အသင်းတော်စည်းမျဉ်း ဘာကြောင့်ထားရှိရသနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, January 17, 2022

အသင်းတော်စည်းမျဉ်း ဘာကြောင့်ထားရှိရသနည်း


၁။ အသင်းတော်ယုံကြည်ဝန်ခံချက်များ။
 
အများသောအသင်းတော်တို့တွင် အသင်းတော်၏ “အခြေခံယုံကြည်ချက်” နှင့် “အသင်းတော်ဆိုင်ရာမူဝါဒ” များ ကိုစနစ်တကျဖြင့်ရေးသားဖေါ်ပြထားလျက်ရှိကြသည်။ “အသင်းတော်ယုံကြည်ခံယူချက်” ဆိုသည်မှာ နှုတ်ကပတ်တော်ကို မည်သို့ခံယူကျင့်သုံးကြောင်းဖေါ်ပြထားချက်များဖြစ်ပြီး အသင်းတော်အား “ဟိုဟို...ဒီဒီ” ယိုင်နဲ့စေတတ်သော မှားယွင်းသောလမ်းစဉ်များမှ ကြိုတင်ကာကွယ်မှုများကိုပေးပါသည်။ 
 
“အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်...” (ဧဖက်၊ ၄:၁၄)ဟုဆိုထားသည့်အတိုင်း လွဲမှားစေတတ်သော လမ်းစဉ်များမှ ကွယ်ကာပေးပါသည်။ 
 
အချို့သောအသင်းတော်များက “အသင်းတော်အခြေခံယုံကြည်ချက်များ”သာမက အခြားအခြားသော “အသင်းတော်မူဝါဒ” များကိုပါ ထည့်သွင်းလျက်ရေးသားထားလေ့ရှိကြသည်။ အထူးသဖြင့်အသင်းတော် စည်း မျဉ်းစည်းကမ်းများဟုလည်းခေါဆိုနိုင်ပါသည်။ ဘာကြောင့် အသင်းတော်ဆိုင်ရာ “မူဝါဒများ” ထားရ သည် ဆိုသော ရည်ရွယ်ချက်များမှာလည်း အကြောင်းအားလျော်စွာ ခိုင်မာသောဆုံးဖြတ်ချက်များရှိကြပါ သည်။
 
မြန်မာစကားတွင် “အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ” ဟူ၍ပင် ဆိုထားသည်မဟုတ်ပါလား။
 
ထို့အတူ “တောင်းမှာ အကွပ် လူမှာ အဝတ်” ဆိုသော တင့်တယ်မှုကိုလည်း ဖေါ်ကျူးပြသထားသလို “လူ့စည်း ဘီလူးစည်း” ဟူသော သတ်မှတ်ချက်တို့သည် အသင်းအဖွဲ့တိုင်းသာမက မိသားစုတိုင်း၊ တစ်ဦးချင်းစီတိုင်းတွင် လည်း စည်းကမ်းကန္နားဟူသည် လိုအပ်သောကြောင့်ဆိုသော ပြယုဂ်များကို အားလုံးအသိပင်ဖြစ်ပါသည်။
 
၂။ အသင်းအဖွဲ့ဖြစ်ခြင်း။
 
ဘာကြောင့် အသင်းတော်မူဝါဒများ ချမှတ်ရသနည်းဟူ၍မေးလာလျင်...
အသင်းတော်သည် အသင်းအဖွဲ့ငယ်တစ်ခုဖြစ်သောကြောင့် အဖွဲ့အစည်းများ (သို့) အိမ်ထောင်တစ်ခုနှင့် အလားတူ ညီသောကြောင့် တိကျသောမူဝါဒများကို ချမှတ်ထားရခြင်းဖြစ်သည်။ ထိုသို့သောမူဝါဒများတွင် ...
(၁) သင်းအုပ်ဆရာ၏ အခန်းကဏ္ဍ။
(၂) သင်းတော်တို့၏ အခန်းကဏ္ဍ။
(၃) အခြားခေါင်းဆောင်ငယ်တို့၏ အခန်းကဏ္ဍ။
(၄) အသင်းသားတို့၏ အခန်းကဏ္ဍ။
(၅) အသင်းတော်၏ အခန်းကဏ္ဍ။
အစရှိသဖြင့် ရေးသားဖေါ်ပြလျက် ကျင့်သုံးကြရခြင်းမှာ အားလုံးစနစ်တကျဖြင့် အသင်းတော်အား ကောင်းမွန်စွာ တည်ဆောက်လျက် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေရန်ဖြစ်သည်။ 
 
“ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့” (၁ ကော၊ ၁၄:၄၀)။ 
 
၃။ အသင်းတော်အတွက် လမ်းညွန်ဖြစ်ခြင်း။
 
ဘာကြောင့် အသင်းတော်မူဝါဒများ ချမှတ်ရသနည်းဟူ၍ မေးလာလျင်...
အသင်းတော်အနေဖြင့် ဘုရားသခင့်အလိုတော်နှင့်အညီ မှန်ကန်သောလမ်းစဉ်အတိုင်း သွားလာအစေခံလျက် ဘုန်းတော်ထင်ရှားစေရန်ဖြစ်သည်။ အသင်းတော်ရှိ မူဝါဒများနှင့်အညီ ရန်ပုံငွေ၊ သာသနာကွင်း၊ လက်တင်မင်္ဂ လာ၊ အမှုတော်များနှင့် အခြားသော သာသနာ့အမှုများကို ကောင်းစွာ ထောက်မလျက် ဆက်ကပ်မှုပြုနိုင်ကြ စေရန် အသင်းတော်မူဝါဒများ ချမှတ်ထားရှိကြရခြင်းဖြစ်သည်။
 
၄။ တူညီသော ပန်းတိုင်သို့တက်လှမ်းစေခြင်း။
 
ဘာကြောင့် အသင်းတော်မူဝါဒများ ချမှတ်ရသနည်းဟူ၍ မေးလာလျင်...
အသင်းတော်သည် တူညီသောလမ်းစဉ်နှင့် သာသနာ့ပန်းတိုင်မှာ ခရစ်ယာန်ပီသစွာဖြင့် ဘုရားဘုန်းတော် အလို့ငှါ ဆက်ကပ်ခြင်း၊ အစေခံခြင်း၊ သီးခြားရပ်တည်ခြင်းတည်းဟူသော “ကိုယ်ပိုင်မိသားစု” အငန်းအတာကို တည်ဆောက်ကြခြင်းဖြစ်သည်။ 
 
“သီးခြား” ဟူသောဘုရားသခင့် ခေါ်ခြင်းနှင့်အညီ နှုတ်ကပတ်တော်တွင် ဖေါ်ပြထားခြင်းမရှိသော်လည်း အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများအရ မူဝါဒအချို့ကိုချမှတ်ထားသည်များလည်းရှိပါသည်။
ဥပမာအားဖြင့်...
(၁)အရက်သေစာသောက်စားခြင်းကိုတားမြစ်ခြင်း။
(၂) မတရားသောအသက်မွေးမှုကို တားမြစ်ခြင်း။
(၃) တရားမများဆိုင်ရာအမှုများကို တားမြစ်ခြင်း။
အစရှိသောအရာတို့သည် “အသင်းတော်အခြေခံယုံကြည်ချက်များ” မဟုတ်သော်လည်း “အသင်းတော်ဆိုင်ရာ မူဝါဒ”များဖြစ်ကြသည့်နည်းတူ အသင်းသားများအတွက် “လောကအလင်း” နှင့် “လောကဆား”များဖြစ်စိမ့်အံ့ သောငှါ ထားရှိသောကျင့်သုံးမှုများပင်ဖြစ်ကြသည်။
 
၅။ တည်ကြည်ခိုင်ခန့်သောအသင်းတော်ဖြစ်ခြင်း။
 
ဘာကြောင့် အသင်းတော်မူဝါဒများ ချမှတ်ရသနည်းဟူ၍ မေးလာလျင်...
အသင်းတော်တစ်ပါးသည် တည်ကြည်ခိုင်ခန့်လျက် အားကိုးအားထားပြုထိုက်သော အသင်းတော်တစ်ပါး ဖြစ်ရန် “အသင်းတော်အခြေခံယုံကြည်ချက်” နှင့် “အသင်းတော်မူဝါဒ”များကို ချမှတ်ထားရခြင်းဖြစ်သည်။ 
 
တနည်းအားဖြင့် စနစ်တကျဖြစ်သော...
(၁) အသင်းသားဖြစ်စေခြင်း။
(၂) တပည့်တော်စစ်ဖြစ်စေခြင်း။
(၃) ထိမ်းမြားဆောင်နှင်းခြင်း။
(၄) နှုတ်ကပတ်တော်နှင့်အညီ ဆက်ကပ်ပါဝင်ခြင်း...
 
စသည်တို့က မလိုလားအပ်သော ပြဿနာများကို တားဆီးပေးခြင်းပြုရာရောက်သည်သာမက အသင်းသား တိုင်း အတွက် ခိုင်ခန့်မြဲမြံလျက်၊ တည်ကြည်သောအသီးများစွာ သီးသူများအဖြစ်သို့ ဆောင်ကျဉ်းပေးပါသည်။ ထို့ကြောင့်အသင်းတော်တိုင်းတွင် “အသင်းတော်အခြေခံယုံကြည်ချက်” နှင့် “အသင်းတော်မူဝါဒ” တို့ဆိုသည် မှာ မရှိမဖြစ်လိုအပ်သော အကြောင်းတရားများပင်ဖြစ်ပါသည်။
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ What is the purpose of church by-laws (Bylaws)? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages