ထမ်းပိုး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

ထမ်းပိုး


 xxx ယောက္ခမ အိမ်မှာနေတယ် xxxx ကျွဲရှစ်ကောင်ရှိတယ် xxx အကောင်းဆုံး ကျွဲကို ဖဲပေါင်ရိုက်မယ် xxx ပျော်ပါတယ် xxx ဒါဟာငါ့အတွက်သိပ်ပျော်တယ် xxx ဒါဟာ ငါ့အတွက်သိပ်ပျော်တယ် xxx


ဒယိမ်းဒယိုင်နဲ့ လုံချည်ကို မတိုမရှည်ဒေါင့်ဆွဲကာ မူးမူးဖြင့်တေးး ဟစ်လာတဲ့ကိုထူး၊ သီချင်းများဖြင့် ယောက္ခမ မကောင်းကြေင်းကို မှန်မှန်ရွဲ့ပြီး ဟစ်တတ် ပေမယ့် မေးလိုက်တိုင်းတော့မြင့် ကိုထူးရဲ့ ဖြေပုံက …. 


"နွေဦးရာ…ယောက္ခမ ကောင်းဆိုတာ သမ္မာကျမ်းစာထဲက နောမိပဲတွေ့ဖူးတာ။ အပြင်မှာ မရှိပါဘူးကွာ…အဲ့ဒါ မှတ်ထား"


" နို့…ကိုထူးရဲ့ ယောက္ခမကြီးတွေ တကယ် မကောင်းတာလား" 


"ကောင်းတဲ့အခါလည်း ကောင်း၊ ဆိုးတဲ့အခါလည်း ဆိုးပေါ့ကွာ" 


ဒါက ကိုထူးရဲ့ ပုံမှန်ဖြေဆိုနေကြ အဖြေစကားပါ။ ယခုလည်း အိမ်ရှေ့ ရောက်သည်နှင့် လှမ်းဝင်လာသည်က

ရှောင်လင်ကားထဲက ဂျက်ကီချန်း၏ သိုင်းကွက် ထက်ပင် လှနေသေးရဲ့။


အကောင်းမြင်ဝါဒဖြင့် ကြည့်မိတာပါ။ 


"အရီးလေး ခင်မေ…ကျွန်တော် အလည်လာပြီ နော်" "ထိုင်လိုက်ပါ မောင်ထူး …အရီးလေး ရေနွေးကြမ်းယူလာခဲ့မယ်" 


အမေကလှမ်း၍ ပြောတဲ့စကားကိုကြားတော့ ကိုထူးက အူမြူသွားကာ သူ့ ဇာတ်ကြောင်းကို ရင်ဖွင့်ပြတော့သည်။ သူက မတူညီတ ဲ့ ထမ်းပိုးကို ထမ်းနေသူမို့ သားလေး၊ သမီးလေးများအတွက်ပင် ပူပန်စိုးရိမ်နေရသည့် သောက က နည်းနည်း တော့ မဟုတ်။ 


"နွေဦး….မင်းလည်း အိမ်ထောင်ပြုရင်တော့ မညီတဲ့ထမ်းပိုးကို လုံးဝ မထမ်းနဲ့၊ အခု ငါ့ဒုက္ခကိုသာ ကြည့်ကွာ" 


"ဘယ်လို ဒုက္ခလည်း ကိုထူးရာ….ကျွန်တော် နားလည်အောင်ရှင်းရှင်းပြောဗျာ"


"အေး….ငါပြောမယ်၊ ငါ့ယောက္ခမကြီးဦးသာဝနှင့် ဒေါ်ရွှေမိတို့ကတော့ ကောင်းမှ ကောင်း၊ ဆိုးမှ ဆိုးပဲဟေ့" 

ကောင်းသည်လည်း ပြော၏၊ ဆိုးသည်လည်း ပြော၏။ ထိုစကားတွေကြောင့် သူပို၍ပင် နားရှုပ်သွားသည်။ သို့သော်ကိုထူးကား မူးပေမယ့် အမူးပါ၊ စကား ကောင်းတော့ ပြောလေ့ရှိသူပင်ဖြစ်သည်။ မှုန်ကုပ်သွားသော သူ့မျက်နှာအား ကိုထူးက သတိမထားမိတော့ စကားဆက်သည်…. 


"ဒီလိုကွာ… ဒီလို ဦးသာဝနှင့် ဒေါ်ရွှေမိတို့က ကောင်းတယ်၊ ဆိုးတယ်လို့ ငါပြောတာက ငါ့အတွက်၊ ဇနီးနှင့် သားသမီးလေးတွေ အတွက်ဘုရား ကျောင်းကန်သွားဖို့ အခွင့်အရေး လုံးဝ အခွင့် မရှိ၊ အဲ့ဒါ မကောင်းတာ" 


"ကဲ့....ကဲ...ရေနွေးကြမ်းနှင့် လက်ဖက်သုပ်စားပါအုံး၊ ငါ့သား ကိုတော့ မဟုတ်မဟပ်တာတွေမသင်ပေးနဲ့နော်မောင်ထူး" 


အမေချပေးတဲ့ရေနွေး ကြမ်းနှင့် လက်ဖက်ကို ကိုထူးက ခူးခပ်စားရင်း…… 


"မသင်ပေး ပါဘူး အရီးလေးရယ်….ကျွန်တော်က ကိုယ်တွေကို သူ မခံစား စေချင်လို့ သင်ခန်းစာပေးနေတာပါ" 


"အရီးလေး လုပ်စရာလေးတွေမပြီးသေးလို့ သားတို့ပဲ စကားပြောကြပေါ့ကွယ်။ ကဲ့မောင်ထူး အရီးလေး ရွာထဲသွားလိုက်ဦးမယ်"


အမေရွာထဲထွက်ခွါသွားတော့မှ ကိုထူးက စကားဆက်သည်။ 


"နွေဦး…ရုပ်ပိုင်းဆိုင်ရာ အတွက် ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုတို့ကသာ ဖြည့်ဆည်း ပေးနိုင်တာ။ နောက်

စိတ်ပိုင်းဆိုင်ရာအတွက်က စိတ်ပိုင်းးဆိုင်ရာ၊ ကဏ္ဍကလေး တွေကခြားနားနေတာတွေ့ပြီနော်…နွေဦး" 


"ပြောပါ ကိုထူး…အဲ့ဒါ ဟုတ်တယ်"


"အေး…ငါ့ယောက္ခမ တွေက ရုပ်ပိုင်းဆိုင်ရာမှာ ပြောရလွတ်တယ်…ဒါပေမဲ့ ငါ့ ၀ိညာဉ်ရေး အတွက်က ငါ ၀ိညာဉ်အစာကိုသာ ငတ်မွတ်နေတာကွ" 


ပြောရင်း ဆိုရင်း ပင်ကိုထူးမျက်နှာက ချက်ချင်းငြိုးကျသွားသည်။ သူ့ ရင်ထဲမှာလည်း ဘာလိုလိုနှင့်

ကိုထူးရဲ့ သောကတွေ စီးဝင်လာသည်ထင်၏။ အားငယ်သလိုလို ခံစားလာရသည်။ ကိုထူးမှာ ရက်သတ္တပါတ်တွင်အားသည့် ရက်ဟူ၍ မရှိ။ စနေ၊ တနင်္ဂနွေလည်းမရှိ။ လယ်ယာလုပ်ငန်းတွင်သာ အချိန်ပြည့် ရှိနေတတ်ပြီး ယခုလို နေဝင်ရိုးရီ၌သာ အိမ်ရှေ့မှာ ရှိနေတတ်သည်။ ဒါကလည်း လယ်ယာ လုပ်ငန်းခွင်မှ ပြန်လာသည့်အချိန်၌သာပါ။ အားလုံးက ဘုရားကျောင်းကန်သွားတိုင်း မျက်နှာငြိုးငယ်စွာဖြင့်ကိုထူးလယ်ထဲဆင်းနေရသည့်မြင်ကွင်း၊ ကလေးသူငယ်တွေဆန်းဒေးစကူးမှ အပြန်ဓမ္မတေးလေးတွေပျော်ပျော်ရွှင်ရွှင် သီဆိုရင်း သူတို့အိမ်ရှေ့ မြေသလင်းတွင် ကစားနေချိန်တွင် ကိုထူးကလေးတွေ ခပ်လှမ်းလှမ်းမှ ငေးကြည့် နေတတ်ရသည့်မြင်ကွင်းကို သူမြင်ယောင်နေမိသည်။ 


"ဒီမှာ နွေဦး….အင်္ဂလိပ်စကားပုံ ရှိတာကို ပြောပြမယ်နော်… မှတ်ထား "Whosoever engaged with the daughters of this world, he is going to be defeated by his in-law" တဲ့ကွ အဲ့ဒါ မင်း ကောင်းကောင်း မှတ်ထားကွနော်… ကောင်းကောင်း မှတ်ထား"

"Whosoever engaged with the daughters of this world, he is going to be defeated by his in-law" 

ပညာရှိ သတိဖြစ်ခဲဆိုတာ သူကောင်းစွာ သဘောပေါက်သွားခဲ့ရပြီ၊ ကိုထူးက ခေတ်ပညာတတ်ဖြစ်ပြီး မညီတဲ့ထမ်းပိုးကြောင့် ဘဝမှာ ပျော်ရွှင်ခြင်းတွေ မရနိုင်သေးသလိုဆိုတဲ့ အကြောင်းအရာကို သူသေချာ အောက်မေ့ ချိန်မှာ တစ်ပြိုင်တည်း သတိရမိတာက ပညာရှိသုခမိန်ကြီးပင်ခြေချော်ခဲ့ရသည်ကလည်း ထိုမညီသော ထမ်းပိုးကြောင့် ပင်မဟုတ်ပါလား။ 


"စိတ်ချပါ ကိုထူး" လို့ သူ့နှုတ်မှ ပြောဆို လိုက်ချိန်မှာတော့ ကိုထူးက သူတို့ ခြံဝကို လွန်မြောက်သွားလေပြီ၊

နောက်ဆက်တွဲ ကြားနေရသည်က ကိုထူးရဲ့ အကြိုက်ဆုံးတေး……


xxx ယောက္ခမ အိမ်မှာနေတယ် xxxx ကျွဲရှစ်ကောင်ရှိတယ် xxx အကောင်းဆုံး ကျွဲကို ဖဲပေါင်ရိုက်မယ် xxx ပျော်ပါတယ် xxx ဒါဟာ ငါ့အတွက်သိပ်ပျော်တယ် xxx ဒါဟာ ငါ့အတွက်သိပ်ပျော်တယ် xxx။ ။ 


ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages