိုက်လျောညီထွေဖြစ်နိုင်သော ဥပမာကို အားလုံးလည်းကြဘူးကြပါလိမ့်မည်။ ထို့အတွက် "တစ်ဆူ" ဟူသောအဖြစ်ကို လူတစ်ဦးဖြင့် ခိုင်းနှိုင်းကြည့်ကြပါစို့။
 
၄။ လူတစ်ဦး (သို့) ဘုရားတစ်ဆူ။
 
ပုဂ္ဂိုလ်တစ်ဦးဟုဆိုလိုက်သည်နှင့် ထိုသူသည် "ခန္ဓာ၊ စိတ်၊ ဝိညာဉ်" ဟူ၍ဖြစ်တည်လျက်ရှိနေသော်လည်း ထိုဖြစ်တည်မှုများတွင် သီးခြားအာရုံခံစားတတ်မှုနှင့် လုပ်ဆောင်မှုကိုယ်စီရှိနေကြပါသည်။
 
ထိုသို့ဖြင့် "သုံးပါးတစ်ဆူ" Trinity ဟူသော ဘုရားအဖြစ်တော်ကို ကျွန်ုပ်တို့ ခံစားနားလည်သိရှိနိုင်ပါသည်။ ထို့ကြောင့် ခမည်းတော်သည်ဘုရားဖြစ်တော်မူသလို၊ သားတော်သည်လည်းဘုရားဧကန်ဖြစ်တော်မူသည် သာမက၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း အမှန်စင်စစ်ဘုရားဖြစ်တော်မူသည့်တိုင်အောင် သုံးပါးတစ်ဆူ ဟူသောအဖြစ်တော်၌ တစ်လုံးတစ်ဝတည်းတည်ရှိနေပါသည်။ 
 
ထို့ကြောင့် သုံးပါးတစ်လုံးတစ်ဝတည်းဖြစ်သော သုံးပါးတစ်ဆူ Trinity နှင့် သုံးပါးတစ်လုံးတစ်ဝတည်း ဖြစ်သော သုံးပါးသုံးဆူ Tritheism တို့သည် လုံးဝခြားနားလျက်ရှိနေပါသည်။ 
 
ထိုနည်းတူ ခန္ဓာကိုယ်သည် စိတ်နှင့်ဆက်သွယ်မှုပြုနိုင်သကဲ့သို့၊ ခမည်းတော်သည်လည်း သားတော်နှင့်ဆက် သွယ် သမှုပြုနိုင်ပါသည်။ ထို့အတူ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့သည် အပြန်အလှန်မှီတည်နေသကဲ့သို့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘုရားအဖြစ်တော်၌မှီတည်လျက် တစ်ဆူတည်းသော ဘုရားအဖြစ်ရှိတော် မူပါသည်။ 
 
၅။ မည်သို့ ပိုင်းခြားနိုင်သနည်း။
 
ယနေ့ခေတ်တွင် မှားယွင်းသော မိစ္ဆာဩဝါဒတို့သည် သာသနာပလူတို့မှ ရောက်လာမည်မဟုတ်ပါ။ အားလုံး လက်ခံထားကြသော သာသနာအတွင်းမှနေပြီး သင်တို့ရှိရာ....
 
(၁) အသင်းတော်။
(၂) တရားပလ္လင်။
(၃) ဟောပြောပွဲ။
(၄) ဓမ္မညီလာခံ။
(၅) ရက်တို၊ ရက်ရှည်သင်တန်း။
(၆) ဓမ္မပညာဆည်းပူးရာသို့ ရောက်ရှိလာပါလိမ့်မည်။ 
 
ထိုဖြစ်စဉ်ကို သင်နှင့် ကျွန်ုပ်တို့ သတိမထားမိလျင် အန္တရယ်ကြီးလှပါသည် "ဤအမှုသည် အံဩဖွယ်ဖြစ်သည် မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏" (၂ ကော၊ ၁၁:၁၄)။ 
 
"ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။ ထိုဒေသနာတော်မပါသောသူသည် သင်တို့ ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသောဟု ထိုသူကို နှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏"(၂ ယော၊ ၁:၉-၁၁)။ 
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages