ရုသနှင့် ဩရပါတို့ ဆုံးဖြတ်ချက်ကွဲပြားမှု - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, December 30, 2021

ရုသနှင့် ဩရပါတို့ ဆုံးဖြတ်ချက်ကွဲပြားမှု




၁။ သမိုင်းရာဇဝင်ဖြစ်စဉ်။

ရု၊ ၁ ကိုဖတ်ရှုလျင် မောဘပြည်တွင် နောမိသည်ခင်ပွန်းသည်နှင့်အတူ သားနှစ်ဦးပါးဆုံးပါးသွား ကြောင်း မြင်တွေ့နိုင်ပါသည်။ သားနှစ်ဦး၏ ဇနီးများဖြစ်သော ရုသနှင့် ဩရပအကြောင်းကိုလည်း ဖေါ်ပြ ထားသည်။ နောမိသည် မိမိနေရပ်ဌာနီ ဣသရေတိုင်းပြည်သို့ပြန်မည်ဆုံးဖြတ်မှုပြုသောအခါ ချွေးမနှစ်ဦး လုံးအား သူတို့မိဘ ရင်း၊ သူတို့ဌာနေ၌နေရစ်ရန် အားပေးစကားဆိုခဲ့သည်။ “သို့ရာတွင်ချွေးမနှစ်ယောက် တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့် အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော” (ရု၊ ၁:၈)။

 

၂။ ကနဦးဆုံးဖြတ်ချက်များ။

            ကနဦးတွင် ဩရပနှင့် ရုသတို့နှစ်ဦးလုံးသည် “သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေးလျက်၊ အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏” (ရု၊ ၁:၉-၁၀) ဟုဆိုခဲ့ကြသည်။

            သို့သော် နောမိသည် အထပ်ထပ်အဖန်ဖန် သူ၌ သားသမီးမရနိုင်တော့ကြောင်းနှင့် သူတို့နောင်ရေးအဖို့  စိတ်အေးလိုကြောင်းတောင်းပန်စကားဆိုခဲ့သည်။ အထူးသဖြင့် နောမိအမြင်တွင် သူနှင်အတူနေလျင် ချွေးမ နှစ်ဦး လုံးမုဆိုးအဖြစ် သားသမီးကင်းမဲ့သောဘဝဖြင့်နေရမည်ကို ကောင်းစွာသိမြင်နေသောကြောင့် ဖြစ်သည်။

 

၃။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှု။

            ထိုသို့ဖြင့် နောက်ဆုံးတွင် ဩရပသည် နောမိစကားအတိုင်း မိဘရင်းများ၊ ဘုရားရင်းများထံသို့ ပြန်သွား ခဲ့သည် (ရု၊ ၁:၁၄)။ ထို့ကြောင့် နောမိသည် ရုသအားကြည့်လျက် “နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါ” (ရု၊ ၁:၁၅) ဟုစကားဆိုခဲ့သည်။

            သို့သော်လည်း ရုသသည် ဩရပနှင့်မတူ ခြားနားစွာဖြင့် တုန့်ပြန်ခဲ့သည်။ “ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေ ရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မ အမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါ မည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမက ပြုတော် မူပါစေသောဟုပြန်ဆို၏” (ရု၊ ၁:၁၆-၁၇)။

 

၄။ မှန်သောဆုံးဖြတ်ချက်ပြုသူ။

            ရုသ၏တုန့်ပြန်စကားတွင် အသေးစိတ်တွေ့ရသည်။ ၎င်းတွင်ဦးစွာ မြင်တွေ့နိုင်သည်က ကနဦးတွင် ဩရပနှင့် ရုသနှစ်ဦးလုံး ဣသရေလတိုင်းပြည်သို့ လိုက်ပါရန်ဆုံးဖြတ်ခဲ့ကြသည်။ “အကယ်စင်စစ် အကျွန်ုပ်တို့ သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏” (ရု၊ ၁:၁၀)။ သို့သော်လည်း ရုသ၏ ဒုတိယအကြိမ်အဖြေစကားတွင်ကြည့်ပါ “ကိုယ်တော်ဘုရားသည်ကျွန်မဘုရား ဖြစ်ပါ စေ” ဟူသောစကား နှင့်အတူ နောမိ၏ဘုရားနှင့် နောမိ၏လူမျိုးများထံလိုက်ပါရန် ခိုင်မာသော ဆုံးဖြတ်ချက်၊ ပြတ်သားမှုကို တွေ့ရပါ သည်။

            နောမိနှင့် ရုသတို့သည် အဆိုးဝါးဆုံးသောအခြေအနေဖြင့် တိုင်းပြည်ကိုပြန်သွားကြသော်လည်း ဘုရား သခင်သည် ထိုအခြေအနေမှပင်လျင် ကြီးစွာသောနိမိတ်လက္ခဏာများကိုပြုတော်မူခဲ့သည်။  ရုသသည် နောမိ၏ လူမျိုးများထံသို့ပြန်ခြင်းသက်သက်သာမက နောမိ၏ဆွေတော်၊ မျိုးတော်စာရင်းကိုပင်လျင် အမည်သစ်ဖွင့်လှစ် ဖို့ရန် ဗောဇနှင့်ထိမ်းမြားခြင်းပြု၍ သားဩဗက်ကို ဖွားမြင်ခဲ့သည်။ ထိုဩဗက်သည် ဒါဝိဒ်၏အဖိုးအဖြစ် သမိုင်း မှတ်တမ်းဝင်လာခဲ့သူတစ်ဦးလည်းဖြစ်သည်။

ရုသ၏ တုန့်ပြန်စကားကိုကြည့်လျင် အစွမ်းတန်ခိုးတော်နှင့်ပြည့်ဝသော ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့မြင်တွေ့နိုင်ပါသည်။ အထူးသဖြင့် အနာဂါတ်ကိုပိုင်သတော်မူသောဘုရားသည် အခြေအနေအရပ်ရပ် ကိုသိမြင်တော်မူပြီး၊ ညှိညွတ်တော်မူလျက် သူ့မေတ္တာတရားများကို ဖေါ်ကျူးနေကြောင်း ရုသ၏ အသက်တာ အားဖြင့် ကျွန်ုပ်တို့မြင်တွေ့သိရှိနိုင်ပါသည်။



နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages