သင်၌ရှိသော အစွမ်းအစများ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, August 10, 2016

သင်၌ရှိသော အစွမ်းအစများ

 
 
လူသားတစ်ဦးဖြစ်လာသည်နှင့်အမျှ အားလုံးက လောကတွင် အသုံးဝင်သူ၊ အသုံးတည့်သူ (သို့) အကျိုးပြုနိုင်သူဖြစ်လိုကြသည်မှာ လူသားတိုင်းမွေးရာပါ စိတ်စေတနာ အရင်းခံဖြစ်သည်။ထိုသို့ဆိုခြင်းဖြင့် အားလုံးမဟုတ်ဟု ငြင်းဆန်လိုကြမည် ဖြစ်သော်လည်း ထိုငြင်းဆန်မှုသည်သာ မှားသွားပေမည်။ လူတိုင်းမှာ လောကတွင်အသုံးတည့်လိုမှုကိုတော့ လူတိုင်းလိုလားကြပါသည်။

၁။ ကိုယ်စီအစွမ်းရှိသည်။
မှန်ပါသည်။ လောကမှာ လူတိုင်းအစွမ်းအစရှိကြပါသည်။ ထိုအစွမ်းအစက ပညာရေး၊ လူမျိုးရေး၊ ဘာသာရေးတို့ဖြင့် ဘောင်ခတ်ထား၍ မရနိုင်သလို၊ ထို ပညာရေး၊ လူမျိုးရေးနှင့် ဘာသာရေးတို့မပါရှိသည့်တိုင် လူတိုင်းမှာ မွေးရာပါရရှိထားသော အခွင့်ထူးပင်ဖြစ်သည်။

လူမဆိုထားနှင့် အဟိတ်တိရစ္ဆာန်များပင်လျှင် အစွမ်းအစများစွာရှိသည်ကို မြင်တွေ့နိုင်သည်။ သာဓက အားဖြင့် ကျွဲနွားတိရစ္ဆန်များတွင် မွေးပြီးသည်နှင့် မကြာခင်လေးမှာပင် လမ်းလျှောက်တတ်ကြပြီး၊ ဖားလေးများ ဘဝကို မရသေးသည့်တိုင် အသက်ဝင်စတင်လာသည်နှင့် ဖါးလောင်းများဘဝမှာပင် ရေထဲတွင် ကောင်းစွာ ကျင်လယ်နိုင်ကြသည်မှာ သူတို့ဖြစ်ခြင်းရှိ အစွမ်းသတ္တိတစ်မျိုးပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ပုံသဏ္ဌာန်နှင့် အညီဖန်ဆင်းခံလူသားများအဖို့ ဆိုဖွယ်ရာမရှိတော့။

၂။ လူတိုင်းအကျိုးပြုသယ်ပိုးကြသည်။
လူတိုင်းအမှန်ပင် အကျိုးပြုကြပါသည်။ ယုတ်စွအဆုံး လူဆိုး၊ သူခိုးများပင်လည်း သူ့အသိုက်အမြုံ လုံခြုံရန်၊ လှပတင့်တယ်စေရန် အတတ်နိုင်ဆုံး အကျိုးပြုကြပါသည်။ အကျိုးမပြုနိုင်သောသူဟူ၍ လောကတွင် တစ်စုံတစ်ဦးမှ မရှိပါ။

ကျွန်တော်တို့အားလုံး ထိုသို့အကျိုးပြုသယ်ပိုးနိုင်ကြသော်လည်း ဘုရားသခင်သည် ထိုအစွမ်းသတ္တိများ အားလုံးကို အသုံးပြုပြီး မိမိအကျိုးအတွက် သက်သက်သာ သယ်ပိုးရန်မျှဖြင့် ကန့်သတ်မထားခဲ့ပါ။ ထို သယ်ပိုး ခြင်းကို ယေရုရှလင်- ယုဒပြည် - ရှမာရိဆိုသည့်အတိုင်း ဆထက်ထမ်းပိုးခြင်းဖြင့် ကြီးစွာသောအမှုများကို ပြုလို ပါသည်။ ထို့ကြောင့် သင့်ဘဝကို အချည်းနှီးဟု မသုံးသပ်၊ မဆုံးဖြတ်မိပါစေနှင့်။

၃။ အစွမ်းအစဖြင့်သယ်ပိုးခြင်းမင်္ဂလာ။
အထက်ပါအတိုင်း ရှိထားသော အစွမ်းအစများကို သယ်ပိုးအစေခံခြင်းဖြင့် ရရှိလာသော ကောင်းကြီး မင်္ဂလာများမှာ ရေတွက်ကုန်နိုင်မည်မဟုတ်ပါ။ သင်သည် အမှုငယ်၌ သစ္စာရှိသောကြောင့် ကြီးသောအမှုများကို အပ်ပေးမည်ဆိုသော ကတိစကားတော်ကို မြင်ယောင်ကြည့်ပါ။

လောကတွင် ကကြီး ခခွေးလေးမှ ပညာရှင်ပါရဂူဘွဲ့ကို ရယူစေခဲ့သည်။ A B C မှစတင်ပြီး B.Ed, M.Ed ပညာရှင်များ ဖြစ်လာခဲ့ကြသည်မဟုတ်လား။ ထိုသို့ဆိုလျှင် သင်နှင့်ကျွနု်ပ်တို့ ယခုအစေခံနေသော နေရာလေးမှ သည် - ဟို အနာဂါတ်မှာ အဘယ်အရာဖြစ်လာမည်ကို ပုံသေကားချပ်မသတ်မှတ်နိုင် လောက်အောင်ပင် လူ့ဘဝ ဖြစ်တည်မှုတွင် ဘုရားသခင် ကောင်းကြီးများစွာပေးထားပါသည်။

၄။ တည်ရှိသော ကတိတော်။

သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံစားရမည်ဆိုသော ကတိ စကားကိုစဉ်းစားကြည့်ပါ။ သင်သည် လောကတွင် အစွမ်းအစအပြည့်ရှိပြီး၊ အများအကျိုးကိုသယ်ပိုးနေသူတစ် ဦးဖြစ်လျှင် လောကကြီးက သင့်အားကူညီမည့် လက်အစုံများလည်း အသင့်ရှိနေသည်ကို မမေ့ပါနှင့်။

ကျမ်းစကားအရဆိုလျှင် မီးပျက်တတ်သော ကျွန်တော်တို့နိုင်ငံအခြေအနေအရ မီးပျက်သွားလျှင် အားလုံးက ဖယောင်းတိုင်၊ လက်နှိပ်မီး စသည်တို့ကို ရှာဖွေအသုံးပြုကြသည်မဟုတ်လား။ ထိုအခါမည်သူကမှ သခင့်အလိုစကားအတိုင်း တောင်းဇလားအောက်တွင် ဖုံးကွယ်၊ ဖုံးဖိမထားပါ။ အားလုံးမြင်နိုင်ဖို့ အမြင့်တွင်တင် ထားခြင်းက အခြားအကြောင်းအရင်းမဟုတ် အိမ်သူအိမ်သားများသွာလာရေးကို ရှင်းလင်းစွာ အထောက်အကူ ဖြစ်စေဖို့မဟုတ်လား။

ထိုသို့ဆိုလျှင် ကျွန်ုပ်တို့အား အစွမ်းအစ၊ အကျိုးသယ်ပိုးခွင့်နှင့် အခွင့်လမ်းများကို ပေးသနားတော်မူ သောအဘုရားသခင်နှင့် လိုအပ်နေသူများက လိုလိုလားလားဖြင့် စောင့်မျှော်နေကြသည်ကို သတိပြုမိလျှင် သင်သည်လောကတွင် အချည်းနှီးမဟုတ်။ အစွမ်းအစရှိသောသူတစ်ဦး၊ တန်ဖိုးရှိသောသူတစ်ဦး၊ ကောင်း ကျိုးပြုနိုင်သောသူတစ်ဦးဖြစ်နေခြင်းကို ဘယ်သောအခါမှ မမေ့လိုက်ပါနှင့်။

ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages