အလိုတော်နှင့်ညီသော ထိမ်းမြားမင်္ဂလာသို့….. - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, July 22, 2016

အလိုတော်နှင့်ညီသော ထိမ်းမြားမင်္ဂလာသို့…..

 
 
 
 
 
 
 
လူသားတိုင်းမြတ်နိုး အလေးထားသူများ၏ ချစ်ခြင်း မေတ္တာကို ခင်မွတ်ကြသည်။ အထူးသဖြင့် လူငယ်များအတွက် ပို၍ဆိုသင့်လှသည်။
 
အထူးသဖြင့် ဆန့်ကျင်ဘက်ဖြစ်သော အမျိုးသား/ အမျိုးသမီး တစ်ဦးမှ သင့်အားအထူးတလှယ် စိတ်ဝင်စားသည်ကို သိရှိလိုက်ရခြင်းက ဘဝတွင် အံ့ဩဘွယ်ဖြစ်စေသော နွေးထွေးမှုနှင့် တုနှိုင်းမမှီသော ခံစားမှုကို ဖြစ်ပေါ်စေသည်။

ဆန့်ကျင်ဘက် အမျိုးသား/အမျိုးသမီးတစ်ဦးနှင့် တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးရာမှ အတူ တကွ တွေ့ဆုံခြင်းသည် စိတ်ဘဝင်ကို သာယာကြည်နူးဖြစ်ပေါ်စေသည်။ တစ်ဦးနှင့်တစ်ဦး ထိတွေ့၊ ယုယခြင်းဖြင့်သာယာမှုကိုလည်း သိနားလည်ခဲ့ကြသည်။ ထိုသို့သောအချိန်များသည် နွေးထွေး သော သနားကြင်နာမှုကို အစပျိုးပေးခြင်းဖြစ် သည်။

ထိုသို့သော အချိန်များ မကြာခင်မှာပင် “ငါတို့ တစ်ဦး ကို တစ်ဦးချစ်နေကြတာပဲ၊ နှစ်ကိုယ်တူ ကြည်ဖြူခြင်းက ဘာမှားလို့လဲ”ဟု တွေးထင်ကာ ကာမသဘောသို့ ဦးတည် သွားလေ့ရှိကြသည်။ သို့သော်လည်း လက်ထပ်ထိမ်းမြားခြင်း မတိုင်မှီ ကာမသဘောသို့ မရောက်သင့်ကြောင်းကို ပြောဆိုရ ခြင်း၊ တားမြစ်ကြခြင်းမှာ ခိုင်မာသော အကြောင်းတရားများ ရှိနေသောကြောင့်ပင်။

“သင်ပိုင်ဆိုင်ရရှိခြင်းမှာ လက်လွတ်ဆုံးရှုံးရခြင်းနှင့် မထိုက်တန်” သောကြောင့်ဖြစ်သည်။
သင်ပိုင်ဆိုင်လိုက်သော အရာကဘာလဲ၊ တင်္ဒဂသာယာမှုနှင့် သွေးသားဆန္ဒပြည့်စုံမှု တစ်ခုသာ ဖြစ်သည်။ သို့သော်ထိုအကျိုးရလဒ်က သင့်ဘဝ တစ်လျှောက်လုံးကို ထိခိုက်နာကျင်နေစေပါ လိမ့်မည်။ ထို့ကြောင့် သင်ဘာတွေ ဆုံးရှုံးနိုင် ကြောင်းကို နှုတ်ကပတ်တော်ဖြင့် တင်ပြလိုပါသည်။

၁။ မေတ္တာစစ်ကို သိကျွမ်းခွင့် ဆုံးရှုံးခြင်း။
အမျိုးသား/အမျိုးသမီးတစ်ဦး၏ မေတ္တာကို ရအံ့သောငှါလိင်မှုကိစ္စဖြင့် သိမ်းသွင်းခြင်းမျိုး မိန်းကလေးများစွာက လွဲမှားစွာပြုတတ်ကြသည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် “စေ့စပ်ခြင်း” “ထိမ်းမြှားခြင်း” နှင့် “စုံဖက်ခြင်း”သို့ ဦးတည်ပို့ဆောင်လေ့ရှိသော်လည်း၊ စုံမက်ခြင်းသဘောသည် ကား စစ်မှန်သောချစ်ခြင်းမေတ္တာသို့ ဦးဆောင်နိုင်စွမ်း မရှိပါ။

ထိုအစားမေတ္တာစစ်ကို သိကျွမ်းခြင်းအခွင့်ကိုသာ မလွဲမသွေ သင်လက် လွတ်ဆုံးရှုံးစေပါလိမ့် မည်။
အသက်၁၆နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် အထက်တန်းကျောင်းသူဘဝမှ တက္ကသိုလ် ပထမနှစ်ထိတိုင် မိမိ၏ အပျိုစင်ဘဝကို စောင့်ထိမ်းခဲ့သည်။
နှစ်သက်မြတ်နိုးသော အမျိုးသားတစ်ဦးနှင့်တစ်နှစ်တာ လုံးလည်း ဣန္ဒြေရှိစွာဖြင့် သွားလာ၍ ချစ်ခင်မြတ်နိုးကာ ကြည်နူးပျော်ရွှင်စွာပင် နှစ်ကိုယ်အိမ်မက်ဖြင့် ခရီးဆက်ခဲ့ သည်။ ထိုသို့ဖြင့် နွေရာသီ ကျောင်းပိတ်ရက် နှုတ်ဆက် ညချမ်းတွင် အတူတကွ “စုံမက်ခြင်း” အဆင့်သို့ သိမ်းသွင်းခဲ့မိသည်။ ထိုအချိန်တွင် မိန်းခလေး အနေဖြင့် “ငါလည်း သူ့ကို ချစ်တယ်။ သူလည်းငါ့ကိုချစ်တယ်၊ ဘာ့ကြောင့် မဖြစ် နိုင်ရမှာလဲ” ဟု တွေးထင်မှတ်လိုက်သည်။
သို့သော်ကျောင်းပြန်ဖွင့်ချိန်တွင် “ငါ့ဘဝအတွက် ငါ မျော်လင့်ထားတဲ့ လက်တွဲဖေါ်က မင်း မဟုတ်ဘူး။ နှုတ်ဆက်ညရဲ့အချိန်ကစပြီး၊ ငါ့ဘဝမှာအိပ်မက်တစ္ဆေခြောက်လှန့်သလို ငါခံစားနေရ တယ်။ ငါ့ဘဝကို မင်းဖျက်ဆီးခဲ့တယ်။ ငါမင်း ကိုဘယ်လိုမှ လက်မထပ်နိုင်ဘူး။ ငါ့အပြင် မင်းဘယ်လို လူတွေ နဲ့ နေခဲ့မလည်း ဆိုတာ ငါလည်း မသိနိုင်ဘူး။ ငါ့ဘဝရဲ့ လက်တွဲဖေါ်အဖြစ် ငါတကယ်မျှော်မှန်း ခဲ့ပေမယ့် ဒါက ငါ့ဘဝအတွက် တကယ့်မဟာ အမှားတွေ ပဲဖြစ်ခဲ့ တယ်”ဟူသည့် စကားကိုသာ ပြန်လည် လက်ခံရရှိခဲ့သည်။

၂။ အကြံတော်ကို သိကျွမ်းခွင့်မရနိုင်ခြင်း။

သွေးသားဆန္ဒအလိုကို မိမိကြည်ဖြူသောသူနှင့် အတူနေနိုင်သည်ဟုဆိုခြင်းမှာ လွန်စွာ မှားယွင်းနေသည်။ ထိုသို့ ပြုခြင်းသည် “စုံမက်ခြင်း” အား ဈေးပေါ့စေသကဲ့သို့ ပမာမခန့် ပြုရာလည်း ရောက်သလို ဘုရားသခင်၏ဖန်ဆင်းမှုကိုလည်း ကမောက်ကမဖြစ်၍ လမ်းကြောင်းလွဲ စေခြင်းဖြစ် သည်။
“စုံမက်ခြင်း”သည် သွေးသားအတွက်သာမဟုတ်။ သင်နှင့်စုံမက်သူသည် တစ်လုံးတစ်ဝ တည်း ဖြစ်လာခြင်းသာ။ ထို့ကြောင့် သင့်အင်္ဂါအစိတ်အပိုင်းသည် သူ့အတွက် ထာဝရ ဖြစ်သကဲ့သို့၊ ကြင်ဖေါ်၏ အင်္ဂါအစိတ်အပိုင်းသည်လည်း သင့် အတွက် ထာဝရအဖြစ် တည်ရှိနေရပါမည်။

ထိုသို့ဖြင့် ထိမ်းမြှားမှုပြုရာတွင် သင်သည် ကြင်ဖော်ကြင်ဖက်အား ၁ဝဝ%နှုန်း အပြည့် အပ်နှံ ခြင်း မရှိကြောင်းကို မြင်တွေ့လာရပါလိမ့်မည်။ အကြောင်းမှာ တစ်ပါးသူအား မျှဝေခဲ့ပြီး သောကြောင့် ပင်။ ထိုသို့ မထီမဲ့မြင်ပြုခြင်းသည် မိမိကိုယ်ကိုသာ အရှုးလုပ်ခြင်းမက ဖန်ဆင်းတော်မူသော ဘုရား သခင်၏ အကြံအစည်တော်ကိုလည်း မထီမဲ့မြင်ပြုရာရောက်လေသည်။

၃။ မိမိဂုဏ်အသရေကို ဆုံရှုံးခြင်း။

သမ္မာကျမ်းစာအတိုင်း လူပျိုသည်သူ၏ဂုဏ်အသရေ တို့တွင် အစဉ်အတိုင်း ကြီးထွားခြင်းနှင့် သင်ကြားခံယူရန်လိုအပ်ပြီး၊ စာရိတ္တကင်းမဲ့သောလမ်းစဉ်ကို မလိုက်ရန် ဆိုထားသည်။ လူငယ်ဘဝကို ဖြူစင်စွာစောင့်ထိမ်းခြင်းက ဘဝအတွက် လွန်စွာအဖိုးမဖြတ်နိုင်သော ရတနာစစ်ပင်ဖြစ်သည်။ စိတ်မ ကောင်းစရာမှာ အများစုတို့မှာ ထိုအသရေကို အချိန် နှောင်းသွားလေမှ သိကြခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် မိန်း ကလေးများသည် သူတို့ ရှာဖွေ နေသောအချစ်စစ်ကို ရမည်အထင်ဖြင့် “စုံမက်ခြင်း”ကို လိုက်လျှောတတ်ကြသည်။ အများစုကြုံရသည့်အရာမှာ သူတို့၏ အဖေါ်သည် သူတို့အား လူသားတစ်ဦးကဲ့သို့ပင် တန်ဖိုးထားခြင်း၊ ချစ်ခင်မြတ်နိုးခြင်း မရှိသည်ကိုသာ တွေ့ကြုံ ရတတ် ခြင်းဖြစ်သည်။ သူတို့သည် “စုံမက်ခြင်း” ကိုလိုလားသည်။ထိုအမျိုးသမီးသည် ၂၄ နာရီအသင့် ရှိနေသည်။ ထို့အတွက်လိုလေတိုင်း စိတ်ဆန္ဒပြည့်ဝရန်အတွက် လာရောက်တွေ့ဆုံမည်။ အချိန်အခိုက် အတန့် လွန်လာသောအခါတွင် ငြီးငွေ့ ရိုးအီသွားပေတော့မည်။ ထိုသို့သော အမျိုးသမီးကို လျှော့ဈေး အဖြစ် ရောင်းသည့် ရောင်းကုန်သဖွယ်သာ နောက်ဆုံး စွန့်ပစ် သွားကြပေ လိမ့်မည်။

ထိုအချိန်တွင် အမျိုးသမီးအနေဖြင့် အချစ်စစ်ကို ရှာ ဖွေရန် အခြားနည်း မရှိသောကြောင့် “စုံမက်ခြင်း”ကိုသာ ရှာဖွေသည့်ဘဝတူ လူများနှင့်သာ တွေ့ရပြီး၊ အများအမြင် နှင့် မိမိ အမြင်မှာ တူညီစေသည့် ခံစားချက်ကား “တန်ဖိုးနည်း” ခြင်းကိုသာ ကြုံတွေ့ပေတော့သည်။

၄။ ဩတ္တပ္ပစိတ်ကြည်လင်မှု ဆုံးရှုံးခြင်း။
ဘုရားသခင်သည် သင့်အားဩတ္တပ္ပစိတ်ကို ပေးထားသဖြင့် ထိုစိတ်ဖြင့်သာ သင်နှင့်ကျွနု်ပ်တို့ အသက်ဆက် နေရပေမည်။ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက-
“ကျွန်မ ငယ်စဉ်က ရူးမိုက်ခဲ့မိတဲ့အတွက် ဘဝမှာဒုက္ခ ရောက်ခဲ့ရတယ်။ သည်အပြစ်ကတော့ ထိမ်းမြှားခြင်းမရှိဘဲ “စုံမက်ခြင်း”ပဲပေါ့။ သည့်အတွက်လည်း အမြဲတမ်း ငိုကြွေး ရင်း၊ မြည်တမ်းရင်းနဲ့ ဘဝအချိန်ကို ကုန်လွန်ခဲ့ရတယ်။ ဘုရား သခင်က ကျွန်မအပြစ်ကို ခွင့်လွတ်သည့် နည်းတူ ဩတ္တပ္ပ တရားဆိုတဲ့ စိတ်အမာရွက်ဒဏ်ရာက လည်း ကြည်လင်သွားပါစေလို့အကြိမ်ကြိမ်လည်း ဆန္ဒပြုမိ တယ်” ဟု ရေးသားရင်ဖွင့်ခဲ့သည်။

၅။ စိတ်၏ ချမ်းသာသုခကို ဆုံးရှုံးရခြင်း။
လူငယ်များမှာ သူတို့ ထင်မှတ်ထားသကဲ့သို့ “စုံမက်ခြင်း”သည် အနှိုင်းမဲ့ သာယာကြည်နူးမှု ဟု ထင်မှတ်ထားသည့်အတိုင်း အမှန်တကယ် ခံစားတွေ့ရှိကြပါရဲ့လား။ အဖြေကား “မတွေ့ရ” ဟူ၍သာ။

ထိုသို့”ထိမ်းမြှားခြင်း”မရှိမှီ “စုံမက်ခြင်း”အားဖြင့် ကိုယ်ဝန်ဖျက်ချသည့် ဆေးရုံများ၊ ဆေးဝါးများ တိုးပွားခြင်းသာ ရှိစေသည်။ ထို့ကြောင့် ထိမ်းမြှားခြင်း မရှိသော မိခင်လောင်း များကို “စုံမက်ခြင်းက သင့်ဘဝမှာ ပူပန်သောကလား၊ အတိ ဒုက္ခလား၊ ဒါမှမဟုတ် အနှိုင်းမဲ့လောကရဲ့စည်းစိမ်ကို ဖြစ်စေ လား”ဟု မေးမြန်းရာတွင် ၅၀% က “အတိဒုက္ခ”၊ ၃၀%က “ပူပန်သောက”နှင့် “လောကစည်းစိမ်”ဟု ဖြေသူကား ၂၀% သာရှိသည်။

ဘုရားသခင်ချမှတ်ထားသော ချစ်ခင်မြတ်နိုးမှု နိယာမအတိုင်း သွားလာပါက “စုံမက်ခြင်း” သည် ကြည်နူးဖွယ်၊ သာယာ နှစ်လိုဖွယ်ရှိပါသည်။သို့သော်လည်း ထိမ်းမြှားခြင်း ပြင်ပတွင်ကား အတိဒုက္ခသာ ဖြစ်ပွားစေမည်။

စာကဗျာမှာ တွေ့ရသမျှ အချစ်အကြောင်းက လိမ်ညာခင်းကျင်းမှုသက်သက်သာ ဖြစ်သည်။ နူးညံ့မှု၊ သာယာမှု၊ ရေရှည်တည်တံမှုအစား နာကျင်မှု၊ ကြေကွဲမှုများသာရှိတာပါ။ အချစ်သည် ပန်းမွေ့ယာ၊ လကမ္ဘာ စသည်ဖြင့်ရေးဖွဲ့သည့် ဒါရိုက်တာ အားလုံးကိုထောင်သွင်း အကျဉ်းချထားရန် သင့်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုထဲမှကြည်နူးခြင်း၊ သာယာခြင်းနှင့် အတူနေ့သစ်ကို အစပြုခြင်းက လက်တွေ့မှာ တကယ်ဖြစ်မ လာဘဲ နာကျင်၊ ကြေကွဲမှုနှင့်အတူ အတိဒုက္ခ ထိတ်လန့် စရာသက် သက်ပါပဲ။

နောက်နေ့တွင် သင့် အနေဖြင့် အထူးဆန်းဆုံး တွေ့ရမည့်အရာက သင့်ချစ်သူက သင့်အား လှည့်မကြည့်တော့သည့်အနေအထားသာ ဖြစ်ပါတယ်ရှင်” ဟု အသက် ၁၆ နှစ် အရွယ် ကိုယ်ဝန်လွယ်ထားရသူ အမျိုးသမီးတစ်ဦးမှ ရင်ဖွင့်ခဲ့သည်။

၆။ လုံးခြုံငြိမ်းအေးမှုကို ဆုံးရှုံးခြင်း။
ထိမ်းမြှားခြင်းမရှိဘဲ “စုံမက်ခြင်း” သည် “ကာလသားရောဂါ” ကိုလည်း ဖြစ်စေနိုင်သည်။ ပြည့်တန်ဆာမဟုတ်သော်လည်း အညှာလွယ်အမျိုးသမီးများသည် ကာလသား ရောဂါဖြန့်ဖြူးသူ ဖြစ်နိုင်ချေရှိသည်။ ထိုနည်းတူစွာပင် အမျိုးသားများလည်း ဖြစ်နိုင်ခြေရှိပါသည်။ ကာလသား ရောဂါ သည် အမြင်အာရုံကွယ်စေခြင်းသာမက အသက်ပင် ဆုံးရှုံးထိခိုက်စေသည်။ ထိုရောဂါများအား သင့်ရင်သွေးများ အထိ ကူးစက်စေနိုင်သည်။
ထိုသို့သော ရောဂါများအတွက် တိကျသောကုထုံးများ မရှိသေးပါ။

ချစ်ခင်မြတ်နိုးရသူ အမျိုးသားတစ်ဦးနှင့်သာနေခြင်းဖြင့် ရောဂါမကူးစက်နိုင်ဟု ယုံကြည် ထင်မှတ်ထားမိသော်လည်း ဆရာဝန်မှ မိမိတွင်ရောဂါ ရှိနေကြောင်း ပြောသော အခါ အထူး တုန်လှုပ် သွားခဲ့ရသည်။ သို့သော်လည်း မီးခိုးကြွက်လျှောက် အသေးစိတ်ထပ်မံ စစ်ဆေးရာတွင် အမျိုးသား သည် အခြားအမျိုးသမီးတစ်ဦးနှင့်သာ အတူစုံမက် ခဲ့ဖူးကြောင်း သိရသည်။ သို့သော် ထိုအမျိုးသားနှင့် နေခဲ့ဘူးသူ အမျိုးသမီးမှာကား ထောင်သောင်းမကသော အမျိုးသားများရှိ နေသည် သာမကမက၊ ပြည့်တန်ဆာ များခေါင်းများနှင့်ပင် နေခဲ့ဘူးသူ ဖြစ်ကြောင်းကို တွေ့ရသည်။
သို့သော် “တစ်နွယ်ငင် တစ်စင်ပါ” ဆိုသည့်အတိုင်း “မီးခိုကြွက်လျှောက်” လိုက်သောအခါ ကာလသား ရောဂါကို သယ်ဆောင်သူတစ်ဦးဖြစ်နေကြောင်း တွေ့ရှိခဲ့ရ သည်။

၇။ မေတ္တာရေးသုခဘုံကို ဆုံးရှုံးခြင်း။
ထိမ်းမြှားခြင်းမရှိ “စုံမက်” သူများသည် “ငါတို့ကိုယ်ဝန်ရခဲ့သော် မည်သို့ပြုကြမည်နည်း” ဟု ဆင်ခြင်မေးမြန်းသင့်သည်။
အခန့်မသင့်စွာဖြင့် ကိုယ်ဝန်လွယ်ထားရသော အမျိုးသမီးများကို ရင်းနှီးသောသူတစ်ဦး က “အနာဂါတ်ဘာဖြစ် လာမည်ကို မသိကြတဲ့ ပူပန်သောကတွေနှင့် အချစ်စစ် လား။ သာယာသော အိမ်ထောင်ကို အမှန်ထူထောင်နိုင်မည်လား ရှင်းလင်းစွာမသိနိုင်ကြတဲ့ သူတို့ဘဝနှင့်သူတို့ မျက်နှာကို သင် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး”ဟု ဆိုခဲ့သည်။

ထိုသို့သော အဖြစ်ဆိုးများသည် အညှာလွယ်သူများသာမက ဣန္ဒြေရှင်များတွင်လည်း တွေ့ရ သည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် လွယ်သည်ဟု ထင်ကောင်းထင်ကြ မည်ဖြစ် သော်လည်း ထိုသို့ မဟုတ်၊ သင့်ဘဝလုံးအတွက် ထိတ်လန့် ကြောက်မက်ဖွယ် အရိပ်မည်းကို ဖြစ်ပေါ်ဖန်တီးစေနိုင်သည်။
“၁၉၈၂၊ ဇွန်လမှာ ကျွန်မ ကိုယ်ဝန်ရှိမှန်းသိလိုက်ရတယ်။ အသက် ၁၈နှစ်သာသာ ဖြစ်တဲ့ အတွက် တက္ကသိုလ်လည်းထွက်ခဲ့ရသလို၊ အမျိုးသားကလည်း ယုံကြည်ခြင်း ပျက်နေတဲ့ ကျွန်မလို ဘဝတူ ခရစ်ယာန်ဆိုတော့ အလွယ်ကူဆုံးနည်းနှင့်ရှင်းလိုက်ကြတယ်”
“ကိုယ်ဝန်ဖျက်ချပြီး နောက်ဆုံးဖြတ်ချက်တစ်ရပ်လုံးအတွက် ကြေကွဲမှု၊နောင်တရမှု၊ စိတ် မကောင်းမှုတွေနှင့် ပြည့်နှက်နေခဲ့တယ်။ သည်နေ့ထိတိုင် ဘုရားရှေ့မှာ လွန်ကျူးခဲ့တဲ့အတွက် ဒူးထောက်ဝန်ချလို့ မဆုံးပါဘူး။ ဘုရားသခင်သာ ကျွန်မကို ဒုတိယအကြိမ်အခွင့် အရေးထပ် ပေးခဲ့သော် ဆိုတဲ့ အတွေးမျိုးတွေ ရှိနေဆဲပါ။ သနား ကြင်နာတတ်တဲ့ဘုရား ဖြစ်မှန်းသိပေမယ့် ကျွန်မရဲ့ဩတ္တပ္ပစိတ်တွေက မကြည် လင်နိုင်ခဲ့သလို၊ အိပ်မက်မှလည်း လန့်နိုးပေါင်း မနည်းတော့ ပါဘူး။ ဘုရားသခင် ခွင့်လွတ်မှန်းသိပေမယ့် သည့်အတွက် ယနေ့တိုင် စိတ်မကောင်းဖြစ်နေဆဲပါ” ဟု ရေးသားခဲ့သည်။

၈။ ဘဝအောင်မြင်မှုကို ဆုံးရှုံးခြင်း။
“ကိုယ်ဝန်ရှိသွားတော့လည်း ဘာဖြစ်လည်းကွာ လက် ထပ်လိုက်တာပေါ့”ဟုအမျိုးသားများက ဆိုတတ်ကြသည်။
ထိုသို့ဖြစ်နိုင်သည်။ သို့သော်လည်း ထိမ်းမြားခြင်းသည် သာမန်အမှုကိစ္စမဟုတ်။ ထိုသို့ပြုက ပြင်ဆင်ထားခြင်းမရှိသော တာဝန်ကို မထင်မှတ်ချိန်တွင် ထမ်းရွက်သည်နှင့် မခြားနားပါ။ ထိမ်းမြှား ခြင်းသည် လရောင်ဆမ်းသောည၊ ကြည်နူးဖွယ်ဘဝ၊ ပန်းမွေ့ယာမဟုတ်။
ထိုအစားနေ့ခင်းချိန်၊ ကလေးအနှီးနှင့် ဝန်ထုပ်များ ဖြစ် သည်ကိုလည်း မမေ့သင့်။

အောက်ပါ ပေးစာမှာကား-
“ကျွန်မ အသက်၁ရနှစ် မှာ အရာရာ ရှုပ်ထွေးခဲ့တယ်။ ကျွန်မချစ်သူနှင့် ခြောက်လအထိတော့ ပုံမှန်ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ လွန်လွန်ကျူးကျူးဖြစ်ခဲ့ရာမှ ကိုယ်ဝန်ရလာ ခဲ့တယ်။ ကျွန်မတို့ ကျောင်းထွက်ပြီး လက်ထပ်လိုက်ကြ တယ်လေ။ လူသူလေးပါးကင်းဝေးရာမှာ နှစ်ကိုယ်တူဘဝကို တည်ဆောက်ခဲ့ကြတယ်။ ချစ်ရသူကို သည်လိုဘဝ ကို ရောက် စေတဲ့အဖြစ်ဆိုးကြောင့် မိမိကိုယ်ကို မိမိလည်း ရွံမုန်းကြီး ဖြစ်လာတယ်။
ကလေးငိုသံကြားလေတိုင်း ခင်ပွန်းသည်အတွက်လည်း ထိတ်လန့်ခြောက်ခြား စရာဖြစ်နေခဲ့ တယ်။ ခင်ပွန်းသည်ကလည်း အရက်ကိုဖိသောက်နေသည့်တိုင် ကျွန်မ သူ့ကို အပြစ်မမြင်ရက်ဘူး။ ဆင်းရဲကျပ်တည်းတဲ့အတွက် ဗီဒီယို၊ တီဗွီစတာတွေမရှိသလို၊ သင့်တော်တဲ့အဝတ်အစား ကိုသော်မှ အနိုင်နိုင်ရယ်ပါ။ ခင်ပွန်းသည်က ကျွန်မကို အပြစ်တင်တဲ့စကား တစ်ခွန်းမှမပြောပေမယ့် သည်လို ဖြစ်စေခဲ့တဲ့ ကျွန်မကို စိတ်နာနေမယ်ဆိုတာသိပါတယ်။ ဒါ့တွေထက် သမီးလေးကိုလည်းမုန်းသွားမှာ ကျွန်မ အရမ်းကြောက်တယ်။ သူတစ်ခါမှ သမီးလေးကို မချီပွေ့ဘူးဘူးလေ။
အိပ်ယာထက်မှ လန့်နိုးရပေါင်းလည်း မနည်းတော့ဘူး။ သားသမီးလက်ကို ကိုင်ဆွဲပြီး ကျောင်းပို့ချင်နေခဲ့တဲ့ ကျွန်မအိပ်မက်တွေ အခုဘယ်လိုမှမရနိုင်တော့ဘူးလေ။ ဒါတွေအားလုံး အခုတော့ ပြန်လှည့်ယူလို့မှ မရတော့တာပဲ။
သည်စာ ရေးလိုက်ခြင်းအားဖြင့်အကြံပေးဖို့ မတောင်းဆိုတော့ပါဘူး။ တကယ်လည်း နောက်ကျသွားခဲ့ပါပြီ။ ဒါပေမယ့်ကျွန်မလို အခြားဆယ်ကျော်သက်လေးတွေရဲ့ဘဝနှင့် အိပ်မက်တွေ မပျက်ဆီးစေဖို့ အတွက် တင်ပြခွင့် ရခဲ့တယ် ဆိုရင်ဖြင့် ကျွန်မ သည်စာကို ရေးသားရကျိုးနပ်ပါပြီရှင်။
“၁ရနှစ်နှင့် ဘဝဆိုးမလေး”
ဟု ဖေါ်ပြထားသည်။

၉။ လက်တွဲဖေါ်စစ်နှင့် လွဲခြင်း။
လက်ထိမ်းမြှားခြင်းမပြုမှီ “စုံမက်ခြင်း”က သာယာကြည်နူးမှုနှင့် ထိုအထိအတွေ့ကြောင့် စစ်မှန်သော လူကိုတွေ့ပြီဟု ထင်မှတ်ကောင်းထင်ပေမည်။ ထိုထင်မှတ် သည့်အတိုင်း လက်ဆက်၍ ထိမ်းမြှားပြီးသောအခါတွင်ကား သင်သည် လူမှားလက်တွဲမိနေကြောင်းကို တွေ့မြင်လာရပါလိမ့်မည်။ ထို အရာက စစ်မှန်သော ချစ်ခြင်း မေတ္တာကြောင့် မဟုတ်ဘဲ၊ ကာမသဘော စွဲဆောင်မှုသက်သက် ဖြစ်နေကြောင်း နှောင်းမှ သိခွင့်ရခဲ့သော်လည်း လွန်သွားလေပြီ။

၁၀။ ပျော်ရွှင်သော အိမ်ထောင်ဘဝကို ဆုံးရှုံးခြင်း။
အချို့က အိမ်ထောင်မှုအတွက် ကတိသစ္စာပြုခြင်းဖြင့် သာယာလှပသော အိမ်ထောင်ကိုရပြီဟု ထင်မှတ်မှားကြသည်။ ထိုသို့မဟုတ်။ ဘဝ၏ရေစီးတစ်ခွင်တွင် သာယာ လှပသော ဘဝကို တည်ဆောက်ခြင်းသက်သက်ဖြင့် သာယာချမ်းမြေ့မှုကို မတည်ထောင်နိုင်ပါ။ ထို့ ကြောင့် “အစ မကောင်းပါက အနှောင်းကောင်း” ဖို့လည်း အလား အလာမရှိ။

ထိမ်းမြှားခြင်း မတိုင်မှီ ကာမသဘောသည် ပျော်ရွှင် သောအိမ်ထောင်၏ အနှစ်သာရကို ဖျက်ဆီးခြင်း သက်သက်သာ။ ထိုသို့ ပြောရခြင်းမှာ “ခြံခုန်ဘူးသောနွားသည် ခြံခုန်ခြင်း အတွက် အထူးအဆန်းမဟုတ်သော” ကြောင့်ဖြစ်သည်။ ဘဝလက်တွဲဖေါ်ဖြင့် မည်သို့မှ ကျေနပ်အားရခြင်း မရှိနိုင်။ အသစ်သော အထိ အတွေ့ကိုသာ ရှာကြံနေလေ့ရှိကြသည်။

အချို့က အိမ်ထောင်မပြုခင် အတူတကွပေါင်းသင်း နေထိုင်ကြပြီး၊ လက်ထပ်သောအခါတွင် အားလုံး အဆင်ပြေနေမည် ဟုထင်ကြသည်။ အမှန်လက်တွေ့ သဘောတရား မှာ သူတို့သည် သံသယနှင့်မယုံကြည်ခြင်း မျိုးစေ့ကို အတူတကွ စိုက်ပျိုးကြပြီး နောက်တွင် ခါးသည်းခြင်းများကို အတူ တကွ ရိတ်သိမ်းကြရပေလိမ့်မည်။

နှစ်နှစ်ဆယ်ကျော် အိမ်ထောင်ရှိစုံတွဲများအား ဆွေးနွေးတိုင်ပင်ကြရာတွင် ဒေါက်တာဟန်နရီ ဘရန်ဒန့်အနေဖြင့် အိမ်ထောင်ကို တည့်မတ်ပေးစဉ် ခင်ပွန်းဖြစ်သူမှ”ဇနီး သည် က ကျွန်တော့်ကိုမှ မယုံကြည်တာဗျာ”ဟုဆိုရာ ဇနီးမှလည်း “ရှင်လည်း ကျွန်မကိုမှ မယုံကြည်တာ” ဟုခွန်းတုန့်ပြန်ရင် တစ်ဆက်တည်းမှာပင် “ကျွန်မတို့ တစ်ဦးကို တစ်ဦးမှ မယုံ ကြည်နိုင်ကြတာရှင်”ဟု ဆိုခဲ့ သည်။ သူတို့ အဘယ်ကြောင့် တစ်ဦးနှင့်တစ်ဦး မယုံကြည်နိုင်ပါသနည်း။ အကြောင်းမှာ ထိမ်းမြှားခြင်းမတိုင်မီ ကာမသဘော သို့သက်ဆင်းခဲ့ကြ ခြင်းပင်။ ထို့ကြောင့် သံသယ မယုံကြည်ခြင်းများဖြင့် နှစ်၂၀ တိုင် နေခဲ့ကြပြီး၊ အဆုံး၌ အိမ်ထောင် ရေးပြိုကွဲစရာထိဖြစ်ခဲ့ ကြရသည်။

ထို့ကြောင့် ယနေ့သင့်ဘဝအတွက် ဘုရားသခင်ထားရှိသော သာယာလှပသည့် အိမ်ထောင် ရေး အကြံအစည်တော်ကို လက်ဝယ်ပိုင်ဆိုင်ရယူလိုပါက အကြံအစည်တော် အတိုင်း ဘုရားသခင့် ကတိတော်နှင့်အညီ စောင့်စားလျှက် လမ်းပြမှုကိုခံယူနိုင်ကြသူများဖြစ်ရန် ဘုရားသခင် အလိုတော် ရှိပါသည်။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ Ten reasons why you should wait until marriage by mail-box club အား မြန်မာပြန်ဆိုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages