သူငယ်ချင်းထံပေးစာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, May 28, 2010

သူငယ်ချင်းထံပေးစာ

 

 

 

 

 

သို့………………….




သူငယ်ချင်း


`လူ့ဘဝဆိုတာ နေ့မြင်ညပျောက်´ တဲ့၊ အခိုးအငွှေ့လေးများပမာလည်း ပျောက်ကွယ်သွားတတ်သတဲ့။ အားလုံးအသိပင်၊ သို့ပါသော်လည်း တစ်ခါတစ်ရံတွင် သတိမမူ၍ ဂူတစ်လုံးကိုပင် မမြင်ဘဲ နေတတ်ကြသည်။
တွေဝေနေတတ်သော အသက်တာကို အကျိုးမဲ့ ကုန်လွန်စေတတ်ကြပြန်သည်။ လူ့ဘဝ အသက်တစ်ချောင်းဟာ ကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီ၊ မျက်စိတစ်မှတ်၊ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတတ်တာက အနိစ္စတရားရဲ့ သရုပ်ဖေါ်နေမှုလေ။ ဒါကို အားလုံးက အသိပင် မဟုတ်ပါလား။

အခုဆိုရင် ဒို့တစ်တွေရဲ့အသက် အရေအတွက်လေးတွေကလည်း ဆယ်လီကို နှစ်ခါဆိုလို့ မပိုမသာလေးတွေဘဲ ရှိသေးတယ်၊ ပြန်ဆုံလို့မေးလိုက်တော့ ဟော.. နောက်တစ်ယောက်…. ဟော….နောက်တစ်ယောက်နဲ့ မှတ်မိသမျှ သူငယ်ချင်းတွေရဲ့နာမည် လက်ကျန်စာရင်းမှာ သိပ်မကျန်ရှိတော့ဘူးနော်။ သူတို့တွေလည်း လောကကြီးကို ကျောခိုင်းပြီး ဘယ်သွားချင်ကြဦးမှာလည်းလေ၊ ဒါပေမဲ့ သေခြင်းတရား ဆိုတာက မခေါ်ဘဲလဲ လာနိုင်သလို၊ မဖိတ်ဘဲနှင့်လည်း ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတတ်တာ မဟုတ်လား။


ဘဝမှာ ကုသိုလ်ကောင်းမှုလေးတွေနဲ့တော့ သေခြင်းတရားကို ရင်ဆိုင်လို့တော့မရသေးဘူးနော်။ သေခြင်းတရားကို ရင်ဆိုင်ဖို့က အသိညာဏ် ပညာက အရေးကြီးတယ်လို့ အဖိုးက ဒို့ကိုပြောခဲ့ဘူးတယ်။ နံပါတ်တစ်ကတော့ ဘုရားဖက်ရင် အသက်ရှည်၏တဲ့ကွ။ နံပါတ်နှစ်ကတော့ တရားဖက်ရင် အမျက်ပြေ၏တဲ့။ အဖိုးပြောခဲ့တဲ့ စကားမို့ဆိုပြီး ငါမျက်စိမှိတ်ကာ ယုံခဲ့တာမဟုတ်ပါဘူး။ ထိုတရားစကားတွေက ဒိဌကိုယ်တွေ့ အကျိုးပေးတာကို ကောင်းကောင်းကြီး ခံစားရတာက ကိုယ်တွေ့၊ မင်းတို့အနေနဲ့တော့ မျက်တွေ့ပေါ့ကွာ မဟုတ်ဘူးလား။


တရားဖက်တော့ ဘယ်လောက်အထိ အမျက်တွေပြေနိုင်မှာလည်းလို့ မင်းတို့မေးလာရင် ဖြေဖို့ရန်လည်း အသင့်ပါပဲ။ တရာအရိပ်ရဲ့ မေးမြမှုက ဘဝကို နေပျော်စေတယ်။ နောက်ပြီး ကြုံလာတဲ့ လောကဓံတရားများထဲက ရိုတ်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံနိုင်စေတယ်၊ တရားကို ဖက်တွယ်လို့ ကြုံလာရတဲ့ လောကဓံတရားများထဲက ကဲ့ရဲ့ခြင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ သင်္ဂဟများ၏ စွန့်ခွါခြင်း၊ မျက်နှာသာပေးခြင်းမခံရမှုတွေကလည်း လာဘ်လာဘနည်းပါးခြင်း တွေကလည်း တရားကိုဖက်တွယ်သူအတွက် ရေရှည်မှာ မထိုးနှက်နိုင်ပါဘူး။ နောက်ဆုံးမှာ တရားဖက်သူရဲ့ ခြေအောက်ရောက်ပြီး တရားဖက်သူကသာ သာ၍မြင့်ရာကို ရောက်ရှိကြရစမြဲပဲလေ။ တရားစကား တစ်ပိုဒ်ကိုပဲ နှလုံးသွင်းကြည့်ပါလား။ `အဆိုးအားဖြင့် အရုံးမခံနှင့်၊ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့´တဲ့။ မင့်လည်း လက်တွေ့ကျင့်သုံးကြည့်ပါ။ တရားရဲ့ အကျိုးကျေးဇူးကို ဧကန်မုချ ခံစားရလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ငါရဲရဲကြီး ပြောရဲတယ်သူငယ်ချင်း။


နောက်ပြီး ဘုရားဖက်တော့ အသက်ဘယ်လောက်ရှည်မှာလည်းဆိုတာနှင့် ပါတ်သက်လို့ပေါ့ကွာ၊ ဘုရားဖက်လို့ အသက်ဘယ်လောက် ရှည်စေနိုင်သလဲဆိုရင် အိုခြင်း၊ နားခြင်း၊ သေခြင်း၊ ပူဆွေးခြင်း၊ သောကကင်းတဲ့ ထာဝရ အသက်တာကို ပိုင်ဆိုင်ရတယ် သူငယ်ချင်း။ ထိုဘုရားဖက်တဲ့ သူတွေအတွက် ယခုဘဝ နောင်ဘဝ ဒိဌိအကျိုးကို ခံစားရရှိနိုင်တယ်။ ဒါ့ကြောင့် အသိပညာ၊ အတတ်ပညာဆိုတဲ့ လောကီ၊ လောကုတ် ဆိုတဲ့ ပညာနှစ်ရပ်ရှိသည့်အနက် ထိုပညာနှစ်မျိုးလုံးက မရှိမဖြစ်လိုအပ်လှတယ်သူငယ်ချင်း။ အထူးသဖြင့် မဖတ်သင့်တဲ့ စာအုပ်စာပေ ဟူသည်မရှိ၊ အသုံးပြုသင့် မပြုသင့်ဆိုသည်ကိုသာ ပိုင်းခြားရာ၏ လို့ ဆိုရပြန်တာပေါ့။ 
 
ဘဝခရီးကို နည်းလမ်းမျိုးစုံဖြင့် ခရီးဆက်နေကြတဲ့ တို့တစ်တွေအတွက်လည်း သွားလေရာ လာလေရာမှာ အပါဆောင်ယူ သင့်တယ်။ တို့ရှေ့ကနေပြီး ငယ်ငယ်ရွယ်ရွယ်နှင့် လောကကြီးကို ကျောခိုင်းထွက်သွားကြတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး မင်းလည်း အသိတရားရသင့်ပါပြီကွာ။ အပျော်အပါးတွေကိုလျော့သင့်သလို အသောက်အစားတွေကိုလည်း ထပ်မကျော့နှင့်တော့နော်။ `အပျော်ရဲ့နောက်က အပျက်´ ကဘဝရဲ့ တန်ဖိုးတွေကို ပြောင်သလင်းခါအောင် ပြုပြီး တစ်နေ့မှာလည်း မလွှဲမသွေနှင့် မင်းကိုယ်တိုင် သေခြင်းတရားရဲ့သခင် မရဏမင်းထံမှာ မင်းရဲ့အစွမ်းသတ္တိ၊ ပညာ၊ ဂုဏ်ဒြပ်တွေနှင့် အားကိုးအားထားပြုတဲ့ တရားတွေအားလုံး ဒူးထောက်ခဝါချရလိမ့်မည်သူငယ်ချင်း။

တို့တစ်တွေ ငယ်ငယ်က သင်ဘူးတဲ့ ဆုံးမစာလေးကို ပြန်ကြည့်ကြရအောင်။ ``ဆင်ခြင်တွေးတော သူ့သဘော ပြောတိုင်းမယုံနှင့်´´ နောက်ပြီး နာဟကဂုဏ် ခြောက်ပါးမှာ ``ဝေဖန်ထောက်ရှု´´ ဆိုတာ ထည့်ထားပြန်တော့ သူငယ်ချင်း နီးစပ်ရာ ဗလာစာအုပ်တွေရဲ့ နောက်ကျောဖုံးကို ရှာဖတ်ကြည့်ပါ။ မင့်တွေ့ရမှာပါ၊ အရေးကြီးလို့သာ ပုံနှိပ်ထည့်သွင်းထားကြတာပေါ့ကွာ။

နှိုင်းနှိုင်းချင့်ချိန် သုခမိန် ဆိုတဲ့ စကားအတိုင်း ခရစ်တော်ဘုရားရဲ့ စကားအတိုင်း အကာအကွယ်ပေးမှု၊ ခရစ်တော်ဘုရားရဲ့ တရားအရိပ်အောက်၌ ရှိတဲ့ အေးမြမှုရဲ့ အရိပ်အာဝါသအောက်ကို ခဏဖြစ်ဖြစ်၊ တစ်ဘဝစာဖြစ်ဖြစ် မင်းလာကာ ခိုဝင်နားကြည့်လှည့်ပါ။ ပြောမယုံ ကြုံဘူးမှသိ ဆိုတဲ့အတိုင်း စစ်မှန်တဲ့ သုခချမ်းသာ ဘဝရဲ့ အဆီအနှစ်ကို မင်းအမှန်တွေ့လာရပါလိမ့်မယ်သူငယ်ချင်း။


``ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့၊ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏´´။

မကောင်းသောလမ်း၊ မကောင်းသော ဝင်္ကဘာထဲကို ဘယ်မိဘ၊ ဘယ်မိတ်ဆွေစစ်ကမှ မလျှောက်လှမ်းစေချင်ဘူး။



သူငယ်ချင်းသို့


နေ့မြင်ညဉ့်ပျောက်
ဘဝဆိုတဲ့ လောင်းရိပ်အောက်ဝယ်
အတူနွဲပျော် ယှဉ်တွဲပျော်ချိန်အတွင်း
အေးမြတဲ့ တရားရိပ်
အတုမဲ့တဲ့ ဘုရားနဲ့တွေ့ပြီးနောက်
အနေပျော် အသေပျော်တဲ့
ဘဝရဲ့အဆီအနှစ်များ
အတူသောက်သုံး
ယှဉ်တွဲကာ ပုခုံးဖက်
ဘုရားတရား အတူမကွာ
ပျော်ရွှင်စွာ တို့တစ်တွေဘဝ
ယခုမှစ ထာဝရ----
ပြုသည့်ဆန္ဒ နေ့ညဉ့်မလပ်။



ဘုရားရိပ်၊ တရားရိပ်မှာ အတူနေချင်တဲ့


မင့်ရဲ့ သူငယ်ချင်း

ဆယ်မြူရယ်စိုးလွင်



သက်ထာဝရ၊ အမှတ် ( ၆၈ ) မှ ပြန်လည် ဖေါ်ပြပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages