ရင်ခွင်မဲ့သားအဖြစ်မှ လွတ်လိုပါတယ် အဖေနဲ့ အမေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, August 9, 2016

ရင်ခွင်မဲ့သားအဖြစ်မှ လွတ်လိုပါတယ် အဖေနဲ့ အမေ

 
 
 
 
 
 
 
ကျွန်တော်တို့ အမွှာသားသမီးတွေကို စတင်ပြီးသန္ဓေတည်ဖို့အတွက် အစည်းအဝေးထိုင်ကြတယ်။
မတည်ငွေတွေ၊ အချိန်၊ အင်အားအတွက်လည်း အားကြိုးမာန်တက်စုစည်းကြတယ်။
ကျွန်တော်တို့အတွက်ဆိုပြီးမတည်တဲ့ ငွေကြေးတွေကလဲမြန်မာပြည်တွင်းက အသင်းအဖွဲ့ပေါင်းစုံပါပဲ။
စည်းလုံးကြတယ်။ ဒါတင်မကသေးဘူးဗျ ပြည်ပကလဲ မတည်ငွေထည့်ဝင်ကြတယ်။ (ပြီးမှအဲ့ဒီကျေးဇူးရှင်တွေကို အမည်ပြန်ဖော်ပြပေးပါ့မယ်)

------------------------------------------------------------------------------------
 

ကျွန်တော်တို့ အမွှာသားသမီးတွေကို စတင်ပြီးသန္ဓေတည်ဖို့အတွက် အစည်းအဝေးထိုင်ကြတယ်။
သတ်မှတ်တဲ့ဖွားချိန်ရောက်လာပြီ။
ကိုးလလွယ်ဆယ်လဖွားဆိုထားတာမဟုတ်လားဗျာ။
ကျွန်တော်တို့ကို ဖွားမြင်ဖို့အတွက် တစ်ပါတ်တောင်အချိန်ယူကြရတယ်တဲ့။
ဟုတ်မှာပေါ့ဗျာ တစ်ဦးတည်းမွေးတာတောင်ခက်ခဲတာ ခုက အမွှာတွေလေ။
နေ့မနား၊ ညမအားပါပဲ။

အားသွန်ခွန်စိုက်ပေါ့။
လာတဲ့လက်သည်တွေကလဲ အထူးစပါယ်ရှယ်နာစ်တွေပါပဲ။
(ပြီးမှ အဲ့နာစ်တွေကိုလည်း ပြန်ပြောပြပါ့မယ်)
ခုနှစ်ရက်တိုင်တိုင် ကျွန်တော်တို့ အသက်မသေဘဲ မွေးလာစေဖို့ကြိုးစားကြတယ်။
ငိုသူလဲငို။
ရယ်သူလဲရယ်။
ဒူးထောက်သူထောက်။
အစာရှောင် ဥပုဒ်တွေပါစောင့်ကြတယ်။
ပင်ပန်းခက်ခဲမှု၊ ကြိုးစားပမ်းမှုများအတွက် စဉ်းစားသာကြည့်။
ကျွန်တော်တို့ကိုမွေးဖွားလာဖို့အတွက် လှုပ်ရှားနေမှုများ -
ဖုန်းနဲ့တစ်သွယ်။
အီးမေးလ်နဲ့တစ်မျိုး။
ကိုယ်တိုင်ကိုယ်ကျလာပြီးတစ်ဖုံ။
ကိုယ်ဖိရင်ဖိ ပျားပန်းခတ်ဖြစ်နေခဲ့ကြတယ်လေ။
လာသမျှတွေရော ကျွန်တော်တို့ကိုလည်း ကျန်းမာစွာမွေးဖွားလာဖို့ဆိုပြီး အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ်သာမက ရွာလုံးကျွတ်နီးပါး မီးခိုးတိတ်ပါပဲ။
အားလုံးမြော်လင့်ထားတဲ့အတိုင်း မွေးဖွားခဲ့ပါပြီ။
ကျွန်တော်တို့အမွှာတွေအားလုံးပေါင်း သုံးဆယ့်တစ်ယောက်ဗျ။
အားလုံးက ခုနှစ်ရက်မှာ မွေးခဲ့ကြပေမဲ့ ကျွန်တော်တစ်ယောက်က မမွေးနိုင်သေးဘူး။
အားလုံးနဲ့အတူတူ သန္ဓေတည်ခဲ့ပေမဲ့ ကျွန်တော်က နောက်ထပ် သုံးရက်နေမှ ပြန်မွေးလာသူပေါ့။

------------------------------------------------------------------------------------

ကျွန်တော် မွေးဖွားလာတော့ ပျော်လိုက်တာဗျာ။
အရာရာက လူတိုင်းနဲ့မတူဘူးလေ
အသွင်အပြင်၊ ရာထူး၊ မျိုးရိုးသန့်ဆိုတော့ ပျော်တာပေါ့။
ဒါပေမဲ့ဗျာ......
ကျွန်တော်တော့ ခက်ခဲစွာနဲ့ မွေးလာခဲ့သူဖြစ်သလို အသက်လည်းပြင်းတော့ အားလုံးက မောင်သက်ပြင်းလို့ခေါ်ကြတာကို ပြောဖို့လိုတယ်ဗျ။
ကျွန်တော်ဘယ်လို အသက်ရှင်ခဲ့သလဲဆိုတာလဲ ပြောပြချင်တယ်ဗျ။
ကျွန်တော့်ကိုမွေးပြီးတော့ ဦးလေးကြီးတစ်ဦးနဲ့ နေခဲ့ရတယ်။
ကျန်တဲ့အမေ။
အဖေ။
ဦးလေး။
ဒေါ်လေး။
ဘကြီး။
ဘလေး။
စတဲ့ ဆွေမျိုးသားချင်းတွေကို မမြင်ရတော့ဘူး ဒီတော့ ကျွန်တော့်နဲ့အတူတူ ဖွားဖက်တော်တွေကို ပြန်ရှာကြည့်တယ်။
ဟုတ်တယ်လေဗျာ.... သွေးသားဆိုတဲ့ သံယောဇဉ်က ဖြတ်ဖို့မှ မလွယ်တာလေ။
မြော်လင့်ခြင်းအပြည့်နဲ့
အမွှာဖြစ်တဲ့ ညီအစ်ကိုများကို သွားကြည့်ခဲ့မိတော့ ရင်နာစရာတွေနဲ့ပဲ ဆုံခဲ့ရတယ်လေ။
သူတို့အားလုံး ရခဲ၊ မွန်မြတ်လှတဲ့ ဘဝမှာ မရှိကြတော့ဘူး။
ကျွန်တော်တော်တော်လေး ဝမ်းနည်းခြင်း၊ ယူကျုံးမရခြင်းများနဲ့ ကြေကွဲရတယ်။
ဒါနဲ့ ခလုတ်ထိမှ အမိတဆိုသလို အမေနဲ့ အဖေကို အပြေးအလွှားရှာမိတယ်။
မိဘတွေကိုတွေ့တော့မှ ကျွန်တော်ရင်ပိုကျိုးရပါတယ်။

မင်းတို့အမွှာတွေကို မွေးဖို့က ငါ့တာဝန်ပါ
ဒါပေမဲ့ တစ်ဦးချင်းကို ပြုစုစောင့်ရှောက်ပေးဖို့၊ လူလားမြောက်အောင် ကာကွယ်၊ သွန်သင်ပေးဖို့ကတော့ ငါတို့တာဝန် မဟုတ်ဘူးဆိုလာချိန်မှာ
ကျွန်တော့်ခံစားချက်ကို တွေးသာကြည့်ပါတော့။
မျက်ရည်များကြားကနေပြီး မိဘမေတ္တာဆိုတာဘာလဲ။
တောင်းဆိုး ပလုံးဆိုးတာ ပစ်ရိုးထုံးစံရှိပြီး သားသမီးဆိုးကို ပစ်ရိုးမရှိဘူးတဲ့ မြန်မာစကားပုံက လွဲနေလေရော့သလားဗျာ။
ကျွန်တော်တို့တစ်တွေက လူဆိုးလည်းမဖြစ်သေးဘူး။
အကောင်းအဆိုးလည်းမသိသေးတဲ့ လူမမယ်လေးတွေပါပဲ။

------------------------------------------------------------------------------------

ငါတို့ မအားဘူး မင်းပြောစရာဒါပဲမို့လား။
ငါတို့မှာ လုပ်စရာတွေရှိသေးတယ်ဆိုပြီး ကျောခိုင်းထွက်သွားတဲ့ မိဘနှစ်ပါးနဲ့ ဆွေမျိုးသားချင်းတွေကို ကျွန်တော်မျက်ရည်မျက်ခွက်နဲ့သာ ငေးကြည့်ကျန်နေရစ်ခဲ့ရတယ်။
ဒါနဲ့ ကျွန်တော့်မိဘဆွေမျိုးတစ်သိုက် ဘာတွေများအလုပ်ရှုပ်နေလဲဆိုတာ သိချင်တာနဲ့ စုံးစမ်းကြည့်မိတယ်။
သွားပြီ....
ကျွန်တော့်လို နောက်ထပ် မိဘမဲ့လေးတွေဖြစ်လာမဲ့
အမွှာစီမံကိန်းတွေ ယခင်အတိုင်း အစည်းအဝေးထိုင်။
ဇယားချ။
မတည်ငွေတွေအတွက်။
ဖုန်းတွေ။
အီးမေးလ်တွေ။
ပရိုဂျက်တာတွေနဲ့ အလုပ်ရှုပ်နေကြပြန်တာကိုတွေ့ရတယ်လေ။
ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။
ညီလေးတို့၊ ညီမလေးတို့ရေ မင်းတို့တစ်တွေများ ငါ့မိဘအသိုင်းအဝိုင်းများကြားမှာ မွေးဖွားလာခဲ့ကြရင်လေ
အစ်ကို့လို ဖိုးသက်ပြင်းလေးအဖြစ်၊ ဖိုးသက်ရှည်လေးအဖြစ် လောကဓံတရားများအကြားမှာ ရဲရဲ ရင်ဆိုင်ကြဖို့ သတ္တိများနဲ့ပါ မွေးဖွာလာခဲ့ကြပါလို့ တောင်းဆိုပါရစေ။
-----------------------------------------------------------------------------------

ကျွန်တော့်ဘဝမှာတော့ ဦးလေးကြီးတစ်ဦးက ကျွေးမွေးစောင့်ရှောက်ခဲ့လို့ အသက်ရှင်ခဲ့ရတယ်။
အဲ့ဦးလေးကြီးက ရင်၌ လွယ်မွေးခဲ့တဲ့သူလို စေတနာ၊ မေတ္တာ၊ ကရုဏာရှင်ကြီးကြောင့် အသက်ရှိသူတို့ရဲ့ အဖစစ်ဖြစ်တဲ့ ဘုရားသခင်နဲ့ မိတ်ဆက်ပေးခဲ့လို့
ရခဲ၊ မွန်မြတ်လှတဲ့ ဘဝရဲ့ အနှစ်သာရကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
ကိုယ်ကောင်းရင်ပြီးရော့ဆိုတဲ့ စိတ်မမွေးရဘူးလို့ အဲ့ဦးလေးကြီးက သွန်သင်ပေးခဲ့တာကြောင့်
ကျွန်တော်ကောင်းမွန်စွာ အသက်ရှင်သန်ခဲ့ရပေမဲ့
နှစ်စဉ်
ကျွန်တော်မတိုင်မီ
ကျွန်တော်နဲ့အချိန်ကိုက်
ကျွန်တော့်နောက်မှာ မွေးခဲ့ကြတဲ့သူတွေများ
ဘယ်သူတွေအသက်ရှင်ကျန်ပြီး။

ဘယ်သူတွေ သေဆုံးခဲ့ကြပြီးလဲဆိုတဲ့ အသိတရားများ ဝင်လာရင် စိတ်မကောင်းစွာနဲ့ တောင်းဆုပြုရင်း၊ တမ်းတမြည်တမ်းမိတာက

"အဖေနဲ့ အမေတို့ရယ် သားတို့လိုမျိုးမဖြစ်စေဖို့ နောင်လာမဲ့ ညီလေးညီမလေးများကို မိဘမဲ့သဖွယ် မွေးပြီးရင် ပစ်မထားကြပါနဲ့။
အဖေနဲ့ အမေတို့ မကျွေးမွေးနိုင်ရင်လဲ နီးစပ်ရာ မိဘမဲ့ဂေဟာလေးများအထိရောက် အရောက်ပို့ပေးပြီးမှ လိုရာခရီးဆက်ကြပါလို့ တောင်းဆိုပါရစေ"

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ ဘဝမှာ ထာဝရအသက်ကိုရရှိစေဖို့ ကျွေးမွေးပြုစုခဲ့ကြသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျေးဇူးတင်ခြင်းများနှင့်အတူ နောက်လာမဲ့ ညီရင်းအစ်ကိုများလည်း အသက်ဘေးအန္တရာယ်အသွယ်သွယ် လွတ်ကင်းနိုင်ကြစေဖို့သာ ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages