ကျွန်တော့် ကျေးဇူးရှင်များ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, August 30, 2016

ကျွန်တော့် ကျေးဇူးရှင်များ

 
 
 
 
 
 
 
ဘဝတွင် ကျေးဇူးတင်ရမည့်သူများဟုဆိုလိုက်သည်နှင့် သူသူငါငါက ဘုရား၊ တရားနှင့် မိဘ၊ ဆရာ ဂုဏ်ကျေးဇူးများကိုသာ ပြေးမြင်ယောင်မိကြပါလိမ့်မည်။ မှန်သည်။ 
 
ထိုကျေးဇူးရှင်များကို ကျွန်တော် မမေ့ မလျှော့ပါ ဘဝတွင် အရေးပါသော်လည်း အလေးထားခြင်းမခံရသည့်သူများကိုသာ ကျွန်တော့်အနေဖြင့် ရေးသားကျေးဇူးဆပ်လိုပါသည်။

၁။ မလိုမုန်းတီးစိတ်ရှိသော_ကျေးဇူးရှင်များ။

လူတိုင်းက ချစ်ခင်မြတ်နိုးမှုကို ရယူလိုကြသည်။ မိမိလည်းမလိုမုန်းတီးမှုကို မလိုလားသကဲ့သို့ ကိုယ်တိုင်လည်း ထိုသို့မလိုမုန်းတီးသူအဖြစ် မလိုလားကြပါ။ သို့သော် အချို့မှာ ကျွန်တော်တို့ မသိနိုင်သော အကြောင်းများဖြင့် သူတစ်ပါးကို အလိုလိုမုန်းတီးနေတတ်သူများဖြစ်ကြသည်။ သူတို့ဘဝကို သူတို့လည်းထို သို့ဖြစ်လိုကြမည်မဟုတ်မှန်း ကျွန်တော်သိပါသည်။

သူတို့ဘဝကို ခနထားပြီး သူတို့ကျေးဇူးကို ပြောပြလိုပါသည်။ တိုင်းတစ်ပါးတွင် ကိုယ် ရေးအကြံပေး အရာရှိများကို ငွေကြေးကုန်ကျခံပြီး မိမိလိုအပ်မှုများကို ပြင်ဆင်ကြသည်။ သူတို့မလိုမုန်းထား စိတ်များ ကြောင့်ဘဝတွင် "မှန်ကန်စွာ ပြုမူ၊ နေထိုင်၊ သွားလာ၊ စားသောက်၊ ဘဝကိုပြင်ဆင်ဖို့ရန်" အခွင့် အလမ်းများ ကို ရရှိနိုင်ပါသည်။ ထိုသို့သော ကျေးဇူးရှင်များ စာရေးသူဘဝတွင် ကျေးဇူးတော်ကြောင့် ရရှိထားပါသည်။

၂။ အတင်းအဖျင်းပြောသော_ကျေးဇူးရှင်များ။
အတင်းအဖျင်းမှာ မကြာမကြာ ကြားရသောစကားဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူတို့ ပြော သောစကားအတိုင်း မိမိသည်အတ္တကြီးသူဟုတ်မဟုတ် မိမိကိုယ်ကိုပြင်ဆင်နိုင်ပါသည်။ "ပညာရှိသတိဖြစ်ခဲ" ဆိုသော စကားပုံအတိုင်း ကျွန်တော်တို့ ဘဝတွင် အလွဲအမှားများဖြစ်နေလျှင် အမှန်ပင် ပြုပြင်ပေးမည့်သူကို အမှန်လိုအပ်ပါသည်။

မိမိအသိုင်းအဝန်းမှ ချစ်ခင်သူတိုင်းက ထိုသို့အမုန်းခံ၊ အဆူခံပြီး မပြောရက်၊ မပြောရဲကြသော်လဲ အထက်ပါလူများကတော့ ထိုသို့မဟုတ် ပြောရဲဆိုကြပါသည်။
အကယ်၍ အတင်းအဖျင်းစကား "မမှန်ခဲ့ပါက"လည်း သတိပေးစကားအဖြစ်ခံယူကျင့်သုံးနိုင်ပြီး "မှန်ခဲ့ပါက" လည်း ပြင်ဆင်လျှက် ခရီးနှင်လျှင် ဘဝခရီးဖြောင့်ဖြူးနိုင်ပါသည်။ ထိုသို့သော ကျေးဇူးရှင်များ စာရေးသူဘဝတွင် ကျေးဇူးတော်ကြောင့် ရရှိထားပါသည်။

၃။ ရှေ့တစ်မျိုး_ကွယ်တစ်မျိုး_နှစ်မျက်နှာရှိသော_ကျေးဇူးရှင်များ။

မိမိရှေ့တွင် ရွှန်းရွှန်းဝေအောင် လေးစား၊ ချစ်ခင်၊ ဂုဏ်ယူတတ်ကြောင်းပြောသော်လည်း မိမိကွယ် ရာတွင်ကား မိမိပြုသမျှကျေးဇူးကိုပင် မသိတတ် ဖလောင်းဖလဲများတတ်သောသူများကို တွေ့ရသောအခါ နောက်ကျောဓါးအထိုးခံရသည့်နှယ် အခံခက်ရသည်။

သို့သော် သူတို့သည် မိမိစိတ်နှင့်တစ်ပါးသူကို အလွန်အကျွံမရောမိဖို့နှင့် အားလုံးကိုတစ်သဘော ထဲ မဟုတ်ကြောင်း သင်ယူရန် လမ်းကြောင်းခင်းပေးနေသူများဖြစ်သည်။ ထို့ကြောင့် လောကတွင် ထိုသို့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောတတ်သောသူများက မိမိအား အရာရာကို ချိန်ခွင့်ညီမျှစွာ နေထိုင်၊ ပေါင်းသင်းတတ်ဖို့ ဆရာသမားကောင်း၊ ကျေးဇူးရှင်များပင်ဖြစ်သည်။ ထိုသို့သော ကျေးဇူးရှင်များ စာရေးသူ ဘဝတွင် ကျေးဇူးတော်ကြောင့် ရရှိထားပါသည်။

၄။ အမြဲ_ဆန့်ကျင်နေတတ်သော_ကျေးဇူးရှင်များ။
မည်မျှပင် အကောင်းဆုံးလုပ်နေပါစေ ဆန့်ကျင်နေမည့်သူများ ရှိပေလိမ့်မည်။ သူတို့ကြောင့် စိတ်ပင်ပန်းရသည်မှာ မလွယ်မှန်းသိပါသည်။ ခံစားဘူးပါသည်။ သို့သော် ကျွန်တော့်ဘဝ တည်ဆောက်မှု တွင် သူတို့သည် မပါမဖြစ်၊ မရှိမဖြစ်သော ကျေးဇူးရှင်များပင်ဖြစ်သည်။

ထိုကျေးဇူးရှင်များဘဝတွင် ဘယ်သောအခါမှ ငြိမ်းအေးမှုအစစ်အမှန်ကို မရကြပါ။ သူတို့အား မိမိ ဖက်မှ မေတ္တာပြလျှင် သူတို့အဖို့ ပိုပြီးပူလောင်ကြရသည်မှာ စိတ်မကောင်းစရာလည်းဖြစ်သည်။ သို့တိုင် သူတို့ ဆန့်ကျင် ပြုမူမှုများကြောင့် ဘဝတွင် တက်လမ်းများစွာကို မြင်တွေ့နိုင်ပါသည်။

စာရေးသူဘဝတွင် ထိုသို့ ဆန့်ကျင်နေတတ်သော ကျေးဇူးရှင်များကြောင့် ဘဝတက်လမ်းများစွာ ကို မြင်တွေ့ခွင်၊ ရယူပိုင်ခွင့်၊ တည်ဆောက်နိုင်ခွင့်များစွာ ရရှိခဲ့သည်။ ထိုသို့သော ကျေးဇူးရှင်များ စာရေးသူ ဘဝတွင် ကျေးဇူးတော်ကြောင့် ရရှိထားပါသည်။

၅။ ကျေးဇူးရှင်များအား_ကျေးဇူးဆပ်နည်း။
အထက်ပါ ကျေးဇူးရှင်များနှင့် အတူသွားလာ၊ နေထိုင်၊ လုပ်ဆောင်ရခြင်းမှာ အမှန်ခက်ခဲလှသည်။ စိတ်ပင်ပန်းစရာတစ်ခုအဖြစ် ကျဉ်းကြပ်ခဲ့ဘူးသည်။
သို့သော် စာရေးသူ ဓမ္မပညာစတင်လေ့လာစဉ်က အထက်ပါ အမှုကိစ္စမျိုးများစွာ ကြုံတွေ့ရသော အခါတွင် ကြီးစွာ စိတ်မကောင်းဖြစ်မိသည်။ ထိုသို့ဖြင့် မြန်မာစကားပုံ တစ်ခုကိုသာ ပြေးမြင်ယောင်နေမိ သည်။ သို့သော် ထိုအခိုက်တွင် "ကျေးဇူးရှင်အား မပြစ်မှားနှင့်" ဆိုသော စကားတစ်ခွန်းကြောင့် ကျွန်တော့် အားကျေးဇူး ကင်းသောသူမဟုတ်လျှင် မည်သို့ပင်ဆိုစေ ထိုသူအား မပြစ်မှားတော့ဟု ဆုံးဖြတ်မိသည်။

ထိုအခါ အထက်ပါအတိုင်း စာရေးသူအား "သင်ဆရာ" "မြင်ဆရာ" "ကြားဆရာ" စသော ကျေးဇူးပြု ဘူးသူများအားလုံးကို ခွင့်လွတ်စိတ်ဖြင့်သာ နားလည်ပေးရန်နှင့် သူတို့အတွက် အကောင်းဆုံးတုန့်ပြန်ဖို့သာ ဆုံးဖြတ်ခဲ့တော့သည်။

စာရေးသူအမြင်အား ပြောင်းလဲစေသည့် အရာမှာထာဝရဘုရား၏ နှုတ်ကပတ်တော် စကားတစ်ခွန်း ကြောင့်ပင် ဖြစ်သည်။ "တဖန်မိန့်တော်မူသည်ကား ငါသည် သင်တို့ကို အကျိုးနည်းစေ ခြင်းငှါ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သောအကျိုးကိုရမည့်အကြောင်း၊ ငြိမ်ဝပ်စေ ခြင်းငှါသာ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏"ဟူသော ဘုရားသခင့် ကတိတော်ကြောင့် အထက်ပါ ကျေးဇူးရှင်များကို အပြစ်မမြင်တတ်တော့ဘဲ သူတို့ထံမှ ကောင်းသောအရာများကို အရယူပြီး သူတို့အတွက် -
  • ဆုတောင်းပေးခြင်း။
  • စာနာပေးခြင်း။
  • ဖေးမကူညီပေးခြင်း။
  • ကြုံလျှင် အားပေးမှုပြုခြင်းများကိုသာ ပြုနေမိတော့သည်။
အထက်ပါ ကျမ်းစကားတွင် အင်္ဂလိပ်စာ Amplified Version ၌ "For I Know the thoughts and plans that I have for you" ဟုဆိုထားပါသည်။ ကျွန်တော်တို့သည် မည်သို့သောအခါမှ "ပြဿနာကို မီးထွန်း" မရှာတတ်ကြသည့်တိုင် ရှေ့ရေးအနာဂါတ်ကို မမြင်နိုင်သောကြောင့် ပြဿနာများဖြစ်တတ်ကြ သော်လည်း ကျွန်တော့်ဘုရားသခင်မှာကား ထိုသို့မဟုတ် -

"သင့်အတွက် ငါထားသော ငါ့အကြံအစည်များကို ငါကောင်းကောင်းသိပါတယ်"တဲ့ ဒီတော့ ကျွန်တော် အတွက် အကြောင်းဆုံးအကြံအစည်ကိုသာ ထားရှိသော ဘုရားအဖို့ အထက်ပါကျေးဇူးရှင်များမှာ လဲ ထိုအကြံအစည်တော်များထဲမှ "တစ်ခု"ဖြစ်သောကြောင့် သမ္မာတရားနှင့်အညီ ကျွန်တော် ကျေးဇူးရှင်ဟု သတ်မှတ် ကာ ခေါ်ဆိုရခြင်းပင်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages