အမြင်ရှင်းလင်းပါစေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, December 21, 2011

အမြင်ရှင်းလင်းပါစေ


  
 လောကတွင် လူအမျိုးမျိုးစိတ်အထွေထွေ ရှိကြသဖြင့် မည်သူမှားသည် မည်သူမှန်သည်ကို ဆုံးဖြတ်ရန်အရေးသည် လွန်စွာခက်ခဲလှသည်ဟု ထင်မှတ်ရသော်လည်း ယုံကြည်သူ ဘုရားသားသမီးများအဖို့ မှားသည် မှန်သည်ကို ဆုံးဖြတ်ရန်အရေးသည် ရိုးရှင်းစွာဖြင့် လွယ်ကူလှပါသည်။

          အကြောင်းမှာ တစ်စုံတစ်ရာအတွက် မှန်သည်မှားသည် ဆုံးဖြတ်ရန်အတွက် ရိုးရှင်းလွယ်ကူလှ သောလမ်းစဉ်သည် စာရေးသူငယ်စဉ်က ဖတ်ရှုခဲ့ဘူးသော ကာတွန်းရုပ်ပြတစ်အုပ်ကို အမှတ်ရ မိနေပါသည်။
          ကာတွန်းရုပ်ပြတွင်ကား-
          လူတစ်ဦးသည်၏ စဉ်းစားပုံမှာ ‘ငါ့နေရာမှာ ခရစ်တော်ဆိုရင် ဘယ်လိုတုန့်ပြန်မလဲ၊ ဘယ်လိုလုပ်မလဲ’ ဆိုသောစကားကလေးဖြင့် အသက်တာတွင် သွားလာနေထိုင်ပါသည်။ အဆုံးတွင် ထိုသူ့အသက်တာသည် အသင်းတော်၊ မြို့ရပ်ရွာအတွင်းမှ တစ်ဖြည်းဖြည်းချင်း ကူးဆက်သွားရာ အသင်းတော်များနိုးထသွားကြသည်အထိဖြစ်သည်။

          အဆုံးတွင် အခြားအခြားသော သင်းအုပ်ဆရာကြီးများက အဘယ်နည်းဖြင့် လူတွေကိုပြောင်းလဲရန် ဆက်ကပ်ခဲ့ပါသနည်း။ အဘယ်လျှို့ဝှက်ချက်ရှိသနည်း စသည်ဖြင့် မေးမြန်းကြရာတွင် ထိုသူက မရှိပါ။ အထက်ပါအတိုင်း ခရစ်တော်သာဆိုရင် ဘာလုပ်မလဲဆိုသည့် အတွေးကလေးတစ်ချက်ဖြင့် ဤသို့ဖြစ်လာသည်ဟု ဆိုကြသောအခါတွင် ခရစ်ယာန်အသက်တာတွင် ဘုရားဘုန်းတော်ထင်ရှားရေး၊ မှန်ကန်သောအလင်းအတွက် အသက်တာတွင်လုပ်ဆောင် နိုင်ရေးတို့သည် လွန်စွာ ရိုးရှင်းလွယ်ကူလှကြောင်းသိသွားကြရပါသည်။
          စာရေးသူဘဝအသက်တာတွင် ထိုဖတ်မှတ်ခဲ့ဘူးသော ပုံပြင်ရုပ်ပြကလေးမှ စံနမူနာအဖြစ် သတ်မှတ်ထားသော သို့မဟုတ် အတုယူထားလိုက်သော အချက်အချို့ရှိပါသည်။ ၄င်းတို့မှာ-

          ၁။ ဘုရားသခင်အတွက်ဘုန်းတော်ထင်ရှားစေမည့်အမှုလား။
          ၂။ မိဘနှစ်ပါးအတွက် မျက်နှာပွင့်စေမည့်အမှုလား။
          ၃။ သမိုင်းကြောင်းလင်းစေမည့်အမှုလား။

          ဆိုသောအချက်သုံးချက်ကိုသာဦးထိပ်ထားမိခဲ့ပါသည်။ အကြောင်းမှာ ဘုရားဘုန်းတော် မထင်ရှားသောအသက်တာသည်
မည် သည့်နည်းနှင့်မှ မိဘများကိုလည်း မျက်နှာမပွင့်လန်းစေသလို၊ သမိုင်းကြောင်းတွင်လည်း အမည်းစက်စွန်းထင်းစေမည့်အမှုများပင် မဟုတ်ပါလား။


          အထူးသဖြင့် ယုံကြည်သူများအသိုင်းအဝိုင်းထဲတွင် သြတ္တပ္ပစိတ်သည် လွန်စွာအရေးပါလှသော်လည်း အကျင့်ပါလာသည့်နောက်တွင် သြတ္တပ္ပစိတ်သည် အလုပ်မလုပ်တော့ပါ။ ရှင်ပေါလုစကားဖြင့် ဆိုရပါက သြတ္တပ္ပစိတ်သေနေသောသူသည် ‘နာကျင်မှု’ ‘ခံစားမှု’ ‘ကိုယ်ချင်းစာနာမှု’ ‘မျက်နှာထောက်ထားမှုများ’ မရှိတော့ပါ။ ဘယ်သူသေသေ ငတေမာ ပြီးရော့ စိတ်ထားဖြင့် လုပ်ဆောင်သောအခါတွင် ဘုရားဘုန်းမထင်ရှားသည်သာမက ဘုရားသခင်ပေး ထားသော ဘိသိပ်ကောင်းကြီးမင်္ဂလာတို့သည်လည်း ယုတ်လျော့မှန်းမသိ ယုတ်လျော့လာကာ အဆုံးတွင် ဧလိသည် သူ့ဘဝအသက်တာတွင်မက မိသားစု အသိုင်းဝိုင်းမှအစ ဆွေစဉ်မျိုးဆက်များပင် သမိုင်းထက်မှ ကွယ်ပျောက်ခဲ့ရပါသည်။

          တစ်ဦးမကောင်းတစ်ဦးဆိုသော်လည်း စကားပုံတို့သည် လုံးဝဥဿုံမှန်ကန်ခြင်းမရှိပါ။ ဧလိအားဖြင့် မိသားစုပျက်သုဉ်းခဲ့ရသလို၊ ရှောလမုန်တစ်ချက်အမှားဖြင့် တိုင်းပြည်ပျက်ခဲ့ရပါသည်။

          ယနေ့  ကျွန်ုပ်တို့အသက်တာအားဖြင့် ‘မိသားစု’ ‘အသင်းတော်’ ‘တိုင်းနိုင်ငံ’ ‘ဘုရားသခင့်ဘုန်းတော်’ များကို ထင်ရှားစေနိုင်သလို၊ ရှုပ်ချစရားလည်းဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် မည်သူမှားသည်မှန်သည်အဓိကမဟုတ် ‘မိမိကိုယ်တိုင်’ အမှားထဲတွင် ဝင်မပါမိရန်လည်း လိုအပ်ပါသည်။ သခင့်ဘုန်းရှုပ်ချစရာအကြောင်းအတွက် ကိုယ်တိုင် လုပ်ဆောင်စရာမလို အားပေးအားမြောက်ပြုရုံဖြင့်လည်း ‘သူခိုးဓါးရိုးကမ်း’ ‘အဆိပ်ပင်ရေလောင်းခြင်း’ ဖြင့်လည်း စာတန်သည် ကျွနု်ပ်တို့အား လမ်းလွဲစေရန် အစဉ်ကြိုးပမ်းနေပါသည်။

          ထို့အတွက် ရှင်ပေတရုပြောသကဲ့သို့ ‘အဘယ်သူကိုဝါးမြို့ရမည်နည်းဟု’ခြောင်းမြောင်းနေသော စာတန်မာရ်နတ်လက်မှ လွတ်ကင်းလျှက် သခင့်ဘုန်းတော် လင်းဖြာနိုင်ကြပါစေကြောင်း နှစ်သစ်အတွက် ဆန္ဒပြုလိုက်ပါသည်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages