ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းသည် မည်သို့နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, January 19, 2022

ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းသည် မည်သို့နည်း



၁။ ဖွင့်ဆိုမှု။

“ကိုးကွယ်မှု” ကို ဂရိဘာသာစကားအားဖြင့် “proskuneo” ဟုသုံးပြီး အဓိပ္ပါယ်မှာ “ဦးညွတ်ပျပ်ဝပ်ခြင်း” (သို့) “ပျပ်ဝပ်ကိုးကွယ်ခြင်း” ဟုဆိုလိုပါ သည်။ ကိုးကွယ်ခြင်းသည် စိတ်ဝိညာဉ်အားဖြင့်အရင်းတည် ကိုးကွယ်မှု ကိုဆိုလိုပါသည်။


၂။ မည်သို့ကိုးကွယ်မှုပြုမည်နည်း။

အထူးသဖြင့်အတွင်းစိတ်ဝိညာဉ်ကိုအခြေခံပြီး တစ်ဦးချင်း၏ သက်ဝင် ယုံကြည်မှုကိုပြဆိုထားခြင်းဖြစ် သည်။ အထူးသဖြင့် မြန်မာစကားတွင် “ယနေ့မှစ၍ အသက်ထက်ဆုံး.....” အစချီသော ယုံကြည်သက်ဝင်မှုကိုပြ ဆိုသောဝတ်အတိုင်း ကိုးကွယ်မှုသည် အသက်ထက်ဆုံးဖြစ်၍၊ နေရာဒေသလိုက်၍ပြောင်းလဲခြင်း၊ ကာလ လိုက်၍ပြောင်းလဲခြင်း၊ အသက်အရွယ်လိုက်၍ပြောင်းလဲခြင်းစသောပြောင်းလဲခြင်းများကင်းစင်သည့် ကိုးကွယ် ဝတ်ပြုခြင်းကိုဆိုလိုပါသည် (ယော၊ ၄:၂၄)။

ထို့ကြောင့် ခရစ်ယာန်တို့၏ ဝတ်ပြုကိုးကွယ်ခြင်းသည် ရက်သတ္တပတ်တစ်ပါတ်လုံးဖြစ်ပြီး တနင်္လာမှ တနင်္ဂနွေ၊ တနင်္ဂနွေမှ တနင်္လာနေ့အားလုံးကိုဆိုလိုပြီး ထိုတည်ရှိမှုသည် သက်ဆုံးတိုင်ဖြစ်သည်။ အသင်းတော်၏ အချိန် ဇယားများဖြစ်သော တနင်္ဂနွေနှင့် အခြားနေ့များတွင် စုရုံးကြသည့်နည်းတူ အသင်းတော်ပြင်ပတွင်လည်း ရှင်သန်နေထိုင်မှုသည် ထပ်တူပြုလျက်ကိုးကွယ်နေသောအသက်တာဖြစ်ရပါမည်။

အထက်ဆိုခဲ့သည့်အတိုင်း ကာလဒေသ၊ နေရာမခွဲသောကြောင့် အိမ်၊ ကျောင်း၊ လုပ်ငန်းခွင်အားလုံးတို့၌ တူညီသောကိုးကွယ်မှုဖြင့် တူညီသောသက်ဝင်ယုံကြည်ကိုးကွယ်မှုသည်အရေးကြီးလှပါသည်။


၃။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓနှစ်ရပ်လုံးကိုးကွယ်ခြင်း။

ခရစ်ယာန်တစ်ဦး၏ စစ်မှန်သောကိုးကွယ်မှုသည် အသက်တာအတွင်းအပြင်နှစ်ရပ်လုံးအရေးကြီးပါ သည်။ ထို့ကြောင့် နှုတ်ကပတ်တော်က “သစ္စာတရားနှင့်လည်းကောင်း နာမ်ဝိညာဉ်ဖြင့်လည်းကောင်း” (ယော၊ ၄:၂၃-၂၄) ကိုးကွယ်ကြရပါမည်။

နာမ်ဝိညာဉ်ဖြင့်ကိုးကွယ်ခြင်းဆိုသည်မှာ ကိုယ်ဟန်နေကိုအဓိကထားခြင်းမဟုတ်။ အတွင်းစိတ်ဝိညာဉ်မှ စီးဆင်းလာသောကိုးကွယ်ခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ လေးမြတ်ကြည်ညိုခြင်းတို့ဖြစ်ကြ ပါသည်။ ထို့ကြောင့် စစ်မှန်သောကိုးကွယ်မှု ပြုနိုင်ရန်မှာ ဦးစွာဒုတိယမွေးခြင်းတည်းဟူသော “ဘုရားအနွယ် ဝင်” ဖြစ်ရန်အရေးကြီးပါသည်။ “ဘုရားအနွယ်ဝင်” မဖြစ်သမျှ ကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်းတို့ဟူသည် ဘာသာ တရား မျှသာဖြစ်၍ နှစ်သက်ဖွယ်မဖြစ်ပါ။

“ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ် တော်မှ တပါးအဘယ်သူမျှမသိ” (၁ ကော၊ ၂:၁၁)။ ဥပဇ္ဈာယ်ဆရာတည်းဟူသော ဝိညာဉ်တော်ဘုရားမှ အသက် တာကိုလမ်းပြစေခြင်းဖြင့် စစ်မှန် သောဘုရားကို စစ်မှန်သောဝတ်ပြုကိုးကွယ်ခြင်းပြုပြီး စစ်မှန်သော ဘုရားဘုန်း တော်ကိုထင်ရှားစေနိုင်ပါသည်။


၄။ ဘုရားကိုဗဟိုပြုလျက်ကိုးကွယ်ခြင်း။

ဒုတိယကိုးကွယ်မှုအရေးပါမှုမှာ သမ္မာတရားဖြင့်အသက်တာ ပြုပြင်ခြင်းခံပြီး ဘုရားကိုဗဟိုထားခြင်းဖြစ် ပါသည်။ ထို့ကြောင့်လည်း "ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကိုပြု မည် အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော် ပေ၏။ သင်တို့ သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သော အရာ၊ စုံလင်သော အရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင် မည် အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့" (ရောမ၊ ၁၂:၁-၂) ဆိုထားခြင်းဖြစ်သည်။

ကျွန်ုပ်တို့စိတ်နှလုံးပြောင်းလဲခြင်းခံရပြီးလျင် လောကီနှင့်စပ်ဆိုင် သောအတွေးအခေါ်မျှားပြောင်းလဲ၍ ဘုရားကိုကြည်လင်သောစိတ်ဖြင့် ဗဟိုပြုကိုးကွယ်ခြင်းပြုနိုင်ပါသည်။ 
 
လောကီမှုရေးတို့ဖြင့်ရောပြွမ်းနေသောအ သက်တာသည် ဘုရားသခင်အားကြည်လင်သောစိတ်ဖြင့် မည်သို့မှ ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်းများ ပြုနိုင်မည်မဟုတ်ပါ။ ထိုအရာတို့က စစ်မှန်သောဝတ်ပြု ကိုးကွယ် မှုအတွက် အတားအဆီးဖြစ်စေပါသည်။


၅။ စင်ကြယ်သောစိတ်ဖြင့် ဝတ်ပြုကိုးကွယ်ခြင်း။

တတိယအနေဖြင့် ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုရာတွင် နောင်တ နှလုံးသားနှင့်အတူ စင်ကြယ်သော စိတ်ထားရှိရပါမည်။ မြန်မာစကားတွင် “ရိုသေမာန်ကျိုး” ဟူသောစကားသည် ဥရိယဇနီးဖြင့်ပြစ်မှားမိသော ဒါဝိဒ် အသက်တာတွင် အတိုင်းသားမြင်တွေ့နိုင်ပါသည် (၂ ရာ၊ ၁၁)။ ထိုသို့မဟုတ်ပဲ ဘုရားကို စစ်မှန်စွာ မကိုးကွယ်နိုင် ကြောင်း ဒါဝိဒ်ကောင်းစွာသိနားလည်ခဲ့သည်။

ဒါဝိဒ်အနေဖြင့် အပြစ်ကိုနောင်တမရ၊ ဖုံးကွယ်သောအသက်တာဖြင့် “ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသော အားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ 
နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက် ခြင်းကဲ့သို့ ဖြစ်ပါ၏” (ဆာ၊ ၃၂:၃-၄)ဟုဘုရားမျက်မှောက်တော်နှင့် ဝေးရမှုကိုကောင်းစွာဆိုထားခဲ့သည်။

ထို့ကြောင့်လည်း ဒါဝိဒ်သည် "ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော သဗ္ဗဒေါသ....” အစချီသော မြန်မာ့စကားနည်းတူ ဘုရားကိုဝန်ချတောင်းပန် လျက် တိုးဝင်ကာ ဝတ်ပြုကိုးကွယ်ခဲ့သည်။ 
 
“ဘုရားသခင်နှစ်သက် တော်မူ သော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံး ကိုငြင်းပယ်တော်မမူ တတ်ပါ” (ဆာ၊ ၅၁:၁၇)။


၆။ သစ္စာတရားဖြင့် ဝတ်ပြုကိုးကွယ်ခြင်း။

စစ်မှန်သော ဝတ်ပြုကိုးကွယ်မှုတွင် သစ္စာတရားသည်အမှန်လိုအပ် ပါသည်။ ဝတ်ပြုကိုးကွယ်မှုအလုံးစုံ တို့သည် သစ္စာတရားဖြင့်ဆက်နွယ်နေပြီး၊ ထိုသစ္စာတရားသည် ဘုရားသခင့်နှုတ်ကပတ်တော်၌ တည်ရှိနေ သည်။

ခရစ်တော်ဘုရားက “ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏” (ယော၊ ၁၇:၁၇)။ ဆာလံ၌လည်း “ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏” (ဆာ၊ ၁၁၉:၁၄၂၊ ၁၆၀) တွင်ဆိုထားပါသည်။

စစ်မှန်စွာ ဘုရားကို ဝတ်ပြုကိုးကွယ်လိုပါလျင် ကျွန်ုပ်တို့သည် သမ္မာတရားကိုသိရှိနားလည်ကြရပါမည်။ ထိုသမ္မာတရားသည်လည်း စစ်မှန်သောဘုရားသခင့်စကားတော်အားဖြင့်သာဖြစ်ပါသည်။ စစ်မှန်သော ဝတ်ပြု ကိုး ကွယ်ခြင်း၌ အတွင်းနှလုံးသားမှစီးထွက်လာခြင်းနှင့်အတူ ဘုရားသခင့်ဂုဏ်တော်များကို ကျူးဧခြင်းတို့ လည်း ပါဝင်ပါသည်။ ထိုပြုသမျှအလုံးစုံတို့သည် သမ္မာတရားမှ သွေဖယ်ခြင်းမရှိ၊ သမ္မာတရားဖြင့် ညီလျက် ရှိပါသည်။


၇။ ဗဟိဒ္ဓကိုးကွယ်မှု။

အတွင်းစိတ်ဝိညာဉ်သည် အဓိကဖြစ်သောကြောင့် ဗဟိဒ္ဓတည်းဟူသော ပြင်ပသဏ္ဌာန်သည် သာမညဖြစ် လာပါသည်။ ထို့ကြောင့်လည်း ဘုရားကျောင်းမှသာလျင်၊ အိမ်မှသာလျင်ဟူသောစကားထက် ရှိသည့်နေရာ အရပ် ခပ်သိမ်းတို့၌ ဘုရားကို ဝတ်ပြုုကိုးကွယ်မှုပြုနိုင်ပါသည်။

ထို့ကြောင့်လည်း ထိုင်ခြင်း၊ ထခြင်း၊ အိပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ လက်မြောက်ခြင်း၊ လက်ခုပ်တီးခြင်း၊ ကခုန် ခြင်း၊ ငြိမ်သက်ခြင်းသည် သာမညဖြစ်ပါသည်။ ထိုပြင်ပအမူအရာတို့သည် အတွင်းနှလုံးသား၏ စီးဆင်း ရာ အလိုက်ကပ်ညိလိုက်ပါမှုသာဖြစ်၍ မည်သို့ပင်ကိုးကွယ်ပါစေ သခင်ယေရှုမိန့်တော်မူခဲ့သော “ဘုရားသခင် သည် နံဝိညာဉ်ဖြစ်တော်မူ၏။

ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရ မည်ဟု မိန့်တော်မူ၏” (ယော၊ ၄:၂၄) အတိုင်း ကာယ၊ စိတ္တ၊ ဝိညာဏသုံးရပ်လုံးသည် ဘုရားသခင်အား လေးမြတ် ကြည်ညိုခြင်းဖြင့် သာလျင်ဖြစ်ရပါမည်။



နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What is the meaning of Christian worship? အားမြန်မာမူပြုပါသည်။





No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages