မင်္ဂလာရှိသူ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

မင်္ဂလာရှိသူ





ခရီးစဉ်စိတ်၍ ပင်ပန်းသောကြောင့်ပင်ထင်၏၊ ရန်ကုန်မှ မန္တလေးကို ရွေစင်စင်္ကြာယဉ်ဖြင့် စီးနင်းလိုက်ပါလာရာ မနက်သုံးနာရီအချိန်တွင် ဝမ်းတွင်းမြို့၌ ခေတ္တရပ်နားကြတော့

သူလည်း ကားပေါ်တွင်သာ အိပ်စက်နေလိုက်ချင်ငြား။ ကားဆရာမှ ခွင့်မပြုသောကြောင့် အများနည်းတူ ကိုယ်လက်သန့်စင်ပြီး ကြာဇံဟင်းခါးတစ်ပွဲကို စိတ်မပါ့တပါ့ဖြင့် တာဝန်ကျေ ဝမ်းမီးကိုဖြည့်စည်းလိုက်သည်။

ထိုကြာဇံဟင်းခါးကြောင့်ပင်ထင်၏ ကျွဲဆည်ကန်ကားဂိတ်သို့ နံနက် လေးနာရီကျော်ကျော်တွင် ရောက်ပြီး၊ ဟားခါးမန်း ကားဂိတ်သို့ ဖုန်းဆက်ကာ လာကြိုခိုင်းသည့်အတိုင်း ဟားခါးမန်း ကားဂိတ်သို့ရောက်ကာ။ နီးစပ်ရာ ဆိုင်တွင် ရေမိုးချိုး အနားယူသူကယူ၊ ဈေးဝယ်ထွက်သူကထွက်ဖြင့် ဟားခါးမန်း ကားထွက်မည့် နံနက်ဆယ်နာရီကို စောင့်စားနေကြသည်။


“ကဲ... ကဲ ထမင်းစားချင်သူကလည်း ဟိုနားက ဆိုင်မှာ စားလို့ရတယ်၊ အပေါ့အလေးလည်း သွားလို့ရတယ် ဒါပေမဲ့ အချိန်မီတော့ပြန်လာကြပေါ့”


ဦးဆောင်ဆော်ဪသာ်သူ၏ စကားအဆုံးတွင် ဟားခါးသတင်းကောင်းငွေရတု ပွဲတော်သွားကြမည့် ခရီးသည်များ အလျှိုလျှိုထွက်သွားကြသည်။ ပစ္စည်းများကိုလည်း အလှည့်ကျစောင့်စားနေရင်း စားသောက်ပြီးသူများ တစ်ချို့ပြန်လာတော့ သူလည်း သူငယ်ချင်းဖြစ်သည့် အဇော်ကိုခေါ်လိုက်သည်။


“အဇော် တစ်ခုခုသွားစားကြရအောင်”


“ကျွန်တော်သိပ်မစာဘူး”


“အးပါကွာ ငါလည်းဗိုက်တော့မစာပါဘူး၊ ဒါပေမဲ့ မန္တလေးကနေ ဟားခါးအထိတောင် ခရီးက ဆက်ရဦးမှာဆိုတော့ အစာတစ်ခုခုတော့ ဖြည့်ထားမှဖြစ်မယ်”


ခရီးပင်ပန်းနေသော အဇော်က အင်းမလုပ်၊ အဲမလုပ် ပေကပ်ကပ်ပြုနေသောကြောင့် သူစိတ်မရှည်စွာဖြင့်ပင် အဇော်အား လက်ကိုင်ကာ ဆွဲထူလိုက်သည်။


“အား...အား... အသာလုပ်ပါဆရာနွေဦးရယ် လက်ကနာသွားပြီ”


“အးပါကွာ မင်းကမူနေတော့ ငါလည်းနိုင်ရာဆွဲရတာပေါ့”


ပြောပြောဆိုဆို သူ့လက်အား အသာအယာပင် ပွတ်သပ်လိုက်ရင်း အတူတကွ ၂၃ လမ်းဒေါင့်ရှိရာသို့ လျှောက်လာလိုက်ကြသည်။ လမ်းဘေးဝဲယာ ထမင်းဆိုင်များက တန်းစီနေသည်။ အထူးသဖြင့် ရန်ကုန်မှာ အနေကြာပေမဲ့ မန္တလေး သားများက သူတို့ကို ကားငှါးမလား၊ ဆိုက်ကားငှါးမလား စသည်ဖြင့်မေးသောအခါ အဇော်က သူ့အား တအံ့တဩစကားဆိုသည်။


“ဆရာ ကျွန်တော်တို့ကို တောင်ပေါ်သားတွေမှန်း သည်လူတွေသိနေတယ်နော်”


“အင်း”ဟူ၍သာ သူထောက်ခံလိုက်သည်။


“ဆရာ ပန်းသီးစားရအောင်”


“အးကွာ ခရီးပန်းတယ်ဆိုတော့ ပန်းသီးကပိုအဆင်ပြေမယ်ထင်တယ်”


တစ်ဦးနှင့်တစ်ဦး အပြန်ပြန် အလှန်လှန် အမေးအဖြေပြုကြရင်း၊ ပန်းသီးကို တစ်ထောင်ဖိုး လေးလုံးဖြင့် ဈေးဆစ်ကာ ဝယ်လိုက်သည်။


ထို့နောက် အနီးစပ်ဆုံး Stra Cafe အအေးဆိုင်တွင် ဝင်ရောက်ကာ အဇော်က ကော်ဖီရှယ်မှာလိုက်သလို၊ သူကတော့ ထုံးစံရှိသည့်အတိုင်း Power Cool Drink  တစ်လုံးကို မှာလိုက်သည်။ စားပွဲထိုးလေး ယူလာပေးသော ဓါးဖြင့်ပင် ရေမဆေးပဲ အခွံနွာ၍ လေးစိတ်စိတ်လိုက်သည်။


ပြီးနောက် အအေးတစ်လှည့် ပန်းသီးတစ်လှည့်ဖြင့် ဝမ်းမီးကို ငြိမ်းသတ်လိုက်ရန် ခန္ဓာဝန်ဆောင်လိုက်ကြသည်။


“သနားကြပါရှင်...သမီးတို့ကို သနားကြပါ”


အသံနှင့်အတူ အသက်သုံးဆယ်ဝန်းကျင်အရွယ်ရှိ ခပ်နွမ်းနွမ်း အမျိုးသမီးကြီးတစ်ဦးနှင့် သုံးလေးနှစ်အရွယ် ကလေးမတစ်ဦး သူတို့ဝိုင်းနှင့် မလှမ်းမကမ်း ဝိုင်းတွင် အရှက်နှင့်သိက္ခာကို မငဲ့ကွက်အားဘဲ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် တောင်းရမ်းနေကြခြင်းဖြစ်သည်။


“ပန်းသီးတွေကို ပေးလိုက်ကြရအောင် အဇော်”


“ကျးဇူးတင်ပါတယ်ရှင်”


သူ့စကားပင် မဆုံးလိုက် ကျေးဇူးတင်စကားသံနှင့်အတူ သူတို့ဝိုးရှိရာသို့ ကူးလာသည့် သားအမိအား အဇော်မှ ပန်းသီးစိတ်ကို လှမ်းပေးလိုက်သည်။


ပန်းသီးအလုံးအကြီးကြီးအား လေးစိတ်သာစိတ်ထားသည်မှာ တကယ့်စားချင်စရာအတိ၊ အရည်ရွှမ်းရွှမ်းဖြင့် မြင်သူတိုင်းကို သားရေကျစေသည့် ပန်းသီးဖြစ်ပေမဲ့ ကလေးမလေး၏ အပြုအမူကြောင့် သူအံ့ဩမှင်သက်မိသွားသည်။ ထို့အတူ အဇော်သည်လည်း ပေးနေသောလက်အား ပြန်ရုပ်ရနိုးနိုးဖြင့် ကြောင်နနဖြစ်နေသည်။


“ယူလိုက်ပါသမီး”


“ယူလိုက်ပါသမီးရယ်”


စားချင်စဖွယ် ပန်းသီးစိတ်များက ကလေးမလေး၏ လက်အနီးတွင် ရောက်နေသော်လည်း၊ ကလေးမလေးက လက်ခံခြင်းမပြုသလို၊ ငြင်းပယ်ခြင်းလည်းမပြု ပကတိရိုးရှင်းစွာဖြင့် သူမ၏ မိခင်ဖြစ်သူအား မျက်နှာရိပ်၊ မျက်နှာကဲကိုကြည့်ကာ ယူရန်၊ မယူရန် အဆုံးအဖြတ်ကို စောင့်စားနေသည်မှာ တကယ့်အပြစ် ကင်းစင်သည့် မြင်ကွင်း လေးဖြစ်သည်။


အဇော်နှင့် သူမည်သို့ပင်ဆိုစေတော့ ကလေးမလေးက သူတို့စကားအား ကြားပေသည့် မသိကျိုးကျွန်ပြုလျှက်၊ ဖုတ်လေသည့် ငါးပိ ရှိသည်ဟု မထင်သည့်ပုံမျိုး၊ သို့ပင်ဖြစ်ငြား ကျေးဇူးကန်းသော မျက်နှာထားမျိုးကားမဟုတ် အုပ်ထိန်းသူရှိနေသည့်အတွက် ခွင့်ပြုခြင်းကို ရယူနေကြောင်း ဖြူစင်သည့်မျက်နှာပြင်မှာက အတိုင်းသား။


အချိန်အတော်ကြာ၍ မိခင်ဖြစ်သူမှ ကလေးမလေးအား “မင်းအတွက်ဘာမှ ပြဿနာမရှိဘူး၊ ယူသာယူလိုက်” ဆိုသည့်အသွင်ဖြင့် ခေါင်းညိတ်ပြတော့မှ ဝမ်းမြောက်သောအပြုံး၊ ရွှင်လန်းသောဘဝင်၊ ပြည့်သွားသောဆန္ဒဖြင့် ကလေးမလေးက အဇော်ပေးသော ပန်းသီးစိတ်များအား ယူကာ ကျေးဇူးတင်စကားဆိုရင်း မျက်စီအောက်မှ ပျောက်ကွယ်သွာသည်အထိ သူနစ်မျောစွာကြည့်နေမိလိုက်သည်။


လောကသားတို့က “မိဘစကား နားဝယ်ထား မှားတယ်မျှားကြားဘူးပါသလား”ဆိုသည့်အတိုင်း၊ ယနေ့ယုံကြည်သူတိုင်း၏ အသက်တာတွင် ထိုကလေးမလေးကဲ့သို့ အသက်ရှင်မည်ဆိုပါက“ထာဝရဘုရားပေးသနား တော်မူသော ကောင်းကြီးမင်္ဂလာသည် ဝမ်းနည်းခြင်းနှင့် ရောနှောတော်မူမည်မဟုတ်” (သုတ္တံ ၁ဝး၂၂ )။


နာမတော်မြတ်၌


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages