လူငယ်နှင့်ခေတ်သစ်ကမ္ဘာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, September 25, 2012

လူငယ်နှင့်ခေတ်သစ်ကမ္ဘာ

 
 
 
 
 
 
 
လောကတွင်ရင်သွေးတစ်ဦးမွေးဖွားလာ သည် နှင့် ထိုရင်သွေးငယ်၏ အသိုင်းအဝိုင်းရှိ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများက ရင်သွေးငယ်အား  အလိုလို ပုံသွင်းရန်တာဆူနေပြီးဖြစ်သည်။
 
ရင်သွေးငယ်သည် ကြီးပြင်းအရွယ် ရောက်လာသောအခါတွင် ထိုပါတ်ဝန်း ကျင်၊ ဓလေ့ထုံးတမ်းများအတိုင်း အလေ့အကျင့်ရနေပြီး သာဖြစ်သည်သာမက ကိုယ်တိုင်ကိုယ်ကျလည်းလုပ် ဆောင် နေပြီးဖြစ်သည်။           

  ယနေ့ကျွန်ုပ်တို့သည်အဖက်ဖက်တွင် တိုးတက် ခြင်းနှင့်အတူ ရှုပ်ထွေး မှုများအကြားတွင်အသက်ရှင် နေကြရခြင်းဖြစ်သည်။ ဆင်ခြင်တွေးခေါ်တတ်သော သူတို့ မူကား၊ အတိတ်အကြောင်းကို စဉ်းစားဆင်ခြင်ရင်း၊ ပစ္စုပ္ပန်ကိုအခြေ တည်ကာ၊ အနာဂါတ်ကိုအသင့် အနေ အထားဖြင့်ရင်ဆိုင်နေကြသည်။ ယနေ့ လူငယ်အများစု သည်ရုပ်ဝတ္ထုပိုင်းဆိုင်ရာများအကြားတွင် နစ်မွန်းပျော် ဝင်နေကြ သည်။ 
ခေတ်ကာလသည်အထူးသဖြင့် လူငယ် များအပေါ်တွင် ဆိုးကျိုးများစွာ ဖြင့်အကျိုးတရား များစွာကိုအတု အယောင်ပြကာဆွဲခေါ်နေသည်။ ထို့အတွက် ကြောင့်လည်း ယနေ့လူငယ်များသည် မူးယစ် ဆေးဝါး၊ အရက်သေစာ၊ လုယက် ခြင်း၊ လူသတ်ခြင်း၊ မတရားသောမေထုန်အမှု၊ သေကြောင်းကြံစည်ခြင်း စသည် တို့ဖြင့် ဘဝနစ်မွန်းနေကြရသည်။ ထို့ကြောင့် ယနေ့ခေတ်သည် လူငယ်များအဖို့ ကိုယ်ကျင့်တရား၊ ရိုးသားတည်ကြည်မှုနှင့် ဘဝလုံခြုံမှုကို အငမ်းမရ ဖွေရှာ နေကြ သည်။

မျက်မှောက်လူငယ်တို့က “မနက်ဖြန်အတွက် မြော်လင့်ချက်မရှိတော့” ဟုနှုတ်ကျိုးကာရေရွက်နေ ကြသည်။ ကျွနု်ပ်တို့အနီးတွင် မြော်လင့်ချက်မဲ့နေသော လူငယ်များစွာရှိနေသည်။ ထိုသို့လူငယ်များဘဝတွင် ရှုပ်ထွေးနေကြရခြင်းသည် အမှတ်တရားပင် မဟုတ်ပါ လား။ “ငါ့ဘဝမှာငါသာသခင်” “သဘောတိုင်းပြုမူပါ” “ကိုယ်လုပ်မှကိုယ်ရတာ” “ငါနှင့်ငါသာနှိုင်းစရာ”  ဟူသောစကားသည် ယနေ့ လူငယ်များအကြား လက်သုံး တည့်ကာ မင်းမူနေသောစကားများ ပင်ဖြစ်နေပါသည်။

သို့သော်လည်းယနေ့ကမ္ဘာကြီး၏ဆိုးညစ်မှု ကိုမြင်တွေ့သော လူငယ် များစွာလည်းရှိနေပါသေးသည်။ သူတို့သည်ကမ္ဘာကြီးအတွက် အကောင်းဆုံးပေးဆပ် ခြင်းဖြင့် သာယာလှပသောကမ္ဘာ့ အိမ်ကြီးကိုတည် ဆောက်ရန် ဆိုင်းပြင်း နေကြပါသည်။ သင်သည်လည်း ထိုသူတို့ကဲ့သို့ အခွင့်အရေးကိုသိမြင်တတ်ပါက သင်သည်လောကကြီးအတွက် ပေးစွမ်းမည့်အခန်း ကဏ္ဍက ဘယ်ကဏ္ဍလည်း၊ ဘယ်လိုနည်းမျိုးဖြင့် သင့် ကမ္ဘာကြီးတိုးတက်စည်ပင်အောင်လုပ်မလည်း။ မျက်မှောက်ခေတ်တွင် မညီမျှမှုများ “ပြောမဆုံးပေါင် တောသုံးတောင်”ဖြစ်သည်။   

ချမ်းသာသူများသည်ဆထက်ထမ်းပိုး ချမ်း သာလာပြီး၊ ဆင်းရဲ သူများကလည်း သာ၍ဆင်းရဲတွင်း နက်လာကြသည်။ ကျွနု်ပ်တို့သွားလာရာ နေရာ တိုင်းတွင် မတရားမှုများ၊ လိမ်ညာမှုများ၊ မုသားစကားကိုသွင်သွင် သုံး နေမှုများ၊ မုသား မပါလင်္ကာမချောဆိုကာ ဘုရား စကားကို မျက်ကွယ်ပြုသူများ၊ လဘ်စားမှုများ၊ ရက်စက် သတ်ဖြတ်မှုများ၊ ကြီးနိုင်ငယ်ညှင်း စသည်များကို မြင်တွေ့နေရသည်။ အလုပ်လက်မဲ့ဖြစ်ခြင်းသည်လည်း ဒီရေအလားတိုးပွားလာ နေသည်။ အမျိုးသမီးနှင့် အမျိုး သားများအကြားခွဲခြားမှုများကလည်း ပြောမဆုံးနိုင် တော့။

ကျွနု်ပ်တို့အသင်းတော်များအကြားကြည့် ပါကလည်း ဂိုဏ်ဂနအချင်း ချင်းအကြားမသင့်မြတ်မှုများ၊ သံသယထားမှုများ၊ မနာလိုမုန်းတီးချင်းများ၊ နားလည် မှုမရှိခြင်းများကလည်း အသင်းတော်၊ ဂိုဏ်းဂနများ အကြား၊ လုပ်ဖေါ် ဆောင်ဖက်များအကြားတွင် ရေတွက် ၍ပင်မရတော့။ ကျွနု်ပ်တို့သည် ဆုတောင်းကြသည်၊ ကျမ်းစာသင်တန်းသွားကြသည်၊ ဓမ္မညီလာခံများ တက်ရောက်သည်၊ မွမ်းမံသင်တန်းများလည်းအကြိမ်ကြိမ် တက်ရောက်ကြသော်လည်း လက်တွေ့ အသက်တာတွင် သမ္မာကျမ်းစာအခြေခံသော ခရစ်ယာန်အသက်တာရှိ ကြောင်း လောကနှင့် လောကသားများအားမပြနိုင်ကြ။ ထိုအဖြစ်ဆိုး၊ စနစ်ဆိုးများကို ယနေ့လူငယ်များ လက်ထက်တွင်ချို့ဖဲ့ကာ အနိုင်ယူနိုင်ကြရပေမည်။

လူငယ်များသည် အမျိုးနှင့် ယဉ်ကျေးမှုများ ပျောက်ကွယ်လုနီးနီး ဖြစ်နေကြသည်။ ဘုရားသခင် ပေး ထားသော လူမျိုးနှင့် ဓလေ့ထုံးတမ်းစဉ်များ၊ ဂီတများ၊ ဘာသာစကားများကိုပင်မေ့ ပျောက်လျှက်ရှိ ကြပြီး။ မျိုးရိုးစဉ်ဆက် ဘိုးဘွားနှင့် အမျိုးအနွယ်ကိုပင် မေ့လျော့ နေကြသည်။ လူငယ်များသည် ကျွနု်ပ်တို့၏ မဟာအမှား များအားမြင်တတ်ကြရန်လိုအပ်ပါသည်၊ မြတ်နိုးထိုက် သော၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ် အလာ ကောင်းများလားလည်း တိုးတက် စည်ပင်အောင် ပြုစု ပျိုးထောင်ကြရပေမည်။

“ယနေ့လူငယ် မနက်ဖြန်ခေါင်းဆောင်” ဆိုသော စကားပုံအတိုင်း လွဲမှား နေသောအရာများကို စစ်ဆေး ခြင်းပြုပြီး အနာဂါတ်လှပစေရန်မှာ လူငယ်များ အတွက် ပခုံးပြောင်းတာဝန်ဖြစ်လာပါပြီ။ ယနေ့ခေတ်ပညာတတ် လူငယ်များသည် မှားယွင်းသောနိုင်ငံရေး အမြင်များ ကြောင့် မှားယွင်းသော လမ်းပေါ်တွင်ရောက်ရှိ ကုန်ကြ သည်။ ယနေ့လူငယ်များသည် ထိုအမှားများကိုမြင်ပြီး ပြုပြင်ခြင်းမရှိပါကကျွနု်ပ်တို့ အနာဂါတ်သည် မည်သို့သောနည်းနှင့်မှ သာယာလှပသော နိုင်ငံတော် ဖြစ်လာမည်မဟုတ်။

မျက်မှောက်ခေတ်တွင်မျက်စီဖွင့်ကြည်ပါက ဈေးဆိုင်များ၊ စတိုးဆိုင် များ၊ ကုန်စုံဆိုင်များ စသည်တို့ သည် မယုံကြည်သူများ၏ ဆိုင်ခန်း၊ ဆိုင်တန်းများ ဖြစ်ကြပြီး၊ အသင်းတော်ရှိလူငယ်များသည် မိမိတို့၏ ခြွေးနည်းစာဖြင့် ရရှိထား သောငွေကြေးများဖြင့် ကာရာ အိုကေ၊ နိုက်ကလပ်၊ ဘီယာဆိုင်၊ မူးယစ်ဆေးဆိုင်များ သွားရောက်ကာ ဘဝကိုနစ်မွန်းမှန်းမသိ နစ်မွန်းနေကြ သည်။

“အလုပ်ဟူသမျှဂုဏ်ရှိစွ”ဟုလောကီသား များက လက်ကိုင်စွဲကာ လုပ်ဆောင်ကြသော်လည်း ယနေ့အသင်းတော်ရှိ လူငယ်များသည်၊ အလုပ်တွင်သာ ကြိုးစားအားစိုက်မည့်အမှုအစား “ရိုးသားနေရင်ငတ်မည်” ဟု တစ်လွဲထင်ကာ မကောင်းမှုများ၌သာ အားစိုက်နေ ကြသည်။ အလုပ်အကိုင်မရှိဘဲ၊ စားမည်၊ သောက်မည် ဆိုသောအသက်တာဖြင့် နေထိုင်ပါက မည်သို့သော လူမျိုးကြီး၊ မြင့်မြတ်သောသူ၊ ကြွယ်ဝသောသူဖြစ်လာ နိုင်စရာရှိပါမည်နည်း။

ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ သတင်းများကို ကြည့်ပါကလည်း ဆေးလွန် ၍ရှော့ဖြစ်သွားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ကိုယ်ဝန်ပေါ်ခြင်း စသည်တို့သည် အထူးအဆန်းသတင်းများမဟုတ်တော့။ ယနေ့ထိုသို့ သော ကမ္ဘာကြီးထဲတွင် ဘုရားသခင်ကို ကိုးစားလျှက် ဆက်ကပ်အပ်နှံသော လူငယ်ဆရာဝန်များ၊ လူငယ် စီးပွားရေးသမားများ၊ လူငယ်အကြံပေးပုဂ္ဂိုလ်များ၊ လူငယ်ကျမ်းတတ်များ အထူးလိုအပ်နေပါသည်။ စာရိတ္တ ပိုင်းတွင် ခရစ်တော်ခြေတော်ရာတွင်ရှိသော ခရစ်ယာန် လူငယ်များလိုအပ်နေသည်။

လူငယ်တိုင်းသည်မိမိတို့ကိုဘုရားပေးထား သော၊ လူမျိုး၊ နိုင်ငံ၊ ယဉ် ကျေးမှုကို ချစ်မြတ်နိုးရပါမည်။ ထိုသို့ဆိုခြင်းဖြင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်ရမည်၊ တော် လှန်ရေးခေါင်းဆောင်ဖြစ်ရမည်၊ သူဌေးသူြွကယ်ဖြစ် ရမည်ဟုမဆိုလိုပါ။ သို့သော် သင်သည် ကျောင်းသား၊ အိမ်ထောင်သည်၊ အလုပ်သမား၊ နောက်လိုက် ငယ်သား စသည်တို့ဖြစ်ကောင်းဖြစ်သော်လည်း မိမိရှိသည့် နေရာတွင် ဘုရားပေး ထားသည့်နေရာတိုင်းအတွက် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်နိုင်ခွင့်ရှိနေပါသည်။ 
 
“နိုင်ငံတော်က သင့်အတွက်ဘာလုပ်ပေးမလဲဟု မမေးပါနှင့် ထိုအစား နိုင်ငံတော် အတွက် သင်ဘာလုပ်ပေးနိုင်မလဲသာ မေးပါ” John.F.Kennedy ၏စကားသည် လွန်စွာအတု ယူစရာကောင်းသည်။ ထို့ကြောင့် မျိုးချစ်ပုဂ္ဂိုလ် တိုင်း သည် မိမိ ဝန်းကျင်တွင်ရှိနေသော မတရားမှုများနှင့်  ဆူပူမှုများအတွက် မည်သို့လုပ်ဆောင်ရမည်ကိုသာ အာရုံ စိုက်အလေးထား လုပ်ဆောင်သင့်လှသည်။

ခေတ်အဆက်ဆက်ကိုကြည့်ပါက ဘုရား အသုံးတော်ခံများသည် လူငယ်များပင် ဖြစ်သည်ကို တွေ့ရပါသည်။Lenine သည်ကွန်မြူနစ်များနှင့်အတူ မကောင်းကြံသောအခါတွင် သူ၏ဆန္ဒမှာ ရရှာလူငယ်များ ထံသွားရန်သာ စကား ဆိုခဲ့သည် “လူငယ်များထံသွားပါ၊ ဗုံးကိုဘယ်လိုလုပ်ရမည်ကိုသင်ပြပြီး လူဘယ် လိုသတ်ရ မည်ကိုသိမြင်အောင်နိုင်စေ၍၊ နိုင်ငံတော်ဘဏ္ဍာကိုလည်း တိုးပွားစေရန်ပြုပါ” ဟုဆိုခဲ့သည်။

Adolf Hitler သည်လူငယ်များ၏ စိတ် ဝိညာဉ်ကိုအရယူနိုင်ခဲ့ပြီး ဂျာမနီနိုင်ငံသစ်ကို ထူထောင် ခဲ့သည်။ Mao Tseton  သည်လည်းလူငယ်များဖြင့် တရုတ် နိုင်ငံအား မှောက်လှန်ခဲ့သည်သာ။

ခရစ်တော်ဘုရားသည်လည်းသူ၏သာသနာ တော်အတွက် တပည့် သာဝကများကိုရွေးချယ်သော အခါတွင် အများစုမှာ ငယ်ရွယ်သော လူများပင် မဟုတ် ပါလား။ သူတို့သည် ကိုယ်ကျိုးစွန့်ရန်၊ ဆက်ကပ်ရန်၊ လုံးဝနောက်တော် လိုက်ရန်ခေါ်ခြင်းခံခဲ့ကြရသည်။ လူငယ်များသည် မိမိဘဝကိုမိမိပြန်ကြည့်မြင် တတ်သကဲ့ သို့ ခရစ်ယာန်တစ်ဦး၏ ဆက်ကပ်အပ်နှံမှုကိုလည်း မပြတ်ကြည့်မြင် သင့်သည်။Linen, Mao Tsetong,Adolf Hitler တို့၏နောက်လိုက်ကြသော သူများသည် သူတို့ ကိုယ် သူတို့ စူပါစတားများ အဖြစ်ကြွေးကြော်ခဲ့ကြသည်၊ ဝန်ခံခဲ့ကြသည်၊ လုပ်ဆောင်ခဲ့ကြသည်၊ သို့သော် သူတို့ သည်အမှန်စင်စစ် စူပါ စတားတန်းဝင်များမဟုတ် ခဲ့ကြပါသည်။ သူတို့သည် သူတို့၏နယ်နိမိတ်အတွင်၌ “ဝါးလုံးခေါင်းထဲလသာခြင်း” သာဖြစ်ကြသည်။

သူတို့ေြွကးကြော်သကဲ့သို့ ကမ္ဘာစူပါစတား တန်းဝင်ခြင်းကို ခရစ်တော် ဘုရား၏နောက်လိုက် များမှသာတတ်စွမ်းနိုင်ခွင့်၊ ဖြစ်နိုင်ခွင့်ရှိကြသည်။ ရှင်ပေါလု ဘာပြောခဲ့သည်ကို နားစွင့်ကြည့်ပါ “ငါသည် ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို တတ်စွမ်း နိုင်၏” (ဖိ၊ ၄း၁၃)။

ရှင်ပေါလုသည် သာမန်လူသားမဟုတ်ခဲ့။  သူသည်တွေးခေါ်ပညာရှင်၊ ကျမ်းတတ်ပုဂ္ဂိုလ်၊ ပညာတတ်၊ ရောမလူမျိုး၊ ဂုဏ်ရှိန် သတင်းကျော်ဇော သောသူ၊ တန်ခိုး၊ အာဏာနှင့် ပြည့်စုံသောသူဖြစ်၍ လူတိုင်းသူ့ နောက်သို့လိုက်နေကြရသည့်သူဖြစ်သည်။ သို့သော်ထိုသို့သောလူစားမျိုးသည် ခရစ်တော် ဘုရားအား မျက်နှာခြင်းဆိုင်ဖူးမျော်ခွင့် ရရှိပြီးနောက် တွင်“ငါသည် ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်၏” ဟုသာဆိုနိုင်သူ ဖြစ်ခဲ့သည်။

ရှင်ပေါလုအတွက်ဖြစ်သော ထိုခရစ်တော် ဘုရားသည် သင့်နှင့်ကျွနု်ပ် တို့အတွက် အသက်ထင်ရှား တည်ရှိတည်နေတော်မူမြဲဖြစ်သည်။ ခရစ်တော်ဘုရား  ပိုင်ဆိုင်တော်မူသော ဘုန်း၊ တန်ခိုး၊ အာနုဘော်များကို ကိုင်စွဲပြီးကျွန်ုပ်တို့၏ ကမ္ဘာလောကကြီးအားပြုပြင် ပြောင်းလဲခြင်းငှါ စွမ်းနိုင်ပါသည်။

ယုံကြည်သူအားလုံးတို့သည် ခရစ်တော် ဘုရား ပေးသနားတော်မူသော လူသစ်၊ ဘဝသစ်၊ စိတ်သစ်တည်း ဟူသော အသစ်သောအသက်တာဖြင့် လောကကြီးထဲတွင် အသက်ရှင်သန်ကာ အလင်းဆောင် စေရန် အလိုရှိ ပါသည်။ နေ့စဉ်အသက်တာတွင် ခရစ်တော်ဘုရား အတွက် ဦးထိပ်ထားရှင်သန်သော ခရစ်ယာန်လူငယ်၊ မောင်မယ်များ၏ အော်ဟစ်သော အသံများ ထွက်ပေါ် လာရန် အမှန်လိုအပ်နေပါသည်။ ခရစ်တော်ဘုရား၏ ခြေတော်ရာအတိုင်း အစေမခံဘဲ၊ အသက်မရှင်ဘဲနှင့် ခရစ်ယာန်ဖြစ်သည်ဟူသော အစဉ် အလာသည် ဖြစ်နိုင် ဖွယ် မရှိ။

လောကတွင်ခရစ်တော်ဘုရားသာသနာ ပြုတော်မူစဉ်က ဝမ်းမြောက် ဖွယ်ရာဧဝံဂေလိ သတင်း တရားကိုဟောပြောခြင်း၊ နာမကျန်းသူကို ကျန်းမာ စေခြင်း၊ ဆာမွတ်နေသူကိုကျွေးမွေး ခြင်း၊အပယ်ခံများ အား နှစ်သိပ့်ခြင်း၊ အထီးကျန်သူများအတွက် အဖေါ် ပြုပေးခြင်း၊ ပျောက်ဆုံးသူများကို ရှာဖွေခြင်း၊ အားငယ် သူကိုရဲရင့်စေခြင်း စသည်တို့သာမက တပည့်တော်များ၏ ခြေကိုပင် ဆေးတော်မူခဲ့သည်။ ထိုအရာတို့အတွက် ခရစ်တော်ဘုရားအား မတောင်းဆိုခဲ့ ကြပါ၊ သို့သော် ခရစ်တော်သည် မိမိကိုယ်ကိုပင်မေ့လျှော့လျက်၊ ကိုယ်ကျိုး စွန့်ကာ အသက်ရှင်တော်မူခဲ့သည်။ ထိုခြေတော် ရာအား မလိုက်လျှောက်သင့်ပေဘူးလား။

ယနေ့ဆိုညစ်နေသောလောက ကမ္ဘာကြီး ထဲတွင် ဆက်ကပ်သော ခရစ်ယာန်လူငယ်အလုပ်သမား၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဝန်ထမ်း၊ နိုင်ငံခေါင်း ဆောင်၊ စီးပွားရေးသမား၊ လူမှုရေးခေါင်းဆောင်၊ တရားဟော ဆရာ၊ ရှေ့နေ၊ တရားသူကြီးတို့ကို တောင်းဆိုနေပါသည်။ ဘုရားသခင်ပေးထားသော ထိုအစွမ်း အစများအားဖြင့် ဘုရားလက်ကိုကိုင်စွဲကာ အသက်ရှင်မည်ဆိုပါက အဘယ် မှာ လျှင် ဘုရားဘုန်းတော်မထင်ရှားရှိပါအံ့နည်း။ “လောကကြီးသည်သင်၏ လုပ်ဆောင်မှုများအားဖြင့် တိုင်းတာကာ မှတ်ကျောက်တင်သော်လည်းခရစ်တော် ဘုရားမူကား သင်၏ အစေခံခြင်းအမှုများကို ကြည့်မှတ် လျှက်မှတ်ကျောက်တင်သည်” ဟုJohn Stott  ကဆိုခဲ့ သည်။

စိုးညိုအောင် (ကံပုလဲ)

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages