ရိုသေမှုနှင့် ကိုးကွယ်ခြင်း မည်သို့ ခြားနားသနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, January 20, 2022

ရိုသေမှုနှင့် ကိုးကွယ်ခြင်း မည်သို့ ခြားနားသနည်း



၁။ ရိုသေလေးမြတ်မှုကို ဖွင့်ဆိုခြင်း။

အထက်ပါစကားနှင့်စပ်ဆိုင်လာတိုင်း အထူးသဖြင့် ရိုမန်ကာသိုလ်လိပ်နှင့် မြန်မာ့ယဉ်ကျေးမှုကို အလေး ပေးလွန်းသောခရစ်ယာန်များအကြားတွင် “မာရိ၊ သူတော်စဉ်နှင့် မိဘ၊ ဆရာသမားများ” အားအရိုအသေပေးခြင်း ဖြစ်သည် ကိုးကွယ်ခြင်းမဟုတ်ဟူ၍ဆိုလေ့ရှိကြသည်။

အရိုအသေပေးခြင်းဆိုရာတွင် အထွဋ်အမြတ်ထားခြင်း (သို့) ရိုသေလေးမြတ်ခြင်းကိုကြီးစွာပေးခြင်းဟု ဆိုလိုပါသည်။ ထို့ကြောင့် အရိုအသေပေးခြင်း (သို့) အလေးအမြတ်ပြုခြင်းဟူသည် တစ်စုံတစ်ဦးအား ထိုသူ၏ “ကြီးမြတ်ခြင်း” (သို့) “မြင့်မြတ်မှု” တို့ကို ဦးထိပ်ထားခြင်းဟူ၍ဆိုဖွင့်ဆိုလေ့ရှိကြသည်။


၂။ ကိုးကွယ်မှုကို ဖွင့်ဆိုခြင်း။

ကိုးကွယ်ခြင်းဟူသည် “ထိုက်တန်သောကိုးကွယ်မှုဂုဏ်ရည်ကို” ဖေါ်ကျူးပြသခြင်းဖြစ်သည်။ အထူးသ ဖြင့်ကိုးကွယ်ခြင်းတွင် “ အရိုအသေပေးခြင်း၊ ချစ်မြတ်နိုးခြင်း၊ ရိုသေခန့်ငြားခြင်း၊ ကြည်ညိုလေးမြတ်ခြင်း” စသ ဖြင့်ဖွင့်ဆိုလေ့ရှိကြသည်။

အဘိဓါန်များဖွင့်ဆိုမှုအရ “ရိုသေလေးမြတ်မှုနှင့် ကိုးကွယ်မှုအကြားတွင် သိပ်ပြီးကွဲပြားခြားနားမှုကို မတွေ့ရပါ။ အထူးသဖြင့် “ရိုသေလေးမြတ်မှု” နှင့် “ကိုးကွယ်မှု”မှာ အပြန်အလှန်အသုံးပြုနိုင်သော သံတူကြောင်းကွဲစကားစုများဖြစ်နေပါသည်။


၃။ အဓိကကျခြင်း။

အဘိဓါန်များ၏ ဖွင့်ဆိုချက်သည် အဓိကဟူ၍မဆိုနိုင်ပါ။ မည်သို့ပင်ဆိုစေ အဓိကအကြောင်းရင်းများ မဟုတ်။ နှုတ်ကပတ်တော်တစ်ခုလုံးကို ခြုံကြည့်လျင် ဘုရားမှတစ်ပါး၊ ရိုသေလေးမြတ်မှုပြုခြင်း၊ ကိုးကွယ်မှု၊ ဦးညွတ်မှု၊ ဆုတောင်းပဌနာပြုမှု၊ ဆုချွေမှုစသည်တို့ မပြုလုပ်ရသည်သာမက၊ ထိုဘုရားအား မည်သည့်အရာနှင့် မျှအစားထိုးခြင်းမပြုရန် အတိအလင်းဆိုထားပါသည်။

ဓမ္မသစ်တွင်ကြည့်လျင်လည်း ခရစ်တော်နောက်လိုက်များသည် ဘုရားမှတစ်ပါး အခြားအရာများကို ဘုရားနှင့်တစ်တန်းတည်းထားခြင်းများမပြုမလုပ်၊ မဆောင်ရွက်ခဲ့ကြသလို၊ ဘုရားမှလွဲပြီး ကိုးကွယ်ခြင်းကို မပြု ခဲ့ကြသကဲ့သို့၊ ကိုယ်တိုင်လည်း ဘုရားနှင့်တစ်တန်းတည်းထား၍ ကိုးကွယ်မှုကို မခံမယူခဲ့ကြပါ။


၄။ ကောင်းမြတ်သောသာဓကများ။

နှုတ်ကပတ်တော်ကိုကြည့်လျင် “ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။ ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏” (တမန်၊ ၁၀:၂၅-၂၆) ဟု ကောနေလိ၏ ကိုးကွယ်မှုကို ငြင်းဆန်ခဲ့သည်။

ထို့အတူရှင်ပေါလုကလည်း “အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့ သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည် အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏” (တမန်၊ ၁၄:၁၅) တွင်ဆိုခဲ့ပြန်ပါသည်။

ထိုနည်းတူ ဗျာဒိတ်ကျမ်း၌လည်း နှစ်ကြိမ်တိုင်တိုင် “ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏...... ငါယောဟန်သည် ဤအ ရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့ သောငှါ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏” (ဗျာ၊ ၁၉:၁၀၊ ၂၂:၈-၉)ဟူ၍ တွေ့ရပါသည်။

ထို့ကြောင့် မယ်တော်မာရိမှအစ၊ မိဘ၊ ဆရာသမားများ၊ သူတော်စဉ်များအား ဘုရားနှင့်တစ်တန်းတည်း ထား၍ကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်း၊ ဦးချခြင်းတို့သည် ကိုးကွယ်ခြင်းသာဖြစ်သောကြောင့် ရိုသေလေးမြတ်ခြင်းဟု ဆို၍မရပါ။ ကျွန်ုပ်တို့၏ ကြည်ညိုလေးမြတ်မှုကို အခြားနည်းလမ်းပေါင်းများစွာဖြင့် ပြသနိုင်သော်လည်း “ဘုရားနှင့်တစ်ဂိုဏ်းတည်း” ဟူသောအပြုအမူမျိုးကို နှုတ်ကပတ်တော်က တားမြစ်ထားပါသည်။


၅။ ဘုရားမှတစ်ပါးအခြားမရှိ။

မြန်မာစကားတွင် “အစိန္တေယျ၊ အပ္ပမေယျ” အစချီသော ဘုရားရှင့်ဂုဏ်ရည်တွင် မနှိုင်းယှဉ်၊ မကြံစည် အပ်ဟူ၍ဆိုထားသောကြောင့် ကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်းသည်ထိုဘုရားတစ်ပါးတည်းသာဖြစ်ရပါမည်။ သို့ဖြစ် ၍နှုတ်ကပတ်တော်ကိုကြည့်လျင် “ထာဝရဘုရားတစ်ပါးတည်းသာ” (နေ၊ ၉:၆၊ ဗျာ၊ ၄:၁၁၊ ၁၅:၄) ဟူ၍ ကိုးစား သက်ဝင်မှု၊ ခိုလှုံဆည်းကပ်မှု၊ ပူဇော်အထူးကိုခံယူထိုက်သောဘုရားဖြစ်ကြောင်း ဆိုထားပါသည်။

ထို့ကြောင့် မည်သည့်အရာဝတ္ထု၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ ထိုဘုရားနေရာတွင် အစားထိုး ခြင်းငှါ မစွမ်းသာသည်သာမက “နှိုင်းစာခြင်းပင်မပြုအပ်” ပါ။ အထူးသဖြင့် မြန်မာစကားတွင် “မနှိုင်းယှဉ်၊ မကြံ စည်အပ်၊ ကျေးဇူးတော်၊ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောဘုရား” ဟူသည် မည်သည့်လူသားကိုမျှ အစား ထိုးခြင်းငှါ ထိုက်တန်ခြင်းမရှိကြောင်း အတိအလင်းမီးမောင်းထိုးပြထားသောစကားပင်ဖြစ်သည်။

နှုတ်ကပတ်တော်အရကြည့်လျင် “ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုး ကောင်း ကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်” (ထွက်၊ ၂၀:၃-၅) ဟူ၍အတိအလင်းဆိုထားကြောင်း မြင်တွေ့လေ့လာ၊ မှတ်သား၊ ဆည်းပူးရပါသည်။


နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What is the difference between veneration and worship? အားမြန်မာမူပြုပါသည်။





No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages