ဘုရားမြတ်ရှင် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, May 31, 2010

ဘုရားမြတ်ရှင်

 
 
 
 
 
 
 
၁။ ဘုရားရှင်နှင့်စပ်လျှဉ်း၍ မှားယွင်းသော အယူအဆများ။

ဘုရားရှင်နှင့်စပ်နွယ်၍ မှားယွင်းသောခံယူချက်များရှိကြပါသည်။ ၄င်းတို့အတွင်းမှ အချို့ကိုဖေါ်ပြရပါ လျှင်-
 
က။ Atheism ဝါဒကား ဘုရားမရှိဟူ၍ခံယူယုံကြည်ချက် ဖြစ်သည်။ဘုရားမရှိဟု မိုက်သော သူသည် ထင်တတ်၏ (ဆာလံ ၁၄း၁ )။
ခ။ Agnosticism ဝါဒကား ဘုရားရှိသည်ကို၄င်း၊မရှိသည်ကို၄င်း မသိနိုင်ဟု ခံယူချက်ကို ဆိုလိုသည်။
ဂ။ Polytheism ဝါဒကား ဤလောကတွင် ဘုရား မြောက် များစွာ ရှိသည်ဟူ၍ခံယူ ချက်ပင် ဖြစ်သည် (ရောမ ၁း၂၃ )။

ဃ။ Pantheism ဝါဒသည်ကား အရာအားလုံးတို့သည် ဘုရားဖြစ်သည် ဟူ၍ ဆိုကာ ယုံကြည်ခြင်းပင်ဖြစ်သည်၊။
င။ Liberalism ဝါဒသည်ကား လူတိုင်း ဓလေ့ထုံးတမ်းတို့ဖြင့် ခြားနားစွာ ကိုးကွယ်ကြသော်လည်း အားလုံးသည် တစ်ဆူတည်းသော ဘုရားကိုသာ ကိုးကွယ် ကြခြင်းဖြစ်သည်ဟု ယုံကြည်ချက်ကို ဆိုလိုခြင်းဖြစ်သည်။

၂။ ဘုရားနှင့်စပ်လျှဉ်း၍ မှန်ကန်သော ယုံကြည်ခြင်း။

'ဘုရားသည် တစ်ဆူတည်း ဖြစ်၍'ဆိုသည်နှင့်အညီ တန်ခိုးတော်အစ ညာဏ်တော် အစုံတို့နှင့်လည်း ပြည့်စုံပြီး အရာခပ်သိမ်းကို ဘုန်းတော် အတွက် ဖန်ဆင်း၍ လူသားတို့အား သူ၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သည့် အရှင်ဖြစ်သည်။ကယ်တင်ခြင်း လမ်းကို လည်း ပြင်ဆင်ပေးခဲ့ပြီး အိုနာသေခြင်း ကင်းရာ ထာဝရ ကာလ အထိ လူနှင့် ဘုရားပေါင်းစည်းစံပျော်ရန် အကြံတော် မြတ် ရှိတော်မူ၏။

၃။ ဘုရားရှင်အားသိကျွမ်းခြင်း။

လူတိုင်းမွေးရာပါ နာမ်အသိ စိတ်ဖြင့် ဘုရားကို ရှာဖွေကြ ပါသည်။ အချို့ကဤနာမ်အသိစိတ်ကို လျစ်လျှူရှုပြီး ဘုရားမဲ့ဖြင့် အသက်ရှင် ကြသလို၊ အချို့ကလည်း ဘုရားရှင်အား သိရန် ကြိုးစားရှာဖွေကြပါသည်။ ရံဖန်ရံခါ ဘုရားနှင့် စပ်လျှဉ်းသော အတွေး အခေါ်တို့သည် မှားယွင်းသော နေရာများမှ ဖြစ်တတ်ကြ၍ သမ္မာ သမ္မတ် ကျသည်ဟူ၍မဆိုနိုင်ပါလေ။ အချို့က ရိုးရာ ဓလေ့ကိုအခြေခံ၍၄င်း ၊ အချို့က ပုဂ္ဂိုလ် တဦးဦးတို့၏ သွန်သင်ချက် တို့အားဖြင့်၄င်း ဘုရားအကြောင်းကို သိရှိကြပြီး၊ အချို့မှာ မိမိတို့၏ အစွမ်း အစတွင်အခြေခံကာနှစ်သက်သဘောကျရာ အတိုင်းဆုံမှတ်အဖြစ် စွဲကိုင်ယုံကြည် ကြသည်။မြောက်များ လှစွာသော သူတို့က လူတိုင်းမိမိတို့၏ရိုးသားစွာ ပုံဖေါ်ပြ ထားသောဘုရားနှင့် စပ်လျှဉ်း၍ ယုံကြည်မှုသည်မှန်ကန်သည် ဟုဆိုတတ်ကြ၏၊ သို့ပါသော်လည်း ဤတွေးခေါ်ကြံဆချက်တို့သည် ဆန့်ကျင်ဘက်များစွာ ဖြစ်တည် လာသောကြောင့် အဘယ်ကဲ့သို့ မှန်သည် ဆိုနိုင်ပါအံ့နည်း။ တိရိစ္ဆာန် တကောင် သည်အမဲရောင်ဟု ဆိုခြေက အဖြူမရှိနိုင် သကဲ့သို့ လူတွေ ယုံကြည်ထားသည့် အတိုင်း ဘုရားနှင ့်စပ်လျှဉ်းသော အယူအဆမှန်ပါက အခြားအရာ တို့သည် အမှန်မည်သို့မှ မဖြစ်နိုင်ပါချေ။ ကွဲလွဲခြားနားသော ထိုယုံကြည်ချက် တို့တွင်ဘုရားနှင့်စပ်လျှဉ်း၍ အဘယ် အရာက စိတ်ချ ယုံနိုင်ပါတော့ အံ့နည်း။

တစ်ဆူတည်းသောဘုရား သည်ဤဩကာသလောက၊ သတ္တ လောက၊အသင်္ခါရလောကတို့ကို ဖန်ဆင်း ခဲ့ပါကသူ၏အကြောင်းနှင့် စပ်လျှဉ်းသော အရာများအား ကျွနု်ပ်တို့ သိရှိစေလို ပေမည်၊ ထို့ကြောင့် လူသားတို့အား သိနိုင်စေရန် ဘုရား၏ အဖြစ်တော်။ ထားရှိတော်မူသော မေတ္တာတော်။ ကရုဏာတော်။ ကျေးဇူးတော်ဂုဏ်တော် အဖြာဖြာတို့ကို နည်းလမ်းသုံးသွယ်ဖြင့် ဖွင့်ပြတော် မူထားပါသည်။

(က) သဘာဝတရားဖြင့် ဖွင့်ပြခြင်း။
(ရောမ ၁း၁၉-၂၀) တွင် ဖတ်ရှု ပါက 'အဘယ် ကြောင့်နည်း ဟူမူကား။ သိအပ်သော အကြောင်းအရာတို့သည် လူတို့တွင်ထင်ရှားလျှက်ရှိ၏၊ ဘုရားသခင် သည် သူတို့အားပြတော်မူပြီ။ အဘယ် သို့နည်း ဟူမူကား ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရ တန်ခိုးတော်နှင့် ထာဝရအဖြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရား သခင်၏ အရာတို့သည် ကမ္ဘာတည်သည့် ကာလမှစ၍ ထင်ရှားလျှက်ရှိကြ၏၊ ထို့ကြောင့်သူတို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ 'ဟူ၍ဆိုထားသကဲ့သို့ (ဆာလံ ၁၉း၁ - ၆) တွင် လည်း 'မိုးကောင်းကင် သည် ဘုရားသခင်၏ ဘုန်းအသရေတော် ကို ကြားပြော၍ မိုးမျက်နှာကျက်သည် လက်တော်နှင့်လုပ်သော အရာများကို ပြသ၏' ထို့ကြောင့် လောကဓါတ် တည်ရှိ ဖွဲ့စည်းပုံကိုကြည့်ခြင်းအားဖြင့် ကြယ်၊ နက္ခတ်တာရာ နှင့် အရာအားလုံး၏ အံ့ဩဘွယ်နောက်ကွယ်တွင် ဘုန်းအာနု ဘော်တော်နှင့်ပြည့်စုံတော်မူသော ဘုရားရှိကြောင်းကို ရိုးသားစွာ ကြည့်ရှု သူတိုင်း မြင်တွေ့ နားလည် နိုင်ပေသည်၊ ဖန်ဆင်းခြင်းအရာတို့က ဘုန်းကြီး တော်မူသောဘုရားရှင် တည်ရှိနေ ကြောင်းကို ညွှန်ပြသည့် နည်းတူ ဘုရား မေတ္တာတော်အကြောင်း သိနားလည်ရန်၊ အသက်ရှင်ရန် နည်းစနစ် များကိုတော့ လူသားတို့အားဖေါ်ပြနိုင်စွမ်း မရှိကြ ပါလေ။

(ခ) ခရစ်တော်အားဖြင့် ဖွင့်ပြခြင်း။
'ဘုရားမြတ်ရှင်၏ သားတော်ယေရှုခရစ်တော်အားဖြင့် လောကသို့ စေလွှတ်၍ ခမည်းတော် ဘုရား၏ မေတ္တာတော်အား ဖေါ်ကျူး ခဲ့ပါသည်။ ဤနှုတ်ကပါတ်တော် သည်လည်း၊ လူ့ဇာတိအဖြစ် ခံယူ၍ ခမည်းတော်၌ရှိသော တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ '
ဟူ၍ တမန်တော် ယောဟန်က ဆိုခဲ့သည်
( ယော ၁း၁၄)။ တဖန်ခရစ်တော်ဘုရား ကိုယ်တော်တိုင်က ဖိလိပ္ပု အား'ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုမြင်၏} (ယော ၁၄း၉) ]ဘုရားသခင်သည် ခရစ်တော်အထှဲု ရှိနေလျှက်; ဟူ၍လည်း တမန်တော်ကြီး ပေါလုက(၂ ကော ၅း၁၉) တွင် အတိအလင်းဆိုခဲ့လေသည်။

(ဂ) သမ္မာကျမ်းစာတော်ဖြင့် ဖွင့်ပြခြင်။
သမ္မာကျမ်းစာမြတ့်ကား 'ဘုရားရှင်၏ စကားတော် ' ဖြစ်ကြောင်း အတိအလင်းဆိုထားပါသည်၊ဤ ဘုရားသခင်၏ စကားတော်ကိုနာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသော မင်္ဂလာရှိသည်'ဟု ခရစ်တော် မိန့်တော်မူခဲ့သည် ( လုကာ ၁၁း၂၈)၊ သမ္မာကျမ်းစာ အစဦးဖွင့်ဆိုချက်ကား 'အစအဦး၌ဘုရားသခင်သည်'ဟူ၍ (၁၀) ကြိမ်တိုင်တိုင်၊ နောက်စကားစုတို့၌ကား တဖန်ဘုရားသခင် မိန့်တော်မူသည်'ဟူ၍ ဖေါ်ပြပါရှိပြီးသမ္မာကျမ်းစာ တအုပ်လုံး တွင် ဘုရားရှင်၏ အကြံအစည်နှင့် အလိုတော်ကိုလူသားများအား ဖွင့်ပြ ထားကြောင်း သိနိုင်ပါသည်။

ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရား သခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့ သည် ယုံကြည်မည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့်အသက်ကို ရမည် အကြောင်းဤမျှလောက် ရေးထားလျှက် ရှိ၏ (ယော ၂ဝး၃၁)။
ဖေါက်ပြန်ခြင်းကင်းသော ဘုရားရှင်၏ နှုတ်ကပါတ်သမ္မာကျမ်းမြတ် သည်သာ ဘုရားနှင့်စပ်လျှဉ်း၍ သိရှိနိုင်ရန် လုံလောက်စိတ်ချရသော အရင်းအမြစ်ပင်ဖြစ်သည်၊ ခရစ်တော် ဘုရား ဤလောကသို့ ကြွလာခဲ့စဉ်က ကျွနု်ပ်တို့မရှိကြပါ၊ ဖန်ဆင်းခြင်း အရာများက တည်ရှိသော ဘုရား၏ ဘုန်းတော်အာနုဘော်တော်ကိုသာပြပြီး၊ ဘုရားရှင်၏ မဟာကျေးဇူးကရုဏာတော် ကယ်တင်ခြင်း အကြောင်းအရာတို့ကို ဖေါ်ပြခြင်းမရှိပါ။

ဘုရားရှင်သည် သူ၏အဖြစ်တော် ဂုဏ်တော်အင်္ဂါရပ်များ အကြောင်းကို အသေးစိတ် သိရှိစေလို သဖြင့် သမ္မာကျမ်းစာတော်မြတ်အား ဖြင့် ဖေါ်ပြဖွင့်ပြခြင်းဖြင့်ကျွနု်ပ်တို့ ဘုရားရှင် နှင့် စပ်လျှဉ်းသော အရာများကို စိတ်ချ ယုံကြည်သိနိုင်ကြလေတော့သည်မှာ ဘုရားရှင်၏ကျေးဇူးမဟာ သက်သက်ပင် ဖြစ်တော်မူ၏။

ဘုရားရှင်သည်သူ၏ အကြောင်းအရာများကို လူသားတို့အား သိရှိစေရန် လေးဖက်လေးတန်မှာရှိသော ဖန်ဆင်းခြင်းအရာများအားဖြင့်၄င်း၊ သားတော် ယေရှုခရစ်အားဖြင့်၄င်း၊ တဖန်ဘုရားရှင်၏ စကားတော်ဖြစ်သည့် အမှား အယွင်းမရှိနှုတ်ကပါတ်တော် သမ္မာကျမ်း အားဖြင့်၄င်း၊လူသားတို့အား ဖွင့်ပြခဲ့သည်မှာ စိတ်ချအားကိုး ယုံကြည်ထိုက်သော အရာများပင်ဖြစ်လေ တော့သည်၊ထို့ကြောင့် ကျွနု်ပ်တို့ ယုံကြည်ရမည့်အရာ၊ လိုက်နာရမည့် အရာများအားလုံးတို့အတွက် သမ္မာ ကျမ်းစာသည်တခုတည်းသော ကျွနု်ပ် တို့၏ စိတ်ချ အားကိုး ယုံကြည်ထိုက်သော အရာပင်ဖြစ်တော့သည်ဟုဆိုနိုင်ပေ သည်။

၄။ ဘုရားရှင်၏အဖြစ်တော်။

အချို့က ဘုရားအား အသွင် သဏ္ဌာန် အမျိုးမျိုးဖြင့် ထုလုပ်ကြသည်။ ရှေးခေတ် ဂရိတ် လူမျိုးတွေမှာတော့ ဘုရားဆိုတာက လူတွေကဲ့သို့ပင် ခံစားမှုရှိပြီး၊ အပြစ် သဘောလည်း ပါရှိတဲ့ဘုရားတွေ အများကြီး ရှိခဲ့ကြပြီး သည်သာမက၊အချို့တော့ ဘုရား ဟူသည် ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ စွမ်းအားတခုအဖြစ် လက်ခံ ယုံကြည် ထားကြပြီး၊ သိရှိ နားလည်ရန်လည်း လုံးဝဥဿုံမရှိဟူ၍ ယုံကြည် ထားကြပါသည်။ သမ္မာကျမ်းစာ ကတော့ဘုရားရှင်ဟာ ဘယ်လိုပုဂ္ဂိုလ် မျိုးလည်း ဆိုတာကို သိရှိနိုင်ရန် တိတိကျကျ ဖေါ်ပြ ထားပါတယ်။

က။ နံဝိညာဉ်ဖြစ်သောဘုရား၊
'ဘုရားရှင်သည် နံဝိညာဉ်ဖြစ်တော်မူ၏၊ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ် နှင့်၄င်း၊သစ္စာနှင့်၄င်း၊ ကိုးကွယ် ရမည်'ဟူ၍ ခရစ်တော် ကိုယ်တော်တိုင် မိန့်တော်မူခဲ့ပါသည် (ယော ၄း၂၄ )။နံဝိညာဉ်ဖြစ်တော်မူသော ဘုရားသခင် သည်ကျွနု်ပ်တို့ကဲ့သို့ ရုပ်ခန္ဓာ မရှိပါ သော်လည်း၊သမ္မာကျမ်းစာက ကျွနု်ပ်တို့ နားလည်နိုင် စေခြင်း အလို့ငှါ 'ထာဝရ ဘုရားသည်ဖြောင့်မတ်သော သူတို့ကို ကြည့်ရှုတော်မူ၏၊ သူတို့အော်ဟစ် သံကိုလည်း နားထောင် တော်မူ၏' ( ဆာလံ၃၄း၁၅) ဟူ၍၄င်း၊ 'အော်ဟစ်သံကို နားထောင် တော်မူပါ'( ဆာလံ ၈၈း၂ ) 'လကျင်္ာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော် ' ( ဆာလံ ၉၈း၁) စသည်ဖြင့်သုံးထားခြင်းသည် မနုဿဗေဒ သဘောအရ သုံးစွဲထားခြင်း ပင်ဖြစ်သည်။

ခ။ ပုဂ္ဂိုလ်ဖြစ်သောဘုရား။
ကျွနု်ပ်တို့ပုံမှန် အားဖြင့် ရုပ်ခန္ဓာအား ပုဂ္ဂိုလ် သတ္တဝါအဖြစ် တွေးခေါ်လေ့ရှိပါသည်။ကိုယ်ခန္ဓာ ချို့ယွင်းနေသောမသန်စွမ်းသောသူများသည် လည်း မည်သို့ပင် ဖြစ်စေ ပုဂ္ဂိုလ် သတ္တဝါ ဖြစ်မြဲဖြစ်လျှက်ပါလေ။ဤနည်းအတိုင်းပင် လူသည် ဤလောကမှဘဝတပါးသို့ ပြောင်းသွားသော်လည်း ပုဂ္ဂိုလ်သတ္တဝါ အဖြစ်ကား တည်ရှိနေမြဲပင်ဖြစ်သည်၊ ပုဂ္ဂိုလ်ဖြစ်ခြင်း၏ အသိညာဏ် စိတ်၊ ဆန္ဒတို့ပါဝင်သည်၊ ဘုရားအဖြစ်တော် တို့၏လည်း ထိုအဖြစ်တော်မျှား ပါဝင်နေ သည်။

( ၁ ) အသိညာဏ်ရှိခြင်း။
ဘုရားရှင်သည် ပုဂ္ဂိုလ်ဖြစ်သည့် အတွက် စဉ်းစား တွေးခေါ်စွမ်းရှိတော်မူ၏ 'လာကြတရား စီရင်ကြကုန်အံ့'ဟူ၍ှု ဟေရှာယ ၁း၁၈ တွင်ကျွနု်ပ်တို့အား ဖိတ်ခေါ်နေပါသည်၊ တဖန် (ဟေရှာယ ၅၅း၈-၉) တွင်လည်း 'ငါ၏ အကြံအစည် သည် သင်တို့၏ အကြံအစည်နှင့်မတူ၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်သာ၍မြင့်၏' ဟူ၍ အတိအလင်း ပရောဖက် ဟေရှာယ ကပြောကြားခဲ့ပါသည်။

(၂) ခံစားနိုင်သောစိတ်ရှိခြင်း။
(ဆာလံ ၂၁း၉) တွင် ' အမျက် တော်'ကို၄င်း၊ (ကမ္ဘာဦး ၆း၆) တွင် 'ဝမ်းနည်းတော်မူခြင်း' ကို၄င်း တဖန် (တရား ၂၈း၆၃) 'ထာဝရဘုရား ပျော်မွှေ့ တော်မူခြင်း' နှင့် ဆာလံ ၁၁း၄ တွင် ထာဝရဘုရား၏'ကရုဏာတော်' ပြည့်ဝခြင်းကို၄င်း သိမြင်နားလည်နိုင် ပါသည်။

( ၃ ) ဆန္ဒအလိုရှိခြင်း။
(ဒံယေလ ၁၁း၁၆)တွင်ဘုရားရှင် သည်သူ၏အလိုတော်နှင့်အညီ လုပ်ဆောင် ကြောင်း ဖေါ်ပြထားသည့် နည်းတူ (ရောမ ၁၂း၂ )တွင် 'ကောင်းမြတ် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာ' များကို ရှင်ပေါလုက ညွှန်ပြယုံသာမက ဘုရားရှင်၏အကြံအစည်တော် အလိုတော် တို့သည် 'ခပ်သိမ်းသော အရာတို့သည် ကိုယ်တော်အထဲက၄င်း၊ ကိုယ်တော် အားဖြင့်၄င်း၊ကိုယ်တော် အဘို့ငှါ၄င်း ဖြစ်ကြ၏'(ရောမ ၁၂း၃၆ ) ဟူ၍ ဆိုထားပါသည်။

ဘုရားရှင်၏စစ်မှန်သော နိယာမသဘောတရားကား လူတို့တွင် ထင်ရှားနေသည်။လူသည်အပြစ်ကြောင့် ကျဆင်းခဲ့ကြရသော်လည်း၊ အသိညာဏ်၊ စိတ်၊ ဆန္ဒတို့သည် တည်ရှိနေမြဲပင်။ သို့သော် ဘုရားရှင်၏ အဖြစ်တော်ကား စုံလင်နေမြဲပင်ဖြစ်သည်။ဘုရားရှင်၏ အဖြစ်တော်နှင့် အညီ ဖန်ဆင်းတော် မူခြင်းခံရသော လူတို့သည် ထိုအရည် အသွေးများ ရှိသောကြောင့် သာလျှင် ဘုရားနှင့် လူသားစပ်ကြား တူညီသော ဖြစ်ခြင်းဖြင့်အပြန်အလှန် အြွကမ်းတဝင် ရှိနိုင်ခြင်းပင်ဖြစ်သည်။

ဂ။သုံးပါးတစ်ဆူဖြစ်တော် မူသောဘုရား၊
သုံးပါးတစ်ဆူအဖြစ် တည်ရှိ သော်လည်း တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။ ၄င်းမှာမူရင်း ဟေဗြဲစကား 'Elohim 'ဆိုသော စကားလုံးမှာ အများကိန်း နာမ်စား ဖြစ်ပြီး၊ဘုရားဆိုသောအနည်း ကိန်းဖြင့်သာ တည်ရှိပါသည်။သို့ဖြစ်လျှင် 'ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပါတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံးပါးရှိ၍ထိုသုံးပါးတို့သည် တလုံးတဝ တည်း ဖြစ်တော်မူ၏ 'ဟူ၍ (၁ ယော ၆းရ) တွင် ဆိုထားပါသည်။

( ၁ ) ခမည်းတော် ဘုရား။

မြောက်များစွာသောသမ္မာ ကျမ်းချက်တို့သည် ခမည်းတော် အား ဘုရားဖြစ်တော်မူကြောင်းကို ဖေါ်ညွှန်း ကြလေသည်။ (ယော ၆း၂၇၊ ဧဖက် ၆း၂၃၊ ဖိ ၂း၁၁) စသည်တို့တွင် အစရှိသဖြင့် အတိအကျ မြင်တွေ့ နိုင်ပေသည်။

( ၂ ) သားတော်ဘုရား၊
(ရှင်ယောဟန် ၁း၁း) တွင် 'နှုတ်ကပါတ်တော်' သည်ဘုရားသခင် ဖြစ်တော်မူှု ထိုနှုတ်ကပါတ်တော်သည် လူ့ဇာတိအဖြစ်ခံယူကာ ငါတို့တွင် တည်နေတော်မူသည်ဟု ယော ၁း၁၄ တွင် ခရစ်တော်ဘုရားအား ညွှန်းဆို ထားသည့် အတွက် (ယော ၂ဝး၂၈) တွင် 'သောမက လည်း၊ အကျွနု်ပ်၏ အရှင်၊ အကျွနု်ပ်၏ ဘုရားသခင်ပါ တကား'ဟု ပြန်လျှောက် လေ၏ 'ငါတို့ကို ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေ ထင်ရှား ပေါ်ထွန်းခြင်း ကို၄င်း၊ငါတို့သည် မျှော်လင့်လျှက်'ဟူ၍ (၂ တိ ၂း၁၃) တွင် ခရစ်တော် ဘုရား ဖြစ်ခြင်းကို အထင်အရှား သမ္မာကျမ်းစာက ဖေါ်ပြထားလေသည်။

( ၃ ) ဝိညာဉ်တော်ဘုရား။

(တမန်တော် ၅း၃-၄) တွင် ရှင်ပေတရုက အာနနိ နှင့် ရှဖိရေ တို့၏ အမှုတွင် ဝိညာဉ်တော်အား လိမ်ညာ ခြင်းသည် ဘုရားကို လိမ်ညာခြင်းဟု ပြောသည်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်တော်သည် ဘုရားဖြစ်ကြောင်း ရှင်းလင်းထင်ရှားစေပါသည်၊ ရှင်ပေါလုက ကောရိနသုအသင်းတော်ရှိ ယုံကြည် သူများ အားဘုရားရှင် ကျိန်းဝပ်ရာ ဗိမ္မာန်တော် ဖြစ်ကြောင်း နှင့် ထိုဗိမ္မာန်၌ ဝိညာဉ် တော်ဘုရား ကျိန်းဝပ်ကြောင်း ( ၁ ကော ၃း၁၆-၁၇)တွင်ဆိုသည်ကို ထောက်ရှုခြင်း အားဖြင့်ဝိညာဉ်တော် သည်ဘုရား ဖြစ်ကြောင်း ညွှန်းဆိုထားလေသည်။တစ်ဆူတည်းသောဘုရားသည် သန့်ရှင်း စုံလင်တော်မူသည့် အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဟုဆိုထားရာတွင် ဝိညာဉ် တော်သည်ဘုရားဖြစ်ကြောင်း ထင်ရှား စေသည်။

( ၄ ) တစ်ဆူတည်းသောဘုရား။
သုံးပါးတစ်ဆူဘုရားအဖြစ် သမ္မာကျမ်းစာက ဖွင့်ပြသော်လည်း၊ ဘုရားသုံးဆူဟူ၍လုံးဝမသွန်သင်ပါ၊ သုံးပါတစ်ဆူတည်းသောဘုရားအဖြစ် သွန်သင်ထား၏။ ဣသရေလ တို့၏ ကြွေးကြော်ချက်ကိုကြည့်ပါက 'အိုဣသရေလအမျိုး၊နားထောင်လော့၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရ ဘုရား ဖြစ်တော်မူ၏'( တရား ၆း၄ ) ဟူ၍ သာဖြစ်လေသည်။ (၁ ကော ၈း၄ ၊ဂလာ ၃း၂၀၊၁ တိ ၂း၅ ) စသည်တို့တွင်လည်း ဘုရားသည် ဧကန်အမှန် တစ်ဆူတည်း မှတပါး အခြားသွန်သင်ချက်းမျိုးမရှိပါ။

( ၅ ) သုံးပါးတစ်ဆူဘုရား၏ အဖြစ်တော်။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဟူသော အမည်နာမတို့သည် တစ်ဆူတည်း သော ဘုရားအား အမည်သုံးမျိုးဖြင့်ခေါ်ဝေါ် သမုတ်ထားရုံမျှသာမဟုတ်ပါ၊ သုံးပါး သည်တစ်ပါးနှင့် တစ်ပါး သီးခြားစွာ ဖြစ်တည်တော်မူသော ပုဂ္ဂိုလ်သုံးပါး ပင်ဖြစ်ပါသည်။ဤအရာအတွက် ခရစ်တော် ဘုရားရှင် ၏နှစ်ခြင်းမင်္ဂလာ ခံယူပြီးနောက် ရေမှပေါ်ထစဉ်တွင် ကောင်းကင် ထက်မှ မိန့်တော် မူသော ခမည်းတော်ဘုရား၊ ချိုးငှက်ကဲ့သို့ ဆင်းသက်တော်မူသော ဝိညာဉ်တော် ဘုရားစသဖြင့် သုံးပါး တစ်ဆူဘုရား၏ အဖြစ်တော်ကိုကဏ္ဍတခုစီ၊ ပုဂ္ဂိုလ်တဦးစီ အဖြစ် မြင်တွေ့နိုင်ကြပါသည် ( မဿဲ ၃း၁၆-၁၇)။

( ၆ ) အဖြစ်တော်ခြင်း တူညီသော သုံးပါးတစ်ဆူဘုရား။
သုံးပါးတစ်ဆူအဖြစ်တည်ရှိနေသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ၊ ပုဂ္ဂိုလ် တဦးခြင်း အဖြစ်၌လည်း ဘုရားပင် ဖြစ်တော်မူပါသည်။ သုံးပါးသော ဖြစ်ခြင်းတို့သည်တူညီကြပြီး၊ ဘုရားဂုဏ်အင်္ဂါတော်တို့ဖြင့်တည်ရှိ တည်နေတော်မူပါသည်၊ ထိုတူညီခြင်းကို မဟာစေခိုင်းချက်တွင်၄င်း (မဿဲ ၂၈း၁၉) ကောင်းကြီးမင်္ဂလာပေးခြင်း( ၂ ကော ၁၃း၁၄ ) တွင်၄င်း ရှင်းလင်း စွာ ဖြစ်တည်နေမှုကို မြင်တွေ့နိုင်ပါ သည်။

( ၇ ) သုံးပါးတစ်ဆူဘုရား၏ လုပ်ဆောင်ချက်များ။
အဖြစ်တော်၊ ဂုဏ်တော်တို့တွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့သည် တူညီကြ သော်လည်း၊ လုပ်ဆောင်ရာကဏ္ဍ တို့တွင်ကား သီးခြားစီတွေ့မြင် နိုင်ပါသည် 'သခင်ယေရှုခရစ်၏ ကျေးဇူးတော်...ဘုရားသခင်၏ မေတ္တာတော်...သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယ' ဟူ၍ ကဏ္ဍများကို ခွဲခြား ကွဲပြားစွာ တွေ့မြင် ရပါသည်၊ ကယ်တင်ခြင်းတွင်ကြည့်ပါက၊ ခမည်းတော်၏ အကြံအစည်တော်၊ သားတော်ဘုရား၏ လုပ်ဆောင်ပေးမှုနှင့် ဝိညာဉ်တော်ဘုရားမှဒုတိယ မွေးဖွား ခြင်းကို ဖြစ်စေခြင်းဖြင့် မိသားစုအဖြစ် ယှဉ်ပြရာတွင် ဖခင်၊ သား ( ခရစ်တော်) နှင့် အစေခံ ( ဝိညာဉ်တော်) ဟူ၍ ၄င်းမြင်နိုင်ပါသည်။

Trinity ဟူသော သုံးပါး တစ်ဆူ စကားလုံးကို သမ္မာကျမ်းစာတွင် လုံးဝမတွေ့ရသော်လည်း၊ တူညီသော ဘုရားအဖြစ်တော်၊ ဘုရားဂုဏ်တော် တွေဖြင့် သုံးပါးတစ်ဆူဘုရား အဖြစ်တော် ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန်သွန် သင်ထားပါသည်။ သုံးပါးတစ်ဆူ ဟူသောသွန်သင်ချက်သည် အသက်နှင့် အမျှလွန်စွာမှအရေးပါလှပြီး၊ သမ္မာ ကျမ်းစာ၏ သွန်သင်ချက်အရာများမှ သွေဖယ်သွားပါက ထိုသူအား အခြား အခြားသော ဩဝါဒသွန်သင်ချက် အမှားများသို့ ကျရောက်စေနိုင်ပါသည်။ သုံးပါးတစ်ဆူအဖြစ်တည်ရှိနေသော ဘုရား၏ အဖြစ်တော်ကား အကျွနု်ပ်တို့ လုံးဝဥဿုံ နားလည်ရန် ခက်ခဲသော်လည်း၊ ကန့်သတ်မှုဘောင် အတွင်းမှာသာ ရှိသောကျွနု်ပ်တို့၏ ညာဏ်ပညာသည် ဘုရားရှင်၏ သမ္မာတရားကို ကုန်စင်အောင် နားလည်မည် မဟုတ်သောကြောင့် ငြင်းပယ်ရန်ကား မလျှော်ကန်၊ မသင့်မြတ်လှပါ။

၅။ ဘုရားရှင်၏ဂုဏ်အင်္ဂါတော်များ။

ဘုရားရှင်သည် မနှိုင်းယှဉ် မကြံစည်အပ်သောဂုဏ်ထူး ဝိသေသ တို့နှင့် ပြည့်စုံတော်မူ၏၊ ဘုရား၏ ဂုဏ်အင်္ဂါ လက္ခဏာတော်များထဲမှ လူသည် အနည်းငယ်မျှသာ ပိုင်ဆိုင် ထားပါသည်။ (အနည်းငယ်သော ချစ်ခြင်း မေတ္တာ၊အနည်းငယ်မျှသော ညာဏ်ပညာ စသည်တို့ဖြစ်သည်) ဘုရားရှင်မှာကား အနန္တ အနှိုင်းမရှိ၊ စေ့စပ် စုံလင် တော်မူလေသည်။

က။ အနာဂတံသညာဏ်တော်၊
ဘုရားရှင်သည် အတိတ်၊ ပစ္စပ္ပန်၊ အနာဂါတ် စသော ကာလ သုံးတန်ကို သိမြင်တော်မူလေသည်။ သူ၏ ဖန်ဆင်းခြင်း အရာများကို၄င်း (သုတ္တံ ၃း၁၉-၂၀ ) ကျွနု်ပ်တို့၏ ထခြင်း ထိုင်ခြင်းကို ဒိဗ္ဗစက္ခုဟူသော သူ၏ ညာဏ်တော်ဖြင့်၄င်း၊ ပြောခြင်း၊ ဆိုခြင်းကို ဒိဗ္ဗသောတ ဟူသော အရာ ကားအာရုံအားဖြင်၄င်း သိကျွမ်း တော်မူလေသည် ( ဆာလံ ၁၃၉း၁-၄)၊ဘုရားရှင်၏ ညာဏ်တော်သည်ကား အတိုင်းအဆမဲ့ပင်ဖြစ်တော်မူသည် (ဆာလံ ၁၄ရး၅၊ တမန်တော် ၁၅း၁၈)။

ခ။ အနန္တတန်ခိုးရှင်ဖြစ်ခြင်း။
ဘုရားရှင်သည် အရာခပ်သိမ်း တို့တွင် တန်ခိုးတော် အားဖြင့် စွမ်းဆောင်နိုင်တော်မူ၏။ အာဗြဟံအား ဘုရားရှင်က'ထာဝရဘုရား မတတ်နိုင်သောအမှု တစ်စုံတစ်ခု ရှိသလော' ( ကမ္ဘာ ၁၈း၁၄) ဟူ၍ မေးတော်မူခဲ့သည့်နည်းတူ' ကိုယ်တော် သည်အလုံးစုံတို့ကို တတ်နိုင်တော် မူကြောင်းကိလည်း အကျွနု်ပ်သိပါ၏ 'ဟု (ယောဘ ၄၂း၂ ) တွင် ယောဘက အဖြေပေးခဲ့သည့် စကားကို တွေ့မြင် နိုင်ပေသည်။ခရစ်တော် ဘုရားရှင် ကလည်း'ဘုရားသခင်သည် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင်တော် မူ၏' ဟူ၍ မိန့်ကြားခြင်းကို ပြုတော်မူခဲ့ပါသည် ( မဿဲ ၁၉း၂၆)။ထိုကျမ်းချက်နှင့်အတူ ဗျာဒိတ် ၁၉း၆တို့သည် ' အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ' ဟူ၍ တန်ခိုးတော်အစုံ၊ညာဏ်တော်အနန္တ တို့ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။


ဂ။ အနန္တမျက်မှောက်တော်ရှိခြင်း။
ဘုရားရှင်၏ မျက်မှောက်တော်သည် တချိန်တည်းတွင် နေရာတိုင်း၌ရှိတော်မူ၏၊ ယောနသည် ဘုရားမျက်မှောက်တော်မှ လွတ်ပြီဟု အထင်ဖြင့် ပြေးခဲ့သော်လည်း၊ ဘုရားရှင်၏ မျက်မှောက်တော်က ထပ်ချပ်မကွာ ရှိနေပါသည်။ ရှင်ဘုရင်ဖြစ်သော ဒါဝိဒ်မင်းကြီးက 'မျက်မှောက်တော်မှ လွတ်ခြင်းငှါ အဘယ်အရပ်သို့မျှ ကျွနု်ပ်မပြေးနိုင်' ( ဆာလံ ၁၃၉း ၇-၁၂ ) ဟု ဝန်ခံခဲ့ပါသည်၊ 'ငါသည် ကောင်းကင်မြေကြီးကိုနှံ့ပြားသည် မဟုတ်လော ' ဟု ထာဝရဘုရား ကိုယ်တော်တိုင် ယေရမိ ၂၃း၂၄ တွင် မိန့်တော်မူခဲ့ပါသည်၊

ဃ။ ထာဝရတည်ရှိသောအရှင်။
ဘုရားရှင်မြတ်သည် 'ရှေးကမ္ဘာအဆက်ဆက်မှစ၍ ပေါ်ထွန်း တော်မူသော သခင်ဖြစ်၏ 'ဟူ၍ မိက္ခ၅း၂ တွင် ဖေါ်ပြပါရှိပါသည်၊ တဖန် လုကာ ၁း၃၃ တွင်လည်း 'ထိုအရှင်၏ နိုင်ငံသည်လည်း ဆုံးခြင်း မရှိရဟုဆို၍' ဟေရှာယ ၉း၆ တွင် 'ထာဝရအဘ'ဟူ၍ တဖန် ရောမ ၁၆း၂၆ တွင်လည်း'ထာဝရ ဘုရားသခင် ' ဟုဖေါ်ပြထားလေသည်။ တဖန် 'အိုအရှင်၊ ကိုယ်တော်သည် ကာလ အစဉ်အဆက် အကျွနု်ပ်တို့ခိုလှုံရာဖြစ်တော်မူ၏'တောင်များကို မဖေါ်၊မြေကြီးနှင့် လောကဓါတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏' ဟူ၍ မြတ်ဘုရား၏ဂုဏ်တော်ကို ဖေါ်ကျူးထားလေသည် ( ဆာလံ ၉ဝး၁-၂)။ ထိုဘုရားသည် ကာလအစဉ် အဆက် တည်ရှိတော်မူလေ၏။

င။ သန့်ရှင်းတော်မူသောဘုရား။
သန့်ရှင်းတော်မူခြင်းဟူသည် အပြစ်တရားမှ ကင်းကွာခြင်း ဖြစ်သည်၊ လူတို့သည် အတိုင်းအတာ တခုအထိတော့ အပြစ်ကို ထိန်းသိမ်းရန် မိမိကိုယ်ကို မိမိ စောင့်ထိန်းနေငြားလည်း မြတ်စောရှင်ဘုရားမှာကား အရာခပ်သိမ်းတွင် အပြစ်နှင့်ကင်းလွတ်တော်မူ 'ဘုရားသခင်သည်၌အပြစ်မှ ကင်းလွတ်၍ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏' (တရား ၃၂း၄)၊ဝတ်ပြုရာ ၁၉း၂ တွင် 'ငါ ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏' ဟူ၍၄င်း ၊ထိုမျှမက ဟန္နက 'ထာဝရဘုရားသခင် သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း ' ( ၁ ရာ ၂း၂ ) ဟုေြွကးကြော်ခဲ့လေသည်။ ကိုယ်တော်တပါးတည်းသာ သန့်ရှင်းတော်မူ၏ (ဗျာ ၁၅း၄)။ ကောင်းကင်တမန်တို့ကလည်း 'သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏' ဟူ၍ ပလ္လင်တော်ရှေ့ဝယ် ဧကျူးနေသည့်အရာကို ဟေရှာယ မြင်ခဲ့လေသလို ( ဟေရှာယ ၆း၃) ပေတရုက 'ထာဝရဘုရားသည် သန့်ရှင်းတော်မူသည့်နည်းတူ သန့်ရှင်းခြင်းရှိကြလော့'ဟူ၍ယုံကြည်သူများအား နှိုးဆော်ထားလေသည် ( ၁ ပေ ၁း၁၅-၁၆)။

စ။ တရားမျှတသောဘုရား။
တရားမျှတခြင်းဟူသည် ဥပဒေသနှင့်အညီ လုပ်ဆောင်ခြင်း ပင်ဖြစ်သည်။ 'သူတို့ကို မတရားသောသူတို့ကဲ့သို့ ခံစေသောအမှုသည်၊ ကိုယ်တော်နှင့်ဝေးပါစေသတည်း'ဟူ၍ အာဗြဟံက လောတအရေးတွင် ဘုရားရှင်အားတောင်းဆိုခဲ့လေသည် ( ကမ္ဘာဦး ၁၈း၂၅) ။'တရား မျှတသောစီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏'(ဆာလံ ၈၉း၁၄)။ ထိုမျှမက ဒါဝိဒ်မင်းကြီးက အနာဂါတ်ကာလအတွက် မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏ ဟူ၍ဆာလံ ၉း၈ တွင် ဆိုထားလေသည်။ ဘုရားရှင်၏ တရားမျှတခြင်းသည် ယုံကြည်သူများ၌သာ ထင်ရှားလေသည်။ အပြစ်တရားကို စီရင်ရမည့် အလျှောက် သားတော်ကို စေလွှတ်ကာ ကိုယ်စားပြုစေ၍လောကီလူသား တို့အား ခွင့်လွတ်ခြင်းကို ခံစားစေသည်၊ 'ခရစ်တော်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူ၏' (ရောမ ၃း၂၆ )။ အပြစ်တရားကို ပေးချေစေခြင်းအားဖြင့် ခွင့်လွှတ်တော်မူသော ထိုဘုရားသည် လွန်စွာတရားမျှတတော်မူလေသည်တကား ( ၁ ယော ၁း၉ )။

ဆ။ ကရုဏာအရှင်ဖြစ်တော်မူသောဘုရား။
ရှင်ယောဟန်က ရိုးရှင်းစွာဖြင့် နှစ်ကြိမ်တိုင်တိုင် 'ဘုရားရှင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏'ဟူ၍ဖေါ်ပြထားလေသည် ( ၁ ယော ၄း၈၊ ၁၆)။ချစ်ခြင်းမေတ္တာဟူသည် သူတပါး အကျိုးအတွက်ငှါ ကိုယ့်အကျိုးမငဲ့သော အရာပင်ဖြစ်သည်။ လူသားအတွက် ဘုရားရှင် လုပ်ဆောင်တော်မူသော အရာအားလုံးတွင် အထူးသဖြင့် ကရုဏာတော်အရင်းခံ၍ကယ်တင်ခြင်းလမ်းကို တပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏' ဆိုသည့်အရာက ထင်ရှားစေပါသည် (ယော ၃း၁၆ )။ 'ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို၊ ငါတို့အား ထင်ရှားစွာပြတော်မူ၏'( ရောမ ၅း၈)။ 'ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်း အခွင့်ကိုငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော'့ ( ၁ ယော ၃း၁)။

ဇ။ သမ္မာတရားဖြစ်တော်မူသောအရှင်။
'သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသောဘုရား' (ထွက် ၃၄း၆) ဟူ၍မောရှေက ပြောခဲ့သည့်နည်းတူ ယောဟန်ကလည်း 'ကျေးဇူးတော်နှင့်၄င်း သစ္စာတော်နှင့်၄င်း ပြည့်စုံလျှက်'( ယော ၁း၁၄ ) ဟူ၍တွေ့ရသည်။ ယော ၈း၂၆ တွင်လည်း 'ငါ့ကို စေလွတ်တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏' ဟုခရစ်တော် မိန့်တော်မူသည့်နည်းတူ 'ငါသည် သမ္မာ (သစ္စာ) တရားဖြစ်၏'ဟူ၍လည်း ယော ၁၄း၆ တွင်တွေ့မြင်နိုင်သည်။ ၄င်းမှာ ဘုရားရှင် ပြောလေသမျှတို့သည် သစ္စာတရားဖြစ်သည် ဟူ၍နားလည်စေရန် သက်သက်သာမဟုတ် သမ္မာ( သစ္စာ)တရားတို့၏ အရင်းအမြစ်သည် ဘုရားရှင်သာ ဖြစ်လေသည်။ ဘုရားရှင်နှင့် ကင်းလွတ်သော သမ္မာ( သစ္စာ)တရားဟူသည် ဤလောက၌မရှိနိုင်ပါတော့ပေ။

ဈ။ ဘုန်းတန်ခိုးအာနုဘော်နှင့်ပြည့်စုံသောဘုရား။
သမ္မာကျမ်းစာ တခုလုံးတွင် ဘုရားရှင်သည် ဘုန်းအာနုဘော်ရှင် အဖြစ်ဖေါ်ပြထားသည်။ ချမ်းသာ၊ ဆင်းရဲ၊ နှိပ့်ချခြင်းစသည်တို့သည် ဘုန်းတော်မဟာ တန်ခိုးအားဖြင့် ပြုပြင်တော်မူကြောင်းကို ၁ ရာ ၂း၄-၉ တွင် တွေ့ရလေသည်၊ ဒါဝိဒ်သည် "အရာအားလုံးတို့သည် ဘုရားရှင်၏ ပိုင်သအုပ်စိုးမှုတွင် အခြေခံထားကြောင်း ၁ ချုပ် ၂၉ တွင် ]အို ထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏'ကောင်းကင်မြေကြီး၌ရှိရှိသမျကို ပိုင်သတော်မူ၏'ဟူ၍ပါရှိလေသည်။ နှိမ့်ချခြင်းကိုခံရပြီး နောက်တွင် နေဗုခဒ်နေဇာက 'နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏၊ မြေကြီးသား အပေါင်းတို့သည် ရှေ့တော်၌အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏၊ ကောင်းကင်ဗိုလ်ခြေတို့၏၊ မြေကြီးသား အပေါင်းတို့ကို၊ အလိုတော်ရှိတော်မူသည့်အတိုင်း စီရင်ပြုပြင်တော်မူ၏ ၊လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်၊ အဘယ်သို့ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူမရှိ' ဟူ၍ဝန်ခံထားပါသည် (ဒံယေလ ၄း၃၄-၃၅)။'အလိုတော်ရှိသမျှ အတိုင်းပြုတော်မူ၏'( ဆာလံ ၁၁၉း၃ )။ 'မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော'( ဧဖက် ၁း၁၁) အဖြစ်တော်ဂုဏ်အင်္ဂါကို ရှင်ပေါလုက သိခဲ့လေသည့်အတိုင်း ဖေါ်ပြခဲ့သည်။ တခါတရံ့ အခြေအနေတို့သည် ဆိုးဝါးယုတ်မာလှသော အဖြစ်စနစ်ကိုမြင်တွေ့ နေရသော်လည်း ဘုရားရှင်သည် မထိန်းချုပ်နိုင်တော့ဟု မသတ်မှတ်သင့်ချေ၊ ရံဖန်ရံခါ ဘုရားရှင်သည် ဘုန်းတော်အဘို့ အလို့ငှါ ခွင့်ပြုတော်မူလေသည်ကား အကြံအစည်တော်ကြောင့်သာဖြစ်လေသည်။

ကျွန်ုပ်တို့သည် မိချောင်းမင်း ရေခင်းပြ မလုပ်ဆောင်သင့်ပေ။ထိုသို့ပြုမည့်အစား လူ့ညာဏ်၏ အသိတရား တဘက်တွင် ဘုရားရှင် နှုတ်ကပါတ်တော် သမ္မာကျမ်းစာမှ ဖေါ်ပြသည့် အတိုင်းဝန်ခံရန်လွန်စွာ အရေးကြီး သင့်မြတ်လျှော်ကန်လှပေသည်။

လူတွေကြံစည်တွေးဆ၍မမှီနိုင်သော အတုမဲ့ဘုရားကို ကျွနု်ပ်တို့ကိုးကွယ်ခွင့် ရရှိကြပေပြီ၊ လူတို့၏ အတွေးအခေါ်အားဖြင့် ဘုရားရှင်အား ကြံစည်၍မမှီနိုင်ပေ။ဘုရားရှင်၏ အံ့ဘွယ်ကြီးမြတ်တော်မူခြင်း၊ အံ့ဘွယ်အဖြစ်တော်၊ အံ့ဘွယ် ဂုဏ်တော်တွေအား ဆင်ခြင်၍ချီးမွမ်း ကိုးကွယ်ရန်မှာ အထူးကောင်းမြတ်လှပေသည်။ ထိုသို့ပြုခြင်းအားဖြင့် ကာယစိတ္တ၊ သုခနှစ်ဖြာအတွက် သက်သာဧငြိမ်းရာ အဖြစ်ကိုသာမက ဇီဝအသက်ကိုပေးတော်မူသောအရှင် ဖြစ်ကြောင်းကို တိုး၍တိုး၍သာ ကြည်ညိုသဒ္ဒါပွားများနိုင်ပါလိမ့်မည်။

၆။ ဘုရားရှင်ဆောင်ရွက်သောအမှုများ။

က။ ဖန်ဆင်းခြင်း။
သမ္မာကျမ်းစာတော်မြတ်သည် ရိုးရှင်းစွာပင် ကြီးမြတ်သော ညာဏ်တော်၊ တန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားရှင်က ကောင်းကင်နှင့် မြေကြီးအပါအဝင်၊ အရာခပ်သိမ်းကို ဘာမျှ မရှိခြင်းထဲမှ ဖန်ဆင်းတော်မူကြောင်း ဖေါ်ပြထားပါသည်။ ထိုဖန်ဆင်းခြင်းသည် ခြောက်ရက်ဟူသော အတွင့်း မျှသာဖြစ်ပေသည်။

( ၁ ) ဘုရားရှင်ဖန်ဆင်းခဲ့သည် ( ကမ္ဘာဦး ၁ - ၂ )။

( ၂ ) ဘာမှ မရှိခြင်းထဲမှ ဖန်ဆင်းခြင်းဖြစှု် ရှိပြီးအရာကိုပြုလုပ်ခြင်းမဟုတ်ပေ ( ဟေဗြဲ ၁၁း၃)။

( ၃ ) ခရစ်တော်အားဖြင့် ဤလောကကို ဖန်ဆင်းခဲ့သည် ( ဟေဗြဲ ၁း၂၊ ယော ၁း၃)။

( ၄ ) ၂၄ နာရီတရက်ဟူသော ရက်အတိုင်း ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့သည်(ကမ္ဘာဦး၁ - ၂ )။


နေ့ရက်တရက်တိုင်းတွင် ညဦးနှင့် နံက် ဟူ၍ ဣသရေလ တို့ သက္ကရာဇ် အတိုင်း ရေတွက် ပြထားခြင်းတို့ပင်ဖြစ်သည်။ ထို ဖေါ်ပြထားသော ခုနှစ်ရက်တွင် ခြောက်ရက်မှာ မိမိတို့၏ အငန်းအတာ လုပ်ဆောင်ပြီး ကျန်တရက်တွင် ရပ်နားခဲ့သည်မှာ ( ထွက်မြောက်ရာ ၂ဝး၅-၁၁) အတိုင်းပင်ဖြစ်သည်။

( ၅ ) အသီးသီးသော မျိုးနွယ်စုတို့သည် တူညီသော မျိုးနွယ်စုကို ဖြစ်ပွားစေသည် (ကမ္ဘာဦး ၁း၁၁-၁၂)။ 
ထိုတိကျသော ဖေါ်ပြချက်သည် မျောက်မှ ဆင်းသက်လာသည် ဆိုသောဆင့်ကဲ ဖြစ်စဉ်တို့၏ အတွေးအခေါ်ကို ယုံမှားသံသယမရှိစေခြင်းငှါ လုံးဝရှင်းလင်းစေသည်။

( ၆ ) အာဒံသည် ပဌမဦးဆုံးဖြစ်သော ကနဦး လူသားဖြစ်သည် ( ၁ ကော ၁၅း၄၅)။
အာဒံမတိုင်မီ လူလုံးဝ မရှိသကဲ့သို့ အခြားသူများ ထင်မှတ်ကြသလို အာဒံမတိုင်မီ ဖျက်ဆီးခံရသော လူလည်း မတည်မရှိခဲ့ပါ။

( ၇ ) အပြစ်တရားကြောင့် သေခြင်းတရား ဝင်ရောက်လာသည် ( ရောမ ၅း၁၂)။
အာဒံအားဖြင့် သေခြင်းတရားသည် ဝင်ရောက် လာခြင်းကြောင့် အာဒံမတိုင်မီ လူတို့သည် ရှင်သန်ကြီးထွား သေဆုံးခြင်းများ မရှိခဲ့ပါ။ ထို့နည်းတူ အာဒံမတိုင်မီ မြို့ပြ လူနေမှုများရှိခဲ့ခြင်း ၊ ပျက်ဆီး ခဲ့ခြင်းလည်းမရှိခဲ့ပါ။

( ၈ ) တစ်ရက်သော ဖန်ဆင်းခြင်းသည် ထောင်သောင်းဟု ဆိုအပ် သော နှစ်တို့လည်း မဟုတ်ခဲ့ပါ။ 
သမ္မာကျမ်းစာမှ ရက်တို့သည် ညဦး၊ နံက်ဟူ၍ဆိုပြီး၊ အလင်း၊ အမှောင် စသော ကာလကိုပြဆိုသောကြောင့် နှစ်ပေါင်းများစွာသော အလင်း တွင်၄င်း၊ နှစ်ပေါင်းများစွာသော အမှောင်တွင် လူတို့သည် အသက်ရှင်ရန် လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါလေ၊ ထို့အတူ လူတို့သည်နှစ်ပေါင်း ရာ၊ထောင်သောင်းမက များစွာ အသက်ရှင် လာရန် ဆင့်ကဲဖြစ်ခြင်းအယူအဆ အတိုင်းလည်းလူသည် စောင့်ဆိုင်း၍နေခြင်း အားဖြင့် လည်းလူမဖြစ်လာနိုင်ပါ။သစ်ပင်၊ ပန်းမာလာတို့သည် လည်း သုံးရက်မြောက်သောနေ့တွင်သာ ဖန်ဆင်းခံရပြီး စောင့်ဆိုင်းခြင်းဖြင့် ခြောက်ရက်မြောက်သောနေ့တွင် ဝတ်မှုံကူးရန်သတ္တဝါများကိုလည်း ဖန်ဆင်းခဲ့ရပေလိမ့်မည် ဟု ဆိုစရာရှိပါလိမ့်မည်။

( ၉ ) ကမ္ဘာမြေကြီးအားခန့်ငြားစွာ ဖန်ဆင်းခြင်း။
အာဒံနှင့် ဧဝတို့သည် ဖန်ဆင်းခံရသောနေ့တွင် လူကြီး အဖြစ်သို့ ရောက်ရှိခဲ့ကြလေသည် ။သစ်ပင် ပန်းမာလာ တို့သည်လည်း ဖူးပွင့်၍ အသီးဝေဝေဆာဆာ ရှိခဲ့ကြသလို ချောင်း၊ အင်း၊ အိုင်၊ ပင်လယ် တို့သည်လည်း စီးဆင်း နေသည်။ ခုနှစ်ရက် မြောက်သောနေ့တွင် အရာအားလုံးတို့က နှစ်ပေါင်းကြာမြင့်သော အချိန်မှ တည်ရှိနေသည့် အသွင်ရှိနေကြပါသည်။ ထို့ကြောင့် ဘူမိဗေဒပညာရှင် တို့က ကျောက်များကို မိမိတို့၏ အထင်အမြင် အပေါ်၌ မှားယွင်စွာ တွက်ချက် ရေတွက် ပြကြခြင်း ပင်ဖြစ်သည်။

( ၁၀ ) ရေလွမ်းမိုးခြင်း။
ရေလွမ်းမိုးခြင်းကို ဆင့်ကဲဖြစ်စဉ် ကိုယုံသောသူများတို့က လက်မခံလိုကြ၊ နောက်ဆုံးသောကာလ၌ပြက်ရယ် ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်း အတိုင်းကျင့်နေ၍ ဖြစ်ဘူးသော လောကဓါတ်ကို ထိုသို့ အားဖြင့် ရေနှင့် လွှမ်းမြုပ်၍ဖျက်ဆီးကြောင်းကို၄င်း၊ ထိုသူတို့သည် မှတ်မိချင်သောစိတ် မရှိကြ ဟူ၍ ပေတရုကအတိအလင်းဆိုထားလေသည်ကို အရှင်းသားတွေ့ရပေသည်( ၂ ပေ ၃း၃-၆)။ကမ္ဘာနှင့် အဝှမ်းကြီးစွာသော ရေကြီးခဲ့ခြင်းကို ကမ္ဘာဦး ကျမ်းက မှတ်တမ်း တင်ပေးထားသည်။ကျောက်ဖြစ်ရုပ်ြွကင်းနှင့် နေရာ အနှံ့မှ ဗိသုကာလက်ရာများနှင့် ကုန်းနေသတ္တဝါတို့၏ ရုပ်အြွကင်းများကိုနေရာအနှံ့အပြားတွင် နှစ်မြုပ်၍ နေခဲ့ကြောင်း သိနိုင်ပေသည။

( ၁၁ ) ဂူအောင်းလူသားသည် ဆင့်ကဲဖြစ်စဉ်အား သက်သေ မပြု။
ကျောက်ဖြစ်ရုပ်ြွကင်း ပညာရှင်တို့သည် လူနေမှု အဆင့် အတန်း နိမ့်ကျသော အခြေတွင် လူတို့ဂူအောင်းကာ နေခဲ့ကြောင်း တွေ့ရှိခဲ့သည်မှာ မှန်သော်လည်း၊၄င်းအရာသည် ကျောက်ခေတ်မှ ယနေ့မျက်မှောက် ခေတ်သို့ ဆင့်ကဲတိုးတက်လာသော ဆင့်ကဲဖြစ်စဉ်ကိုမှားယွင်းစွာ တွေးခေါ်သည်ထက်၊ ၄င်းဂူအောင်း သတ္တဝါ လူသားတို့သည် အကြောင်း အမျိုးမျိုးကြောင်၄င်း၊ ဆိုးဝါး သော အနိဌာရုံဆိုးများကြောင့်သာ လူတို့သည်ဂူအောင်းနေကြရကြောင်း ယောဘ ၃ဝး၁-၈ ဆိုသည့်အတိုင်းသာမှန်ကန်စွာ ယုံကြည် လက်ခံ သင့်ပေသည်။

( ၁၂ ) သက်ရှိသတ္တဝါနှစ်ချီကြာသောဆင့်ကဲဖြစ်စဉ်။
သက်ရှိသတ္တဝါအပေါင်းတို့သည် နှစ်သန်းပေါင်းများစွာ ကာလရှည်ကြာစွာ မရေမတွက် နိုင်သော နှစ်သန်း ချီကြာပြီးမှ လူဖြစ်လာသည် ဟူသော ဆင့်ကဲဖြစ်စဉ် သည်လည်း လုံးဝဖြစ်နိုင်ခြေ မဟုတ်သကဲ့သို့ သမ္မာကျမ်းစာနှင့်လည်း လုံးလုံးဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သေးမွှားသော မူကွဲအရာ ကလေးများ ပေါင်းစုလာရာမှ အလိုအလျှောက်ကြီးထွားလာကာ အသက်ရှိသော သတ္တဝါအဖြစ်သို့ ရောက်လာသည်ဆိုသည်မှာ လုံးဝပင် ယုတ္တိယုတ္တမတန်ပါလေ။ဘုရားဆိုသည့် ဖန်ဆင်းအရှင်ကို လက်မခံလိုသောသူတို့၏ သိပ္ပံနည်းလမ်းအရာလည်းလုံဝ သက်သေသက္ကာယ မပြုနိုင်ပါ၊ သိပ္ပံပညာရှင်တို့ အမြောက်အများ ယုံကြည်ကြသည် ဆိုသည့်အရာမှာ လည်း မှားယွင်းလေ၏။ အကြောင်းအရာမှာ ဆင့်ကဲ ဖြစ်စဉ်ကို လုံးဝမယုံသော သိပ္ပံပညာရှင် အမြောက်အများ ရှိလေသည် ။သမ္မာကျမ်းစာက ရိုးရှင်းစွာပင် ဘုရားသခင်က ဤအရာများကို ဖန်ဆင်းသည်ဟု ဆိုထားသောကြောင့် သမ္မာကျမ်းစာ၏ သွန်သင်ချက်ကို အြွကင်းမဲ့လက်ခံသော သူတို့က ယုံကြည်ခြင်းဖြင့် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို သာလျှင်သက်ဝင် ယုံကြည်ကြသည်။


ခ။ ထိန်းသိမ်းစောင့်မတော်မူခြင်း။

ဤလောက၌ရှိသမျှသောအရာတို့သည် ပျက်စီးခြင်း၊ သေဆုံးခြင်း၊ ပျေက်ကွယ်ခြင်း တို့ကိုသာ ဦးတည်နေပါသည်။ သို့ပါသော်လည်း ပါတ်ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသော အရာများကိုလည်း တွေ့မြင်ရပြန်ပါသည်။ အသက်ဝိညာဉ်သည် တည်မြဲနေသကဲ့သို့ နေသည် ထွန်းတောက်နေမြဲ၊ သီးပင်စားပင်တို့သည် ကြီးထွားဖြစ်ထွန်းနေဆဲ၊ ကြယ်တာရာတို့သည်လည်း သူတို့၏ အငန်းအတာနှင့်အညီ ဆက်လက် တည်ရှိနေမြဲပင်ဖြစ်သည်။ သမ္မာကျမ်းစာက ပျက်စီး ယိုယွင်းခြင်းကို ဦးတည်နေသော ကျွနု်ပ်တို့လောကကြီးအား ဘုရားရှင်က စောင့်ထိန်းတော်မူသည့်အကြောင်းကို ဖေါ်ပြထားပါသည်။
နေဟမိ ၉း၆ တွင် 'ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော်မူ၏၊ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့ကို၄င်း၊ မြေကြီးနှင့် မြေကြီးပေါ်မှာ ရှိရှိသမျ တို့ကို၄င်း၊ ပင်လယ်နှင် ပင်လယ်၌ ပါသမျတို့ကို၄င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော်မူ၏'ဟူ၍ပါရှိပါသည်။ထိုအရာတို့သည် ခရစ်တော်ဘုရားအရှင်အားဖြင့် ထိန်းသိမ်းစောင့်မခြင်းပင်ဖြစ်သည်။ ရှင်ပေါလု၏ စကားအရ ' သားတော်သည်လည်း ခပ်သိမ်းသော အရာ မဖြစ်မှီဖြစ်တော်မူှု ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့် သာတည်ကြ၏' ကောလောသဲ ၁း၁၇၊။ထို့အတူ 'တန်ခိုးတော်နှင့်ပြည့်စုံသော မိမိ အမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော် မူသောသူသည် ' ( ဟေဗြဲ ၁း၃) ခရစ်တော်ဘုရားပင်ဖြစ်တော်မူှု ခရစ်တော်ဘုရား၏ စောင့်မခြင်း မရှိပါက ဤကမ္ဘာလောကကြီးသည် ပျက်စီးသွားကာ လုံးလုံး ကွယ်ပျောက် ကြရပေမည်။

ဂ။ ထောက်မတော်မူခြင်းအကြံအစည်တော်။
ဘုရားရှင်၏ ထောက်မခြင်း လက်တော်သည် သူ၏ အကြံအစည်တော်နှင့် အညီလူသားတို့အပေါ်ထားရှိသော မေတ္တာ အရင်း ခံပင်ဖြစ်သည်။ ထိုအမှုအရာအတွက် ယောသပ်၏ ညီအကိုတို့သည် ကျွန်အဖြစ်ရောင်းစားကြသော်လည်း အဆုံးရလာဒ်ကား လူမျိုးတော်အား ကယ်တင်ရန် အရေးပင်ဖြစ်လေသည်ကို တွေ့မြင်ရလေသည်၊ ' သင်တို့သည် ကျွနု်ပ်ကို ညှင်းဆဲမည် ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည့် အတိုင်း၊ လူသားများအသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည်ကြံတော်မူ၏' ( ကမ္ဘာဦး ၅ဝး၂၀) ဟုယောသပ်သည် အကိုတို့အား စကားပြန်ဆိုခဲ့လေသည်။ ရေတွင်းအနီးတွင် ရှမာရိ အမျိုးသမီး ခရစ်တော်ဘုရားကို တွေ့ဆုံ ဖူးမြင်စေခြင်းက ဘုရားရှင်ယူဆောင်ပေးသော ထောက်မခြင်းပင်ဖြစ်သည်၊ လူယုတ်မာ ဟာမန်လက်မှ ဣသရေလ တို့လွတ်မြောက်ရေးအတွက် ဧသတာ မိဖုရားဖြစ်ကာ ဘုရင့်ပလ္လင်ရှေ့သို့ ရောက်ရန်အခွင့်အလမ်းသည် ဘုရား၏စောင့်မတော်မူခြင်းပင်ဖြစ်သည်။ နိနဝေမြို့သို့ ပြန်လှည့်သွားစေရန် အတွက် ယောနအား မျိုစေရန် ငါးကြီးမှာလည်း ဘုရားရှင်၏ ထောက်မခြင်းပင် ဖြစ်သည်၊ 'မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကိုစီရင်ပြုပြင်တတ်သော 'အရှင်ဖြစ်တော်မူပါသည် (ဧဖက် ၁း၁၁)။ ထို့အတွက်ကြောင့်ပင် ဆိုင်းရပ်စ်က ဣသရေလ လူမျိုးတော်တို့အား ယေရုရှလင်မြို့သို့ ပြန်စေကာ မြို့တော်အား ပြန်တည်စေရန် အခွင့်ပေးလေသည်။ အကယ်စင်စစ် 'ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏' ( ရောမ ၈း၂၈)။ သို့ရာတွင် မကြာမကြာ ယုံကြည်သူတို့က 'ကံကောင်းခြင်း' 'တိုက်ဆိုင်ခြင်း' စသည်တို့သည် အမှန်အားဖြင့် ဘုရားရှင်၏ ထောက်မခြင်းအကြံတော်ပင် ဖြစ်လေသည်။ ကျွနု်ပ်တို့သည် ဆုတောင်းခြင်းဟူသော အံ့ဘွယ်အခွင့်ထူး အခွင့်အရေးအား လက်တွေ့ကျင်းသုံးခြင်းအားဖြင့် ဘုရားရှင်၏ ထောက်မခြင်း အကြံတော်ကို အသက်တာတို့တွင် ပြည့်စုံစေကြောင်း သတိပြုသင့်လှပေသည်။

ကျွနု်ပ်တို့မသိနိုင်သော၊ အလှမ်းကွာ၍ ကူမတော်မမူနိုင်သော ဘုရားမျိုး ကျွနု်ပ်တို့တွင် မရှိတဲ့အတွက် ဘုရားရှင်ကို ချီးမွမ်းပါတယ်။ အားအင်ချည့်နဲကာ ကူမတော် မမူနိုင်သောဘုရား၊ ကျွနု်ပ်တို့အား ဂရုပြုတော်မမူသော ဘုရားအစား အံ့ဩဘွယ် တန်ခိုးကြီးတော်မူပြီး ကျွနု်ပ်တို့ကို ချစ်တော်မူ၍ သူ၏ အဖြစ်တော်ဂုဏ်တော်တို့အား လူတိုင်း သိရှိစေရန် သမ္မာကျမ်းစာတွင် ဖွင့်ပြတော်မူသည်သာမက အထံတော်တွင် ထာဝရ အတူရှိရန် တပါးတည်းသော သားတော်ကို စေလွှတ်ပေးခဲ့သော ဘုရားရှင်

ဘုန်းကြီး၍မင်္ဂလာရှိပါစေသော်ဝ်။

နာမတော်မြတ်၌

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages