ဟာဂရသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 17, 2021

ဟာဂရသည် မည်သူနည်း

၁။ သမိုင်းနောက်ကြောင်း။

            ဟာဂရသည် အီဂျစ် (အဲဂုတ္တု) ပြည်သူတစ်ဦးဖြစ်ပြီး အာဗြဟံဇနီး စာရ၏ ကျွန်မတစ်ဦးဖြစ်သည်။ ဟာဂရနှင့် ပတ်သက်သောအကြောင်းကို က၊ ၁၆ တွင်ကျွန်ုပ်တို့ဖတ်ရှုနိုင်ပါသည်။  အာဗြဟံထံသို့ ဘုရားသခင် ထင်ရှားတော်မူပြီးနောက် ကတိတော်ပြည်သို့သွားရန် မိန့်တော်မူသောအခါ နေရပ်နှင့်အရာရာကို စွန့်၍ အာဗြဟံသွားရန်လိုအပ်လာပါသည်။ ထိုအချိန်၌ အာဗြဟံတို့ဇနီးမောင်နှံမှာ ဆယ်နှစ်ကြာလာသည့်တိုင် သားသမီးမရရှိခဲ့ကြ (က၊ ၁၂:၁-၄၊ ၁၆:၁)။

            စိတ်မရှည်သောစာရအနေဖြင့် တစ်နေ့သောအခါ ခင်ပွန်းဖြစ်သူအား “စာရဲက၊ အကျွန်ုပ်အား သားဘွား ရသော အခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင် လေ၏။ ထိုသို့အာဗြံသည် ခါနာန် ပြည်၌ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက် စေဘို့ အပ်နှင်းလေ၏” (က၊ ၁၆:၂-၃)ဆိုခဲ့သည့်အတိုင်း ကျွန်မ အားပေးအပ်ခဲ့သည်။ စာရစကားအတိုင်း ဟာဂရထံသို့ အာဗြဟံဝင်ခဲ့သဖြင့် ဟာဂရပဋိသန္ဓေရရှိခဲ့သည်။

 

၂။ သခင်မအား မထီမဲ့မြင်ပြုခြင်း။

            သခင်မမှ မိမိသခင်နှင့်အတူနေစေပြီးနောက် ကိုယ်ဝန်ရှိလာသောအခါ ဟာဂရသည် သခင်မအား မထီမဲ့မြင်ပြုလာ ခဲ့သည် (က၊ ၁၆:၄)။ ထိုအခါ သခင်မဖြစ်သူ၏ အပြစ်ပေးခြင်းကို ခံရပြီး အသက်ဘေးလွတ် ခြင်းငှါ ကန္တာရထဲသို့ပြေးသွားခဲ့ရ တော့သည် (က၊ ၁၆:၅-၆)။ 

 

၃။ ဘုရားသခင်မစခြင်းခံရသူ။

            ထိုအခါ ဘုရားသခင်ကြာတော်မူပြီး ကောင်းကင်တမန်ကိုစေလွှတ်လျက် နှစ်သိမ့်စေခဲ့ပြီး အနာဂါတ်နှင့် ဆိုင်သည့် ကောင်းကြီးမင်္ဂလာကတိတော်ကိုပေးခဲ့ပါသည်။ “သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့် မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိ တော်မူပြီ။ သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက် ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏” (က၊ ၁၆:၁၁-၁၂)။

            ၎င်းမှာ  ဟာဂရအဖို့ အာဗြဟံ၏ဘုရားကို ပထမဆုံးအကြိမ်ဖူးတွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် "အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရ သည်” ဟူ၍ဆိုခဲ့ခြင်းဖြစ်သည် (က၊ ၁၆:၁၃)။

 

၄။ သားကိုဖွားမြင်ခြင်း။

            ဟာဂရသည် ထိုသို့ဖြင့် အိမ်ကိုပြန်သွားရသည့်နောက်တွင် အာဗြဟံ၏သားကို မွေးဖွားခဲ့ပြီး ထိုသားကို ဣရှမေလ ဟူ၍ကတိတော်ထားသည့်အတိုင်း မှည့်ဆိုခဲ့သည် (က၊ ၁၆:၁၅)။ ထို့နောက် ဟာဂရအကြောင်း ထပ်မံမဖေါ်ပြတော့ပဲ စာရ အားဖြင့် အာဗြဟံသည် သားဣဇက်ကိုမွေးကြောင်း ဖေါ်ပြလာသည် (က၊ ၂၁)။

            ထိုသို့ဖြင့် ၁၄ နှစ်ကြာပြီးနောက်တွင် ဣရှမေလမှ ဣဇက်အားဆဲရေးခြင်းပြုကြသည့်အရာကို ဖေါ်ပြ ထားသည်။ ထိုအရာကို စာရမြင်သောအခါ အာဗြဟံအားအကျိုးအကြောင်းပြောပြ၍ “ဤကျွန်မ၏သားသည် အကျွန်ုပ်၏သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ၏” (က၊ ၂၁:၁၀)။

            ထိုကိစ္စကိုအာဗြဟံသိသောအခါ စိတ်မကောင်းသော်လည်း ဟာဂရနှင့် ဣရှမေလအဖို့ ပံ့ပိုးခြင်း၊ ပြင်ဆင်ခြင်းများ ပြု၍ အဝေးသို့နှင်လွှတ်လေတော့သည်။ “အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူး ကိုယူသဖြင့်၊ ဟာဂရပခုံး၌တင် ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက်နေ၏” (က၊ ၂၁:၁၄)။


၅။ အဆာပြတ်လတ်ခြင်း။

            ဟာဂရတို့သားအမိသည် အစားအသောက်များပြတ်လတ်သောအခါ ဘာလုပ်ရမည်ကိုမသိတော့။ ထိုအခါ ဟာဂရ သည်သားဖြစ်သူ ဣရှမေလအား အရိပ်ရှိသောခြုံအောက်၌ထား၍ သေသည်ကို မမြင်လို သောကြောင့် ခပ်ဝေးဝေး၌ သွားနေ ခဲ့သည် (က၊ ၂၁:၁၆)။

            ဟာဂရငိုနေချိန်တွင် ဘုရားသခင်သည် ဟာဂရအားခေါ်တော်မူပြီး နှစ်သိမ့်ပေးတော်မူပြန်ပါသည် (က၊ ၂၁:၁၇)။ “ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင် ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏” (က၊ ၂၁:၁၈)။ ထို့နောက် နှုတ်ကပတ်တော်၌ “ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကိုတိုက်လေ၏။” (က၊ ၂၁:၁၉) ဟုဆိုထား သည့်အတိုင်း ဟာဂရပြုခဲ့လေသည်။ 

ဘုရားသခင်သည် ဟာဂရအတွက် လမ်းညွန်မှုပေးသည်သာမက သားအမိနှစ်ယောက် လုံးအတွက် ရှင်သန် ကြီးထွားလာနိုင်စေ ရန်ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်း, ကျွေးမွေးခြင်းများကို ပြုတော်မူခဲ့ပါသည် (က၊ ၂၁:၂၀)။

 

၆။ တစ်ခုလေးသောအမှား။

            ဟာဂရနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သောအပြစ်တရားကြောင့် ရာစုနှစ်ပေါင်းများစွာ ဝမ်းနည်းစရာများ နှင့် သွေးထွက်သံယိုမှုတို့သည် ဣဇက် (ဣသရေလ) နှင့် ဣရှမေလ (အာရပ်) တို့အကြားဖြစ်တည် နေခဲ့ရ သည်။

            မိုဟာမဒ် (အစ္စလမ်တို့၏ဖခင်)မှ ဣရှမေလမှဆင်းသက်လာသူဖြစ်ပြီး ဣသရေလတို့၏ ကတိတော် မြေကို ရယူပိုင်ခွင့်ရှိသည်ဟူ၍ မူစလင်အချို့ကဆိုကြသည်။ ထိုဆွေးစဉ်မျိုးဆက်အားဖြင့် လှည့်ကွက်ကိုသုံး၍ ကတိတော်မြေအား ဣဇက်အစား ဣရှမေလကသာလျင် ရသင့်သည်ဟူ၍လည်း အချို့ကဆိုကြပါသည်။

 

၇။ ဓမ္မသစ်ရှိ ဟာဂရ။

            တမန်တော်ရှင်ပေါလုက ဟာဂရနှင့် စာရအကြောင်းကို ကယ်တင်ခြင်းနှင့်စပ်ဆိုင်ပြီး သာဓကပြုခဲ့ သည်။ အထူး သဖြင့် ဂလာ၊ ၄ တွင် ဟာဂရသည် ပညတ်တော်ကိုကိုယ်စားပြု၍ ဓမ္မဟောင်းတရား (အာရပ်ရှိ သိနာတောင်၌ပေး သောကြောင့်) နှင့်တူကြောင်း၊ ထို့အတူ လူသားတို့၏အလုပ်နှင့်တူသော ကုသိုလ်ကောင်းမှု ကို ကိုယ်စားပြုဆိုခဲ့သည်။

            စာရသည် ဓမ္မသစ်ကိုယ်စားပြုပြီး၊ ဘုရားသခင်ပြုတော်မူသော ကျေးဇူးတရားနှင့်ယှဉ်သင့် ကယ်တင် ခြင်းကိုပြ ဆိုထားပါသည်။ ရှင်ပေါလုက ခရစ်တော်၌ရှိသော ယုံကြည်သူတို့သည် စာရအားဖြင့်မွေးဖွား သူများနှင့်တူပြီး၊ မိမိကိုယ်ကျင့် တရားကိုအမှီပြုသောသူတို့နှင့် ဟာဂရနှင့်တူသော သွေးသား၊ ဇာတိ ကျွန်မ သားများဖြစ်ကြောင်းဆိုခဲ့သည်။

            “ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏” (ဂလာ၊ ၄:၃၁)။ ထို့ကြောင့်လည်း ယုံကြည်သူတို့အား " အဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့် သူ၏သားကို နှင်ထုတ် လော့" (ဂလာ၊ ၄:၃၀) ဟုဆိုခဲ့သည်။ ဆိုလိုသည်မှာ ကယ်တင်ခြင်းအတွက် ကုသိုလ်၊ အကျင့်၊ သီလ၊ ဒါနတို့ကို အားကိုးခြင်း အားပြောဆိုခြင်းဖြစ်ပြီး၊ ထိုနည်းဖြင့် ကတိတော်နှင့်စပ်ဆိုင်သော အမွေကို မခံစားနိုင်ကြောင်းသိနိုင်ပါသည်။

 

၈။ ဘုရားမျက်နှာသာခံစားရသူ။

            ဟာဂရဖြစ်စဉ်သည် လွန်စွာအတုယူစရာများကြွယ်ဝလှပါသည်။ အကြောင်းမှာ ဘုရားသခင်သည် ဟာဂရအား ဖြင့်ကြီးသောအမှုများကိုပြုတော်မူခဲ့သည်။ ဟာဂရသည် တိုင်းတစ်ပါးသား၊ ကျွန်မတစ်ဦးသာ ဖြစ်သည်။

            သို့သော်လည်း ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ဟာဂရ၏ဝမ်းနည်းခြင်း၊ သောကအဖြာဖြာကို သိမြင်တော်မူ၍ ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်း၊ ပံ့ပိုးခြင်းများကိုပြုတော်မူခဲ့ပါသည်။

            ထို့အတူ ဟာဂရသည် El Roi “ထာဝရဘုရားသည် ငါ့ဆင်းရဲဒုက္ခကိုကြည့်မြင်တော်မူသည်” ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ သည်။ ဟာဂရ၏ဖြစ်စဉ်က ကျွန်ုပ်တို့ကိုအမှတ်ရစေသော အကြောင်းအရာမှာ ဘုရားသခင် သည် ကျွန်ုပ်တို့ဖြစ်ခြင်းကို သိမြင် တော်မူခြင်း၊ လိုအပ်မှုများကို ထောက်မ၊ စောင့်ရှောက်၊ ကွယ်ကာပေးတော် မူသောအရှင်ဖြစ်ကြောင်းနှင့်အတူ ထားရှိသော ကတိတော်ကိုပြည့်စုံစေတော်မူသည့် ဘုရားဖြစ်ကြောင်း လေးနက်စွာ သင်ယူရရှိမိပါသည်။

 

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်



မှတ်ချက်။ ။ Who was Hagar in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages